သတင်း

ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရကြောင်း ရခိုင် ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒု-ဥက္ကဋ္ဌ ဦးစိုးလေးက ပြောသည်။  

၎င်းက လာမယ့် ၂၂ ရက်နေ့ မှာ ဦးညီပုကို စစ်တွေမှာ ရုံးထုတ်မယ်လို့ သိရတယ်။ ပုဒ်မကတော့ ၅၀၅ (ခ) နဲ့ စွဲထား တယ်။ ဘာကြောင့် ၅၀၅ (ခ) နဲ့ အမှုဖွင့် တရားစွဲတယ် ဆိုတာကိုတော့ မသိရသေးဘူးဟု ဧရာဝတီကို ပြောသည်။ 

ထို့ပြင် အမှုဖွင့်ခဲ့သည့်နေ့၊ တရားလို အပါအဝင် မည်သည့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း ၎င်းအနေဖြင့် တိတိ ကျကျ မပြောနိုင်သေးကြောင်း၊ ယခုဖြစ်စဉ်မှာ NLD ခေါင်းဆောင်များကို အပြစ်ရှာပြီး ဖမ်းဆီးခြင်းသာ ဖြစ်သည့် အတွက် တရားဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ဦးစိုးလေးက ရုံးထုတ်ပြီး စစ်ဆေးမယ်ဆိုတော့ ကျနော်တို့ ဘက်ကတော့ ဒီအမှုကို လိုက်ပါပေးဖို့အတွက် ရှေ့နေတွေ ခေါ်ပြီး အမှုကို ရင်ဆိုင်သွားမယ်။ ဥပဒေအရ အမှုကို မှန်မှန်ကန်ကန်ဖြစ်ဖို့ ပဲလိုတယ်။ ကျနော်တို့ဘက်က မတော်မတရား လုပ်ခဲ့တာ မရှိဘူးဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းချိန်တွင် တပ်မတော်သားများက ဦးညီပုကို ပထမတကြိမ် ဖမ်းဆီးသွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထားသည့် ဦးညီပုအား ထပ်မံဖမ်းဆီးခဲ့ ပြီးနောက် ယခုကဲ့သို့ ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံရခြင်းလည်း ဖြစ်သည်။ 

လက်ရှိတွင် ဦးညီပုကို မည့်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မိသားစုဝင်များနှင့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် မသိသေးသလို ၎င်း၏ ကျန်းမာရေးအတွက်လည်း မိသားစုဝင်များက စိုးရိမ်လျက်ရှိသည်။ 

ဦးညီပု၏ သမီးဖြစ်သူ မကြည်ကြည်ဦးက ဒီကနေခေါ်သွားတဲ့နေ့က စပြီးတော့ ဘယ်မှာထားတယ်၊ ဘာဖြစ်နေတယ်ဆို တာ အခုအချိန်ထိ ကျမတို့ ဘာသတင်းမှ အဆက်အသွယ် မရသေးပါဘူး။ ကျန်းမာရေးအတွက် အဓိက စိုးရိမ်နေမိပါ တယ်ဟု ပြောသည်။ 

ဦးညီပုကို ထပ်မံဖမ်းဆီးသည့်နေ့တွင် ဂွမဲဆန္ဒနယ်မှ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်ကိုလည်း  ဖမ်းဆီးခဲ့သလို ဖေဖော်ဝါရီ ၉ ရက်တွင် တောင်ကုတ်မြို့နယ် NLD ပါတီဝင် ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုးတို့ကို ဖမ်းဆီးခဲ့ သည်။ 

ထို့ပြင် ယနေ့ နံနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၃ ဦးကို တပ်မတော်သားများက လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံ ပါတီဝင်များထံမှ သိရသည်။ 

အဆိုပါ ဖမ်းဆီးခံရသည့် NLD ပါတီဝင်များမှာ ဦးဇော်ဝင်းအောင်၊ ဦးခင်သက်၊ ဦးချစ်မောင်မောင် တို့ဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ ၃ ဦးအား တပ်မတော်သားများက တောင်ကုတ်မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေ ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ် NLD လူငယ်ခေါင်းဆောင် ဒေါ်ချစ်ချစ်ချော နေအိမ်သို့လည်း ရဲတပ်ဖွဲ့ဝင်များက လာရောက် ရှာဖွေမှု များ ရှိနေသည့်အတွက် မြို့နယ်ပါတီဝင်များမှာ ရှောင်တိမ်းနေရကြောင်း မိသားစုဝင်များက ဆိုသည်။ 

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်၊ အမ်း မြို့နယ်တို့တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲများကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့များက အကြမ်းဖက် လူစုခွဲခြင်း၊ ဆန္ဒပြရာတွင် ပါဝင်သူများကို ဖမ်း ဆီးခြင်းများ ရှိနေပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ထိ အမ်းမြို့နယ်တွင် ၆ ဦး၊ သံတွဲမြို့တွင် ၅ ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။

You may also like these stories:

ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို ထပ်မံထိန်းသိမ်း၊ ရွေး/ကော်အဖွဲ့ခွဲ ဥက္ကဋ္ဌများလည်း အဖမ်းခံရ

သံတွဲတွင် ဆန္ဒပြ ကျောင်းသားလူငယ် ၄ ဦး အဖမ်းခံရ

ရခိုင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၈ ဦး ဖမ်းဆီးခံရ

တောင်ကုတ် NLD ခေါင်းဆောင် ၂ ဦး ဖမ်းဆီးခံရ

Loading