ဉာဏ်ရည်နှင့် ကိုယ်အင်္ဂါ မသန်စွမ်းသဖြင့် ပြေးလွှာနိုင်ခြင်းမရှိသည့် မသန်စွမ်းသူတဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း မသန်စွမ်းအဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်အဖွဲ့ အစည်းများက သဘောထား ထုတ်ပြန်လိုက်သည်။
အဆိုပါ ကိစ္စရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်က သီးသန့်သဘောထား ထုတ် ပြန်ခဲ့သကဲ့သို့ အခြားမသန်စွမ်း အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်း ၆၀ ခန့်က ထုတ်ပြန်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က “နိုင်ငံသားတွေလည်း ဒီလိုမျိုးပဲ ခံရတာပါပဲ။ ဒါပေမယ့် ကိုယ်ရိုက်လို့မှ လွတ်လွတ်ကျွတ်ကျွတ် မပြေးနိုင်တဲ့ လူတယောက်။ ကိုယ်အင်္ဂါ မသန်စွမ်းရုံမက ဉာဏ်ရည်ပါ ဖြစ်တာဗျာ။ ဒီလိုမျိုး ရဲတွေက ရက်ရက်စက်စက် ရိုက်နှက်ခြင်းသည် အနိုင်ကျင့်တာပဲ” ဟု ပြောသည်။
“ကိုယ်လုပ်တာကို မရှောင်နိုင်တဲ့လူ မခုခံနိုင်တဲ့လူကို ဒီလို လုပ်တယ်ဆိုတာက ပိုပြီးတော့ ရက်စက်ရာ မကျဘူးလား။ ဒါက မသန်စွမ်းသူများ ဥပဒေအပြင်ကို နိုင်ငံတော် တည်ဆဲဥပဒေတွေ အားလုံးနဲ့ မညီပါဘူး” ဟု ၎င်းက ဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲရာတွင် ဉာဏ်ရည်ရော ကိုယ်အင်္ဂါပါ မသန်စွမ်းသူ ကိုဟန်သက်ဇော်ကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
ကိုဟန်သက်ဇော် ရိုက်နှက်ခံရမှု
ကိုဟန်သက်ဇော်သည် ဆန္ဒပြရာနေရာသို့ မိတ်ဆွေသူငယ်ချင်းများနှင့် ရောက်ရှိနေခြင်းဖြစ်ပြီး အမှိုက်လိုက်ကောက်သည့် ပရဟိတအဖွဲ့ကို ဝိုင်းဝန်းကူညီနေစဉ် ရဲတပ်ဖွဲ့၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံရခြင်းဖြစ်သည်။ လဲကျနေစဉ် စစ်သားတဦး ကလည်း ဝင်ရောက် ကန်ကျောက်သည်ကို ရုပ်သံမှတ်တမ်းတွင် တွေ့မြင်ရသည်။
အသက်၂၁ နှစ်အရွယ်ရှိ ကိုဟန်သက်ဇော်သည် မျက်နှာတွင်နှစ်ချက်၊ ကျောတွင် ၅ ချက် ရိုက်ခံထားရပြီး ခြေထောက်များ ဖြင့်လည်း ဝိုင်းဝန်း ကန်ကျောက်ခံထားရကြောင်း ၎င်း၏ မိသားစုထံမှ သိရသည်။
“ကျန်တဲ့လူတွေကတော့ ပြေးတာပေါ့။ သူကတော့ မပြေးနိုင်ဘူး။ ဟေ့ရောင် မပြေးနဲ့လို့ ပြောလိုက်တာနဲ့ သူက မပြေး တော့ဘဲ တနေရာမှာ ပတ်နေရော။ ပတ်တော့ ဝိုင်းရိုက်တာပေါ့။ အဲဒီလိုဖြစ်ပြီးတော့ လဲကျသွားတာ လဲကျသွားတော့ အိမ် နားက အမတယောက်က တွေ့လိုက်လို့ သူ့ကို အိမ်ပြန်ခေါ်လာတာ” ဟု ကိုဟန်သက်ဇော်၏ ဦးလေးက ပြောသည်။
ဆက်လက်ပြီး ၎င်းက “မင်းမဲ့စရိုက်ဆန်စွာနဲ့ အကြမ်းဖက်တာကို လက်မခံပါဘူး။ အဓိကအားဖြင့် ဒီလို ဉာဏ်ရည်မမီတဲ့ ကလေးတယောက်ကို အုပ်စုဖွဲ့ပြီးတော့ လူမိုက်ဆန်ဆန် ရမ်းကားတာတော့ ရှုတ်ချပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာစာချုပ်ကို၂၀၁၁ ခုနှစ် ဇွန်လကတည်းက လက်မှတ် ထိုးထားခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်လည်း မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို တရားဝင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။
“ဘယ်သူပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ဘယ်သူပဲ ကိုင်တွယ်ထားသည် ဖြစ်စေ၊ ဘယ်သူပဲ ထိန်းသိမ်းထားသည် ဖြစ်စေ ဒီပဋိ ဉာဉ် စာချုပ်ပါ အချက်တွေကို လိုက်နာရမယ့် တာဝန်က ရှိပြီးသားဖြစ်တယ်။ အဲဒီမှာ ဘာပါပါလဲဆိုတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ခုခံနိုင်စွမ်းမရှိတဲ့ လူတွေ အကြမ်းဖက်တာ မလုပ်ရဘူး ဆိုတာ အတိအလင်း ပါထားပြီးသား ဖြစ် တယ်” ဟု ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၆ ရက်တွင်လည်း ကိုယ်အင်္ဂါ မသန်စွမ်းသူတဦးဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့မှ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီက လူ ၅၀၀ နီးပါး ဖမ်းဆီးချုပ်နှောင်ထား
စင်္ကာပူ ကုန်အမှတ်တံဆိပ်များ သပိတ်မှောက်ရန် လှုံ့ဆော်လာကြ
မုံရွာသပိတ်စစ်ကြောင်း တပ်မတော်သားတဦး ပူးပေါင်း