အာဏာသိမ်းပြီး ၁၇ ရက်အတွင်း အာဏာသိမ်း စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် လူ ၅၀၀ နီးပါးကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်သည်။
AAPP မှ ဦးအောင်မျိုးကျော်က “ဒါက လက်လွတ်စပယ် ဥပဒေမဲ့ မတရားဖမ်းဆီး ချုပ်နှောင်တာတွေပဲ ဖြစ်တယ်။ လူ့အခွင့် အရေးကိုလည်း အကြီးအကျယ် ချိုးဖောက်တာပဲ ဖြစ်တယ်။ သူတို့ရဲ့ အငြိုးအတေးတွေနဲ့ ဖမ်းဆီးနေတာက တချို့ဆို အခု ထိ မိသားစုနဲ့လည်း အဆက်အသွယ်မရဘူး။ ဘာကြောင့် ဖမ်းမှန်းလဲ မသိဘူး။ ဖမ်းဆီးထောင်ချတာတွေက အဖြေမဟုတ် ပါဘူး။ ဒီဖမ်းဆီးမှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်” ဟု ပြောသည်။
AAPP က ဖေဖော်ဝါရီ ၁ ရက်မှ ၁၇ ရက်နေ့အထိ ရရှိထားသည့် စာရင်းများအရ စုစုပေါင်း ဖမ်းဆီးခံရသူ ၄၉၅ ဦးရှိပြီး ၎င်း တို့အနက် ၃၅ ဦးမှာ ပြန်လည် လွတ်မြောက်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ၃ ဦး၊ အမှုဖွင့် ဝရမ်းထုတ်ခံထားရသူ ၃၂ ဦး၊ အမှုဖွင့်ခံထားရသူ ၃ ဦးရှိကြောင်း သိရသည်။
ပြစ်ဒဏ်ချမှတ်ခံရသူ ၃ ဦးမှာ မန္တလေးမြို့မှ အလင်္ကာကြယ်ဆရာတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၏ တောင်ငူမြို့ နယ် အလုပ်အမှုဆောင် ဦးမင်းဆွေနှင့် တက်ကြွလှုပ်ရှားသူ ဦးစောမောင်ကြီးတို့ ဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက် ခေါင်းဆောင် များ ပါဝင်ပြီး ၎င်းတို့ထဲမှ အများစုမှာ မိသားစုဝင်များနှင့် အဆက်အသွယ် မရဘဲ ချုပ်နှောင်ခံထားရကြောင်း ကာယကံရှင် မိသားစုဝင် တချို့က ထုတ်ဖော်ပြောထားသည်။
ထို့ပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့ အပါအဝင် ၇ ဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှု ဖွင့် ဖမ်းဝရမ်းထုတ်ထားကြောင်း၊ အနုပညာရှင်များဖြစ်သည့် ပြေတီဦး၊ ဒါရိုက်တာဝိုင်း၊ ကိုပေါက်၊ လူမင်း၊ ဏကြီးနှင့် အနဂ္ဂ တို့ကိုလည်း ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားကြောင်း တပ်မတော်က ကြေညာထားသည်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ဖမ်းဆီးနေတာတွေက ဥပဒေနဲ့ ဘယ်ညီမလဲ။ ပြည်သူတွေ ဆန္ဒထုတ်ဖော်တာက ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ အခွင့်အရေးရှိတာပဲ။ အဲဒီ အခွင့်အရေးတွေကို ပိတ်ပင်ပြီး ဖမ်းဆီးတာ၊ ပုဒ်မထပ်တိုးတာ၊ ဥပဒေတွေ ပြင်ဆင်တာတွေက လုံးဝ တရားမဝင်ပါဘူး။ သူတို့ကိုယ်၌ကလည်း ၂၀၀၈ အခြေခံဥပဒေအရ ဆင်းသက်လာ တဲ့ အစိုးရ မဟုတ်ဘူးလေ။ အဲဒါကြောင့် သူတို့ရဲ့ နောက်ထပ် ဆောင်ရွက်ချက်တွေကလည်း ပျက်ပြယ်ပါတယ်” ဟု ပြောသည်။
တဖက်တွင်လည်း တရားဝင် ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအား ဖမ်းဆီးဖြုတ်ချကာ အာဏာရယူထားသည့် စစ်ကောင်စီအား နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့် တရားစွဲဆိုရန် မြန်မာနိုင်ငံရှေ့နေများအဖွဲ့က ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို အကြံပြု ပေးပို့ထားသည်။
CRPH အဖွဲ့ဝင်များကိုလည်း စင်ပြိုင်အစိုးရ ဖွဲ့သည်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီက မြို့ နယ်အသီးသီးတွင် အမှုဖွင့် ပြီး ဝရမ်းထုတ်ထားရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် တိမ်းရှောင်နေရသည်။
You may also like these stories:
စင်္ကာပူ ကုန်အမှတ်တံဆိပ်များ သပိတ်မှောက်ရန် လှုံ့ဆော်လာကြ
မုံရွာသပိတ်စစ်ကြောင်း တပ်မတော်သားတဦး ပူးပေါင်း