ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)အဖွဲ့ဝင်များ အားလုံး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ နှစ်ခုဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အမှုဖွင့်ထားပြီး ဖမ်းဝရမ်း ထုတ်ခံထားရကြောင်း ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြန်ကြားရေးကော်မတီဝင် ကိုဇေယျာအောင်က ဧရာဝတီကို ပြောသည်။
၎င်းက “၅၀၅(ခ)ရယ်၊ သဘာဝဘေးရယ် ပုဒ်မနှစ်ခု တပ်မယ်ပြောတယ်။ အခု အကုန်လုံးက ရှောင်တိမ်းနေရတဲ့ အခြေ အနေ ဖြစ်နေတယ်။ လုပ်စရာ အလုပ်တွေကလည်း ရှိနေသေးတော့ အကုန်လုံး ဖမ်းဆီးခံရလို့လည်း မဖြစ်ဘူးလေ” ဟု ဆိုသည်။
တပ်မတော်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့ဝင် အားလုံးကို ဖမ်းဆီးလိုက်ရုံသာမက ၂၀၂၀ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၀၀ ကျော်ကိုလည်း နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာအတွင်း အကျယ်ချုပ် ချုပ်ထားခဲ့သည်။
ထို့နောက် အာဏာသိမ်း တပ်မတော်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား စည်ပင်ရိပ်သာမှ ဖယ်ရှားရန် နှင့် နေရပ်အသီးသီးသို့ ပြန်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြည် သူ့တာဝန်ကို ထမ်းဆောင်ပါမည် ဖြစ်ကြောင်း စုဝေးကာ ကျမ်းသစ္စာပြုပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
ယခုအခါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် ပါဝင်သည့် CRPH ကော်မတီက အာဏာသိမ်း စစ်ကောင်စီကို လက်နက်အားကိုးဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ဖြုတ်ချခဲ့သည်ဟုဆိုကာ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲနိုင်ရန် ပြင်ဆင် ဆောင်ရွက်နေမှုများလည်း ရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကြိုင်က “သတင်းအရပဲ ကြားသိရပါတယ်။ တိတိကျ ကျတော့ မသိရသေးပါဘူး။ တိုက်ရိုက်တော့ ဘာမှ မရောက်ရှိသေးပါဘူး။ သူတို့လည်း သူတို့ဆောင်ရွက်စရာရှိတာ ဆောင် ရွက်သလို ဒီဘက်ကလည်း ကျနော်တို့က ဥပဒေနဲ့ညီတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဆောင်ရွက်စရာရှိတာ ဆောင် ရွက်နေပါတယ်။ ခုလောလောဆယ်တော့ ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု ယနေ့ နံနက်ပိုင်းက ပြောသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား ထောက်ခံအားပေးနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကို နိုင်၊ ကိုဂျင်မီနှင့် အဆိုတော်လင်းလင်း၊ အင်းစိန်အောင်စိုး၊ မျိုးရန်နောင်သိန်း၊ အိပန်ဆယ်လိုနှင့် မောင်မောင်အေးတို့ ၇ ဦး အား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ဝရမ်းထုတ်ထားကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တပ်မတော်က ကြေညာခဲ့သည်။
၎င်းတို့အနေဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန် ဆိုရှယ်မီဒီယာနှင့် လူမှုကွန်ရက်စာမျက်နှာများကို အသုံးချ လုပ်ဆောင်နေကြောင်း စွပ်စွဲထားပြီး တွေ့ရှိပါက သတင်းပေးကြရန်လည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၅) က ပြုလုပ်သည့် အာဏာသိမ်း စစ်ကောင်စီ၏ အစည်းအဝေး၌လည်း နိုင်ငံတော် တည် ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် စင်ပြိုင်အစိုးရ ဖွဲ့စည်းမှုများအား အရေးယူမည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း သတင်း ထုတ်ပြန်ထားသော်လည်း မည်သို့ အရေးယူဆောင်ရွက်မည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ၏ ဥပဒေဖွင့်ဆိုချက်တွင် မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် (သို့) ထုတ်ပြန်ကြေညာရာတွင် (သို့) ဖြန့်ချိရာတွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်စေသည့် ပြစ်မှုကို တဦးတယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော် လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိ လျှင် (သို့) ထိုသို့ဖြစ်စေတန်ရာသည် အကြောင်းရှိလျှင်ဟု ပြဋ္ဌာန်းထားသည်။
ထိုသို့ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ၂ နှစ်အထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည် ဖြစ်သည်။
You may also like these stories:
စဝ်စံထွန်းဆေးရုံ ကျန်းမာရေးဝန်ထမ်းများ လူထုအကူအညီဖြင့် လွတ်မြောက်
ဆိုက်ဘာဥပဒေမူကြမ်း နိုင်ငံတကာစံနှုန်းနှင့်မညီဟု အမေရိကန်နှင့် EU ကုန်သည်များအသင်းတို့ ထုတ်ပြန်
သံတွဲတွင် ဆန္ဒပြ ကျောင်းသားလူငယ် ၄ ဦး အဖမ်းခံရ