တပ်မတော် အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြနေစဉ် အဖမ်းခံခဲ့ရသည့် သံတွဲမြို့မှ ကျောင်းသားနှင့် ပြည်သူ ၄ ဦးကို ငြိမ်းစုစီဥပဒေဖြင့် ယနေ့တရားစွဲလိုက်ကြောင်း သိရသည်။
အဖမ်းခံရသူများ လွတ်မြောက်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးနေသူ ဦးခင်ဝင်းက “အခုက ဘာမှ ညှိနိုင်းလို့ရတဲ့ အခြေအနေကို မရောက်သေးဘူး၊ တရားစွဲလိုက်ပြီဆိုတာလည်း ခုလေးတင်မှ သူများတွေပြောလို့သိရတယ်၊ တိုက်ရိုက်အကြောင်းကြားတာမျိုး မရှိပါဘူး” ဟု ပြောသည်။
ဖမ်းဆီးခံထားရသူများမှာ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးဘဲ၊ ငပလီရှိ ခ.လ.ရ (၅၅) တပ်ထဲတွင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း မိသားစုဝင်တဦးထံမှသိရသည်။
ဖမ်းဆီးခံရသူ ကိုရန်ပိုင်ထွေး၏မိခင် ဒေါ်ခင်မာအေးက “ကျမတို့ဘဝမှာ အခက်အခဲတွေအများကြီးကေျာ်လွှားဖြတ်သန်းခဲ့ရလို့ သူတို့ကို တားမြစ်တာမျိုးသိပ်မလုပ်ခဲ့ဘူး၊ ကလေးသဘာဝ သွားပါစေလို့ သဘောထားတယ်၊ အခုလိုဖြစ်တဲ့အတွက် ကလေးကို အပြစ်မပြောချင်ပါဘူး၊ သူတို့အနေနဲ့ ပြည်သူကို ဒီလောက်ထိ မရက်စက်သင့်ဘူး” ဟု ဧရာဝတီသို့ပြောသည်။
၎င်းကဆက်၍ “ကျမသား အခုလို အဖမ်းမခံရခင် ဆန္ဒပြဦးဆောင်တဲ့ တယောက်အိမ်ကို ရဲနဲ့ စစ်တပ်က လာဝိုင်းတော့ သူ့ဖုန်းနဲ့ ဓာတ်ပုံရိုက်တယ်၊ Live လွှင့်ခဲ့တယ်၊ ဒါကို ရပ်ကွက်ထဲကနဲ့ ရဲက ဓာတ်ပုံရိုက်ထားတယ်။ ဒါကိုအငြိုးထားပြီးလုပ်တယ်လို့ ထင်တယ်”ဟု ရှင်းပြသည်။
ဆန္ဒပြသည့် ၈ ရက်မြောက်နေ့ ဖြစ်သည့် ယမန်နေ့ နံနက်ပိုင်းတွင် ကျောင်းသားနှင့် ပြည်သူများအား ရဲနှင့် အရပ်ဝတ်အမျိုးသားများက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကျောင်းသားတဦးနှင့် ပြည်သူ ၂ ဦး ဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့ဖမ်းဆီးခံရသူ ၃ ဦးအားလွှတ်ပေးရန် ဆက်လက်၍ ထိုင်သပိတ်ဆင်နွှဲကာ တောင်းဆိုနေသူများအား ထပ်မံဖြိုခွဲကာ အမျိုးသား ၁ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။
အဖမ်းဆီးခံရသူများမှာ မမြမြဝင်း၊ ကိုအောင်ခိုင်မြင့်၊ ကိုရန်ပိုင်ထွေးနှင့် သူတို့ ၃ ဦး လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြသည့် ဦးခင်မောင် တို့ဖြစ်ကြသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူ တဦး က “မနက်ဖြန် လမ်းပေါ်မထွက်ဘူးဆိုရင် ဖမ်းထားတဲ့သူတွေ အဆင်ပြေပါလိမ့်မယ်လို့ ပြောလို့၊ ဒီနေ့ လူတွေက လမ်းပေါ်မထွက်ဘဲ နေကြတယ်၊ ဒါပေမယ့် ပြန်မလွှတ်ဘဲ ခုလို ချက်ချင်းတရားစွဲတာ” ဟု ပြော သည်။
သံတွဲမြို့တွင် ဖေဖော်ဝါရီ ၈ ရက်နေ့ကစတင်ခဲ့သည့် အာဏာသိမ်းမှုအလိုမရှိကြောင်း လူထုဆန္ဒပြပွဲတွင် ကျောင်းသားများ၊ ပညာရေးဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
You may also like these stories:
နိုင်ငံတကာမှာပါ စစ်ကောင်စီအဖွဲ့ကို တရားစွဲဆိုပါမယ်