တပ်မတော်မှ အာဏာသိမ်းလိုက်ပြီး ၁၆ ရက်အကြာ ယနေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဝက်ဘ်ဆိုက် အပါအဝင် တပ်မတော်သတင်းမှန်ပြန်ကြားရေးဝက်ဘ်ဆိုက်နှင့် အစိုးရဌာနဝက်ဘ်ဆိုက် အချို့ ဟက်ကာတို၏ Cyber တိုက်ခိုက်မှုကို ခံရကြောင်း သိရသည်။
တိုက်ခိုက်မှုကို Myanmar Hackers အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ၎င်းတို့၏ Facebook တွင် ကြေညာထားသည်။
“ကျနော်တို့ ရည်ရွယ်ချက်က အာဏာသိမ်းစစ်အစိုးရ မဖြစ်မနေ ပြုတ်ကျရေး ဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်း စစ်အစိုးရကို ထောက်ကန်ပေးနေမယ့် ဒေါက်တိုင် ဌာနတွေ ၊ လုပ်ငန်းတွေကို Online မှာ အပြုတ်တိုက်ကြရမှာ ဖြစ်ပါတယ်” ဟု Myanmar Hackers အဖွဲ့က ကြေညာထားသည်။
Myanmar Hackers အဖွဲ့သည် “သင့်လက်နဲ့ Hack ပါ၊ သင်ကိုယ်တိုင် ပါဝင်ပါ ဆိုသည့် လူတိုင်း ဆိုက်ဘာတိုက်ခိုက်မှု လုပ်နိုင်သည့် blog link တခုကို လူမှုကွန်ရက်တွင် ဖြန့်ဝေထားပြီး ယင်းလင့်ခ်မှ တဆင့် လူထုကို ဆိုက်ဘာတိုက်ခိုက်မှုတွင် ပါဝင်စေခြင်းဖြစ်သည်။
လက်ရှိတွင် ဗဟိုဘဏ် ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ၊ မြန်မာ့ကုန်သွယ်ရေး ၊ အကောက်အခွန်ဦးစီးဌာန ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေး ၊ မြဝတီတီဗီ ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အပါအဝင် ပုဂ္ဂိလိက မီဒီယာတချို့၏ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်နေခြင်းဖြစ်သည်။
ဧရာဝတီက ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီတွင် အဆိုပါဝက်ဘ်ဆိုက်များအားဝင်ရောက်လေ့လာကြည့်ရာ ဗဟိုဘဏ် ဝဘ်ဆိုက်အပါအဝင် တပ်မတော်သတင်းမှန်ပြန်ကြားရေး ၊ တပ်မတော်ပိုင် မြဝတီ တီဗီဝက်ဘ်ဆိုက်နှင့် မြန်မာ့ကုန်သွယ်ရေး ဝက်ဘ်ဆိုက်တို့သည် ဝင်ကြည့်၍ မရဘဲဖြစ်နေသည်။
ရန်ကုန်မြို့တွင် နေထိုင်သည့် နည်းပညာကျွမ်းကျင်သူတဦးကမူ ဗဟိုဘဏ်အပါအဝင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဝက်ဘ်ဆိုက်များသည် DDoS တိုက်ခိုက်မှုဆိုသော ဆိုက်ဘာတိုက်ခိုက်မှုကို ခံလိုက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
“DDoS Attack လို့ခေါ်တယ်။ အဓိကက ဝက်ဘ်ဆိုက်တွေရဲ့ ဒေတာဝင်ကြည့်တဲ့ traffic ကို သူက အရှိန်အဟုန်နဲ့ အရမ်းများအောင်လုပ်လိုက်တယ်။ ကြည့်တဲ့နှုန်း အရမ်းများသွားတဲ့အတွက် ဝက်ဘ်ဆိုက်က ပြန်ပြီးတော့ ဒေတာပြန်မချပေးနိုင်လို့ ပြုတ်ကျသွားတာပါ။ အဲဒီလိုဖြစ်အောင်လုပ်ထားတာပါ” ဟု ၎င်းက သုံးသပ်သည်။
You may also like these stories:
လက်နက်မဲ့ ပြည်သူတွေကို မပစ်ခတ်ဖို့ အနုပညာရှင်များ တောင်းဆို
ဗဟိုဘဏ် ဝန်ထမ်းများ CDM မှာ ပါဝင်ကြဖို့ အနုပညာရှင်များ မေတ္တာရပ်ခံ
အနုပညာရှင် မျိုးဆက်သစ်တွေရဲ့ လက်ရှိ နိုင်ငံရေးအပေါ် သဘောထား