လူထု ရွေးကောက် တင်မြှောက်ထားတဲ့ တည်ဆဲအစိုးရကို ဖြုတ်ချကာ စစ်အာဏာ သိမ်းခဲ့ပြီးတဲ့နောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ နိုင်ငံတဝန်း ဖြစ်ပေါ်လျက် ရှိသလို တရုတ်နဲ့ ရုရှားနိုင်ငံတွေ အနေနဲ့လည်း တပ်မတော်ကို ပံ့ပိုးနေတာတွေ ရပ်တန့်ဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ရှိနေပါတယ်။
မြန်မာ့အရေး ဆွေးနွေးတဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ တရုတ်နဲ့ ရုရှား အနေနဲ့ တပ်မတော်ကို ကာကွယ် မှုတွေ၊ အာဏာသိမ်းမှုကို နောက်ကွယ်က ထောက်ပံ့နေတာတွေ ရှိတယ်လို့ ယုံကြည်ထားတဲ့ လူထုအနေနဲ့ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးနဲ့ ရုရှားသံရုံးတွေ၊ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးတွေ အရှေ့မှာ နေ့စဉ် ဆန္ဒပြနေကြပါတယ်။
ဒီလို ဆန္ဒပြရာမှာ “Shame On You China & Russia”၊ “Stop Supporting Dictators”၊ “China & Russia Secretly Supports Myanmar Military. The World Must Need to Know It” စတဲ့ ပိုစတာဆိုင်းဘုတ်တွေကို ကိုင်ဆောင် ပြီး သံပြိုင် ကြွေးကြော်ကြပါတယ်။
ရုရှားသံရုံးရှေ့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက “စစ်တပ်ကို ရုရှားနဲ့ တရုတ် ထောက်ပံ့နေလို့ ကျနော်တို့တွေ အခုလို ဖြစ်နေရ တာလို့ ယုံကြည်ထားပါတယ်။ အာဏာသိမ်းတဲ့ စစ်တပ်ကို ထောက်ပံ့နေတာတွေ ဒီနေ့ကစပြီး ရပ်လိုက်ပါတော့လို့ ပြော ချင်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ တရုတ်နဲ့ ရုရှားတို့ရဲ့ ရပ်တည်ချက်ကို ပြည် သူလူထုက စောင့်ကြည့်ခဲ့ကြပြီး မတရား အာဏာသိမ်းမှုအတွက် လူထုရဲ့ဆန္ဒကို ထောက်ခံဖို့နဲ့ တပ်မတော်ကို ဖိအားပေး ကန့်ကွက်ဖို့ ထည့်သွင်း တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီအရေး လေ့လာသူ ဦးထက်မင်းလွင်က “အခုက အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနိုင်ငံတွေ ပါဝင် တဲ့ အခါကျတော့ အရင်လို ပြောင်ပြောင်တင်းတင်း မြန်မာပြည်မှာ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ ပုံစံမျိုးတော့ မရှိဘူး။ လူထုရဲ့အလို ဆန္ဒကိုလည်း ထည့်မစဉ်းစာဘဲနဲ့ မရတော့တဲ့ အခြေအနေ ဖြစ်တယ်။ လုံခြုံရေးကောင်စီ ကြေညာချက်ကလည်း တရုတ်နဲ့ ရုရှား သဘောတူပြီးမှ ထုတ်ရတဲ့အနေအထား ဆိုတော့ အရင်လို မျက်စိစုံမှိတ်ပြီးနေလို့ရတဲ့ အခြေအနေမဟုတ်တော့ဘူး လို့ ယူဆပါတယ်။ လူထုရဲ့ ဆန္ဒပြ တောင်းဆိုမှုတွေကလည်း သက်ရောက်မှု ရှိပါလိမ့်မယ်”လို့ သုံးသပ်ပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုတွေကြားကပဲ လူထုက တခဲနက် မဲထွက်ပေးခဲ့ကြ ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကပဲ အစိုးရ ဖွဲ့နိုင်တဲ့အထိ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမယ့် တပ်မတော်က မဲစာရင်းမှားယွင်းမှုကို အကြောင်းပြ၊ မဲမသမာမှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ဖေဖော်ဝါရီ ၁ ရက် နေ့မှာ အာဏာ သိမ်းယူခဲ့သလို ဒီလိုဆောင်ရွက်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာ လွှဲပြောင်းရယူတာ လို့ ပြောဆိုထားပါတယ်။
တပ်မတော်ရဲ့ စွပ်စွဲမှုနဲ့ ပတ်သက်လို့ လူထုက လက်ခံမှုမရှိဘဲ သူတို့ရဲ့ ဆန္ဒမဲတွေကို အသိအမှတ်မပြု၊ လျစ်လျူရှုပြီး လက် နက်အင်အားနဲ့ အာဏာသိမ်းမှုအဖြစ် ရှုမြင်ခဲ့သလို ဒီလို အာဏာသိမ်းမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိ ဘူးလို့ ပြည်ထောင်စုရှေ့နေများနဲ့ အထောက်အကူပြုအဖွဲ့ကလည်း ကြေညာခဲ့ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ဒုသမ္မတက သူ့ကိုယ်သူ ယာယီသမ္မတလို့ ပြောပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲဆိုခြင်းသည် တရားမဝင်ဘူး။ လွှဲခွင့်ကို မရှိဘူး။ ကာကွယ်ရေးဦးစီးချုပ်က ၂၀၀၈ အခြေခံ ဥပဒေပုဒ်မ ၄၁၉ ကို ညွှန်းပြီး ထုတ်ပြန်သမျှ အမိန့်တွေ၊ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့မညီဘူး၊ တရားမဝင်ဘူးလို့ ကြေညာပြီးသားပါ” လို့ ပြောပါတယ်။
အာဏာ မသိမ်းမီမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးတို့ဟာ မြန်မာနိုင်ငံကို လာရောက်ပြီး တပ် မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို အာဏာသိမ်းပြီးနောက် ယခု ရက်ပိုင်း အတွင်းမှာလည်း တရုတ်နဲ့ မြန်မာနိုင်ငံအကြား လေကြောင်း သယ်ယူပို့ဆောင်ရေး ဆက်တိုက်ရှိနေတဲ့အပေါ် လူထုက သံသယ ဝင်နေကြပါတယ်။
တရုတ်အနေနဲ့ ဆက်သွယ်ရေး ကွန်ရက်တွေ ထိန်းချုပ်ဖို့ စက်ပစ္စည်းနဲ့ နည်းပညာတွေ၊ စစ်လက်နက် အကူအညီတွေ ပေး ပို့နေတယ်ဆိုတဲ့ ယူဆချက်၊ စွပ်စွဲချက်တွေ အများအပြား ထွက်ပေါ်လျက် ရှိပေမယ့် တရုတ်ဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး ငြင်းဆိုပါတယ်။
ဒီလေယာဉ်တွေဟာ တရုတ်နဲ့မြန်မာအကြား ပုံမှန်ကုန်တင်လေယာဉ် ခရီးစဉ်ဖြစ်တယ်၊ သယ်ယူပို့ဆောင်တဲ့ ပစ္စည်းက လည်း မြန်မာနိုင်ငံက တရုတ်နိုင်ငံကို တင်ပို့တဲ့ ပင်လယ်စာ စတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် Mr.Chen Hai က ပြည်တွင်း မီဒီယာတွေကို ပြောဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ “အခုကတော့ ခိုးထုပ်ခိုးထည်နဲ့ မိသွားတာပေါ့။ စစ်အာဏာသိမ်းမှုကို အာဏာရှင်တွေကတော့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ထောက်ခံကြတာပါပဲ။ ပြီးရင်တော့ သူတို့ အကျိုးစီးပွားအတွက် အမြတ် ထုတ်ကြတာပါပဲ။ ဒါက အစဉ်အလာကြီးလို ဖြစ်နေပါပြီ” လို့ မှတ်ချက်ပြုပါတယ်။
လူထုကတော့ တရုတ်နဲ့ ရုရှားအပေါ် ကန့်ကွက်ရှုတ်ချမှုတွေ ရှိသလို တရုတ်ရင်းနှီးမြုပ်နှံမှု စီမံကိန်းလုပ်ငန်းတွေ ဆက် မလည်ပတ်ဖို့အတွက် ဝန်ထမ်းတွေအနေနဲ့ CDM လှုပ်ရှားမှုတွေမှာ ပါဝင်လာဖို့၊ တရုတ် ထုတ်ကုန်ပစ္စည်းတွေကို အတတ် နိုင်ဆုံး မသုံးခြင်းဖြင့် ဆန့်ကျင်ကြဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်လာပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုအနေနဲ့ တရုတ်နဲ့ ရုရှားသံရုံးတို့ရှေ့ ဆန္ဒပြကြသလို အမေရိကန်၊ ဂျပန်၊ ကုလ သမဂ္ဂ(UN)ရုံးတို့လို နိုင်ငံတကာ သံရုံးတွေရှေ့ ဆန္ဒပြနေကြပေမယ့် အခြေအနေခြင်းတော့ မတူညီပါ။
တရုတ်နဲ့ရုရှား သံရုံးတို့ရှေ့မှာ တပ်မတော်ကို ထပ်ပြီးမပံ့ပိုးဖို့၊ လူထုဆန္ဒမဲရလဒ်ကို အလေးထားဖို့ ဆန္ဒပြနေကြတာဖြစ် ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကိုတော့ လူထုကို ကူညီပေးဖို့နဲ့ အာဏာသိမ်းမှုကို ကန့်ကွက်ကာ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အမေရိကန် အနေနဲ့ တပ်မတော်ခေါင်းတွေနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်နေသလို ထပ်မံပြီးတော့လည်း အရေးယူမှုတွေ ရှိလာနိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာပြည်သူလူထုကတော့ ဒီလို အရေးယူပိတ်ဆို့တာတွေအပြင် ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ အာဏာ သိမ်း စစ်ခေါင်းဆောင်တွေကို အရေးယူဖို့အထိ တောင်းဆိုတာ တွေ့ရပါတယ်။
ဒီနေ့ဆိုရင် တပ်မတော်က အာဏာသိမ်းတာ ၁၇ ရက်မြောက်နေ့ ရှိပြီဖြစ်ပါတယ်။
နိုင်ငံတဝှမ်းမှာ လူထုအလွှာ အသီးသီး ပါဝင်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ ဝန်ထမ်းတွေရဲ့ CDM လို့ခေါ်တဲ့ အလုပ်မတက်ဘဲ အာဏာဖီဆန်မှုတွေဟာ တဖြည်းဖြည်း အားကောင်းလာနေသလို တပ်မတော်ကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေတယ်လို့ ယူဆထားတဲ့ တရုတ်နဲ့ရုရှား နိုင်ငံတွေအပေါ် ပြစ်တင်ရှုတ်ချတဲ့ ဆန္ဒပြမှုတွေဟာလည်း အရှိန်မြင့်တက် လျက် ရှိပါတယ်။
You may also like these stories:
ဝင်ငွေအခက်အခဲဖြစ်လာမည့် CDM ဝန်ထမ်းများကို ပံ့ပိုးကူညီရေး စတင်
ဗဟိုဘဏ်အပါအဝင် တပ်မတော် ဝက်ဘ်ဆိုက်အချို့ တိုက်ခိုက်ခံရ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ အာဏာသိမ်း စစ်ကောင်စီ ပြင်ဆင်