ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဖြုတ်ချခံလိုက်ရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရသက်တမ်းအတွင်း တရုတ်နှင့် စီးပွားရေးဆက်ဆံမှု အားနည်းသွားကြောင်း အချက်အလက်များက ပြသနေကြောင်း ဂျပန်သတင်းဌာန Nikkei Asia ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသက်တမ်းအတွင်း စီးပွားဆက်ဆံမှုများသည် အနောက်ဖက်သို့ ပိုမိုကျယ်ပြန့်လာပြီး တရုတ်နိုင်ငံသို့ပေးဆပ်ရမည့် ကြွေးမြီသည် ၂၆ ရာခိုင်နှုန်းကျဆင်းသွားကြောင်း၊ အနောက်နိုင်ငံများနှင့် ကုန်သွယ်မှုမှာလည်း တိုးတက်လာပြီး တရုတ်နှင့် ကုန်သွယ်ရေး လိုငွေပြမှုလည်း ကျဆင်းသွားကြောင်း သတင်းက ဆိုသည်။
အမေရိကန်နှင့် ဥရောပတို့က အရေးယူပိတ်ဆို့မှုများ ချမှတ်ပါက စီးပွားရေးအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သွားပြီး စစ်အစိုးရသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ သက်ရောက်မှုများကို တိုးချဲ့နေသည့် တရုတ်နိုင်ငံဖက်သို့ ပြန်လှည့်သွားနိုင်သည်။
Refinitiv ၏ အဆိုအရ အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံတွင် BRI နှင့်ပတ်သက်သည့် ငွေကြေးပံ့ပိုးမှုမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ဒေါ်လာ ၃၀၄.၁ ဘီလျှံအထိရှိပြီး ထိုနိုင်ငံများ၏ နှစ်စဉ်အသုံးစရိတ်ထက်ဝက်နှင့် ညီမျှသည်။
ထိုနိုင်ငံများအနက် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့သည် တရုတ်နိုင်ငံကို အကြီးအကျယ်မှီခိုရသော နိုင်ငံ ၃ နိုင်ငံဖြစ်နေသည်။ မြန်မာနိုင်ငံအတွက် တရုတ်ကငွေကြေးထောက်ပံ့ခြင်းသည် အင်ဒိုနီးရှားကို ထောက်ပံ့သောပမာဏထက် သုံးပုံတပုံ နည်းသော်လည်း ထိုအရှေ့တောင်အာရှ သုံးနိုင်ငံလုံးသည် တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေ လက်ခံရယူထားသည့် ပမာဏသည် ၎င်းတို့၏ နှစ်စဉ် ဘဏ္ဍာရေးအသုံးစရိတ်၏ ၁.၆ ဆမှ ၂ ဆ အထိ မြင့်မားကြောင်း Nikkei Asia က ရေးသည်။
ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့နှင့် ကုန်သွယ်မှုမှာ တိုးတက်လာသော်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အကြီးမားဆုံးတင်သွင်းသူနှင့်တင်ပို့သူနိုင်ငံဖြစ်နေပြီး မြန်မာ့ကုန်သွယ်ရေး၏ ၃၀ ရာခိုင်နှုန်းကျော် ရှိသဖြင့် စီးပွားရေးအရ ဩဇာရှိသည်။
သို့သော် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ခပ်ခွာခွာနေရန် ကျိုးပမ်းလာပြီး အိမ်နီးချင်းအင်အားကြီး နိုင်ငံ၏ ဝါးမြိုမခံရရန် ကြိုးစားခဲ့သည်။
ကမ္ဘာ့ဘဏ်၏အဆိုအရ မြန်မာက တရုတ်သို့ ပေးဆပ်ရမည့် ကြွေးမြီသည် ၂၀၁၉ ခုနှစ်ကုန်တွင် ဒေါ်လာ ၃.၃၄ ဘီလျှံရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာသော ၂၀၁၅ ခုနှစ် နှစ်ကုန်ကထက် ၂၆ ရာခိုင်နှုန်း ကျဆင်းသွာကြောင်း သိရးသည်။ ထိုအချက်သည် အိမ်နီးချင်း လာအိုနှင့်ကမ္ဘောဒီးယားတို့တွင် တရုတ်ထံမှချေးငွေ ၇၂ ရာခိုင်နှုန်းနှင့် ၃၄ ရာခိုင်နှုန်း အသီးသီးတိုးလာခြင်းနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။ တချိန်တည်းတွင် ပြည်ပကြွေးမြီများတွင် တရုတ်ကိုပေးဆပ်ရမည့်ကြွေးမြီအချိုးအစားသည် ၂၀၁၅ ခုနှစ် ၄၅ ရာခိုင်နှုန်းရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းသို့လည်း ကျဆင်းသွားသည်။
မြန်မာန်ိုင်ငံသည် ကြွေးမြီပြန်မဆပ်နိုင်ပါက ဘေ့ဂျင်းသို့ အရေးပါသော အခြေခံအဆောက်အအုံများကို ထိုးအပ်ရမည့် အကြွေးထောင်ချောက်အန္တရာယ် ရှိနေသည်။ မြန်မာနိုင်ငံသည် ထိုကိစ္စကို ကောင်းစွာသိသည်။
ထိုသို့ မူဝါဒပြောင်းလဲလာခြင်း ဥပမာတခုမှာ အိန္ဒိယ သမုဒ္ဒရာရှိ ကျောက်ဖြူဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းကို ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ ထိုဆိပ်ကမ်းသည် ယူနန်ပြည်နယ်သို့ ရေနံနှင့်သဘာဝဓါတ်ငွေ့သယ်ဆောင်ပေးသည့် ၈၇၀ ကီလိုမီတာရှည်သော ပိုက်လိုင်းနှင့်လည်း ဆက်စပ်နေသည်။ ကြီးမားသော သင်္ဘောကြီးများ ကျောက်ဖြူသို့ဆိုက်ကပ်နိုင်ပါက အရှေ့အလယ်ပိုင်းနှင့်အာဖရိကမှ ရေနံနှင့်သဘာဝဓါတ်ငွေ့များသည် ပထဝီနိုင်ငံရေး ချုပ်ကွက်ဖြစ်သော မလက္ကာရေလက်ကြားကို မဖြတ်သန်းဘဲ တရုတ်နိုင်ငံကုန်းတွင်းပိုင်းသို့ သယ်ဆောင်နိုင်မည်ဖြစ်သည်။
ထိုစီမံကိန်း၏ မူလအရွယ်အစားမှာ ဒေါ်လာ ၇.၂ ဘီလျှံတန်သော်လည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် အခြေခံသဘောတူညီချက်ရသော အခါ စီမံကိန်းကို ဒေါ်လာ ၁.၃ ဘီလျှံတန်သော စီမံက်ိန်းအဖြစ် ဖြတ်ချလိုက်သည်။ မြန်မာဖက်ကတောင်းဆိုသောကြောင့် စီမံကိန်း၏ အသေးစိတ်များကို ပြင်ဆင်ပေးရသည်။ နောက်ဆက်တွဲ ရင်းနှီးမြှုပ်နှံမှုကို ထိုဆိပ်ကမ်း အသုံးလိုမှုကို သိရှိသောအခါမှသာ ထပ်မံဆုံးဖြတ်တော့မည်ဖြစ်သည်။
တရုတ်နိုင်ငံအပေါ် မှီခိုရမှု သက်သာစေရေး မြန်မာနိုင်ငံ၏ အားထုတ်မှုများသည် လွယ်ကူလှသည်တော့ မဟုတ်ပေ။
ဥပမာအားဖြင့်ဆိုရပါက ၂၀၁၇ ခုနှစ်တွင် အကျပ်အတည်း ပိုမိုပြင်းထန်လာသော ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်ခြင်းကြောင့် ပြည်ပနိုင်ငံများ၏ ပြစ်တင်ဝေဖန်မှုကို ခံရပြီး အနောက်တိုင်းကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းကို သတိထားလာကြသည်။
ထို့အပြင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူရန် စဉ်းစားနေသဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် မလွှဲမရှောင်သာ ရပ်တန့်သွားမည့်သဘောရှိသည်။
စစ်အစိုးရသည် ပိုမိုချောင်ပိတ်ခံရပါက ချဉ်းကပ်ရမည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပုံရသည်။ တရုတ်နိုင်ငံသည် သမိုင်းဝင် ဆက်ဆံရေးရှိပြီး အရေးယူပိတ်ဆို့မှုများကိုလည်း မထောက်ခံသော နိုင်ငံဖြစ်သည်။
သို့သော် စစ်အစိုးရသည် ၎င်းတို့ လိုလားသည်ကို ရမည် မရမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
နေ့စဉ်နှင့်အမျှ ရန်ကုန် သံရုံးရှေ့နှင့် မန္တလေး ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြခံထိနေသော တရုတ်သံရုံးသည် အံ့အားသင့်စရာ ကြေညာချက်တဆောင် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။
မြန်မာ့နိုင်ငံရေးအခြေအနေအား ဆွေးနွေးရေးဖြင့် နည်းလမ်းရှာဖွေဖြေရှင်းကာ ပုံမှန်လမ်းကြောင်းပေါ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေး မျှော်လင့်ကြောင်း တရုတ်သံအမတ်က ပြောထားသည်။
ယင်းအပြင် အာဆီယံနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့၏ ကြားဝင်ဆောင်ရွက်ကြိုးပမ်းမှုကိုလည်း တရုတ်နိုင်ငံက ထောက်ခံအားပေးပြီး အပြုသဘောဆောင်သည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဖော်ဆောင်လှုပ်ရှားမှုများကလည်း မြန်မာ့နိုင်ငံရေးနှင့် လူနေမှုအဖွဲ့အစည်း တည်ငြိမ်ရေးကို အထောက်အကူပြုသင့်ပြီး ပဋိပက္ခပြင်းထန်လာစေမှုများအား ရှောင်ရှားသင့်ကြောင်းကိုလည်း ပြောခဲ့သည်။
“မြန်မာပြဿနာကို ဘယ်လိုက်ိုင်တွယ်မလဲဆိုတာက အမေရိကန်အပေါ်မူတည်တယ်” ဟု တရုတ်ကွန်မြူနစ်ပါတီ သတင်းရင်းမြစ်တခုက Nikkei သို့ပြောသည်။ လတ်တလောတွင် ဘေ့ဂျင်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဆွေးနွေးရန် ကြိုးစားနေသည်။ ပြီးခဲ့သောအပတ်က တရုတ်နိုင်ငံ၏ ထိပ်ဆုံးသံတမန်နှင့် ကွန်မြူနစ်ပါတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ယန်ကျဲချီက ” ရေရာပြီး အပြုသဘောဆောင်တဲ့ တိုးတက်မှုရဖို့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ဆိုတာဟာ တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံလုံးရဲ့တာဝန်ပဲ” ဟု ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာအာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အခြေအနေစောင့်ကြည့်နေသည့် မူဝါဒမျိုးဘက် အကဲသာနေသည်။ ထို့ကြောင့် စစ်အစိုးရသည် အမေရိကနှင့် ဥရောပမှသာမက တရုတ်ထံမှ ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေထပ်ချေးခွင့်ကိုလည်း ဆုံးရှုံးမည့် အန္တရာယ်ရှိနေသည်။
You may also like these stories:
အမေရိကန်၏ မြန်မာဆန်ရှင်အကြောင်း သိကောင်းစရာ
ယနေ့ ဖွင့်လှစ်ခဲ့သော စစ်တပ်ပိုင်ဘဏ်တချို့ ငွေထုတ်သူများပြား၍ ပြန်ပိတ်ရ