ပြည်တွင်းမှ ပြင်းထန်းသည့် ပဋိပက္ခအခြေအနေများအား ဘက်အသီးသီးမှ စိတ်အေးအေးထားကာ ထိန်းချုပ်ပြီး အကြမ်းမဖက်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ပြောခဲ့ကြောင်း တရုတ် သံရုံးက သတင်းထုတ်ပြန်လိုက်သည်။
“လက်ရှိမှာ မြန်မာနိုင်ငံ ပြည်တွင်းရဲ့အခြေအနေဟာ အရမ်းပြင်းထန်နေပြီး အတိုက်အခံပဋိပက္ခ အခြေ အနေဟာ လည်း ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ ဘက်အသီးသီးမှ စိတ်အေးအေးထား၍ မိမိကိုယ်ကို ထိန်းချုပ်ပြီး ပဋိပက္ခကို ပြင်းထန်စေသော၊ အခြေအနေကို ပိုမိုပြင်းထန်စေသော ကိစ္စရပ်များကိုရှောင် ရှားဖို့ ကျွန်တော်တို့ မျှော်လင့်ပါ တယ်။ လက်ရှိအခြေအနေမှာ အထူးသဖြင့် အကြမ်းမဖက်သင့်ပါဘူး။ ပြည်သူလူထုရဲ့ အခြေခံအခွင့်အရေးကို ထိန်းသိမ်းကာကွယ်ပေးရပါမယ်”ဟု ၎င်းကပြောသည်။
၎င်းအနေဖြင့် ပြည်တွင်းသတင်းမီဒီယာအချို့၏ မေးမြန်းမှုကို စာဖြင့်ရေးသားကာ ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာ့နိုင်ငံရေးအခြေအနေအား ဆွေးနွေးရေးဖြင့် နည်းလမ်းရှာဖွေဖြေရှင်းကာ ပုံမှန်လမ်းကြောင်းပေါ်သို့ အမြန် ဆုံးပြန်လည်ရောက်ရှိရေး မျှော်လင့်ကြောင်းလည်း ပြောထားသည်။
ယင်းအပြင် အာဆီယံနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့၏ ကြားဝင်ဆောင်ရွက်ကြိုးပမ်းမှုကိုလည်း တရုတ်နိုင်ငံက ထောက်ခံအားပေးပြီး အပြုသဘောဆောင်သည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဖော်ဆောင်လှုပ်ရှားမှုများကလည်း မြန်မာ့နိုင်ငံရေးနှင့် လူနေမှုအဖွဲ့အစည်း တည်ငြိမ်ရေးကို အထောက်အကူပြုသင့်ပြီး ပဋိပက္ခပြင်းထန်လာစေမှုများအား ရှောင်ရှားသင့်ကြောင်းကိုလည်း ပြောခဲ့သည်။
လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် တရုတ်နည်းပညာသမားများနှင့် Firewall တည်ဆောက်နေကြောင်း၊ တရုတ်မှ လေယာဉ်များဖြင့် လက်နက်များတင်လာကြောင်း၊ တရုတ်စစ်သားများ မြန်မာတွေ့နေရကြောင်း စသည့်ပြောဆိုမှုများသည် အခြေအမြစ်မရှိကြောင်းလည်း ဆိုသည်။
ထို့အပြင် တရုတ်အနေဖြင့် မြန်မာ့လက်ရှိ အခြေအနေကို များစွာ ဂရုပြုနေကြောင်း၊ မြန်မာ့နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု ဖြစ်ပေါ်မှုနှင့် စပ်လျဉ်း၍ ကြိုတင်သိထားခြင်း မရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ တပ်မတော် နဲ့ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် အတွက် သဘောထားကွဲလွဲမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေမူဘောင်အတွင်းမှ နိုင်ငံရေးနဲ့ လူနေမှုအဖွဲ့အစည်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် မျှော်လင့်ကြောင်းလည်း ပါရှိသည်။
လက်ရှိတွင် တရုတ်သံရုံးရှေ့ သို့ လာရောက်ကာ ဆန္ဒပြနေမှုများကြောင့် တရုတ်သံရုံး ဝန်ထမ်းအချို့ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ထားကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
You may also like these stories:
အာဏာသိမ်း တပ်မတော်က CRPH အဖွဲ့ဝင်များကို ဖမ်းဝရမ်းထုတ်ထား
စဝ်စံထွန်းဆေးရုံ ကျန်းမာရေးဝန်ထမ်းများ လူထုအကူအညီဖြင့် လွတ်မြောက်