ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်သည့် မြန်မာ့တပ်မတော် ထိပ်တန်း စစ်ဗိုလ်ချုပ်များ၏ လုပ်ရပ်ကို တုံ့ပြန်သည့် အနေဖြင့် ၎င်းတို့ကို ဒဏ်ခတ်အရေးယူလိုက်ကြောင်း ဗြိတိန်နှင့် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာန များက ဖေဖော်ဝါရီ ၁၈ ရက်တွင် တရားဝင် ကြေညာလိုက်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက ဗြိတိန်နိုင်ငံသည် ရခိုင်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများ အပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ စစ်ခေါင်းဆောင် ၁၆ ဦးကို ဒဏ်ခတ်အရေးယူထားပြီး အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နောက်ထပ် စစ်ဗိုလ်ချုပ် ၃ ဦး ကို ဒဏ်ခတ်အရေးယူလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ၃ ဦးမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည် ထဲရေး ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်အရ သိရ သည်။
ဗြိတိန်နိုင်ငံရှိ စစ်ဗိုလ်ချုပ်များ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ထားပြီး ဗြိတိန်နိုင်ငံသို့ ပြည်ဝင်ခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း၊ စစ်ဗိုလ်ချုပ်များ၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်နေသည့် ဗြိတိန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်း တချို့ကိုလည်း စစ်ဗိုလ် ချုပ်များနှင့် အဆက်ဖြတ်နိုင်ရေး လုပ်ဆောင်နေကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က “ဒီနေ့မှာတော့ ဗြိတိန်နိုင်ငံဟာ မြန်မာပြည်သူလူထုရဲ့ အာဏာသိမ်းမှု ဆန့် ကျင်ရေး လှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူ ဒဏ်ခတ်လိုက်ပါပြီ။ ကျနော်တို့ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေ တာဝန်ခံနိုင်ရေးကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်း၏ တွစ်တာစာမျက်နှာတွင် ပြောဆိုထားသည်။
ကနေဒါ နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော် ထိပ် ပိုင်းခေါင်းဆောင် ၉ ဦးကို ဒဏ်ခတ်အရေးယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင် ဆန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင် လင်းဒွေးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ဖြစ်သည်။
မြန်မာ့တပ်မတော်သည် အာဏာ သိမ်းပြီးကတည်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းပြီး လူထုအပေါ် ဖိနှိပ် ချုပ်ခြယ်သည့် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ဆန္ဒပြပွဲများကို အင်အားသုံး နှိမ်နင်းခြင်း၊ မတရားဖမ်းဆီးခြင်း၊ သတင်းအချက် အလက် စီးဆင်းမှု၊ လွတ်လပ်စွာ တွေးခေါ် ပြောဆိုခွင့်နှင့် စုဝေးခွင့်များကို ကန့်သတ် တားမြစ်ခြင်းတို့ လုပ်ဆောင်နေ ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်သည်။
ထို့အတူ နော်ဝေ နိုင်ငံကလည်း မြန်မာနိုင်ငံတွင် တပ်မတော်၏ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နော်ဝေနှင့် မြန်မာ ၂ နိုင်ငံ အစိုးရအကြား ဆောင်ရွက်နေသော အသိပညာပေးဆိုင်ရာ အစီအစဉ်အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ် ကြောင်း ကြေညာလိုက်သည်။
အစိုးရခြင်း ဆက်ဆံနေသော အစီအစဉ်များကို ရပ်ဆိုင်းလိုက်သော်လည်း ကုလသမဂ္ဂနှင့် လူမှုအဖွဲ့အစည်းများမှ တဆင့် ပေးအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများကိုမူ ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း နော်ဝေ နိုင်ငံတကာ ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီး Dag-Inge Ulstein က ပြောဆိုထားသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အာဏာသိမ်း မြန်မာ့တပ်မတော် ထိပ်တန်း စစ်ခေါင်းဆောင် ၁၀ ဦးကို ပစ် မှတ်ထား အရေးယူ ဒဏ်ခတ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။
You may also like these stories:
မြန်မာ့စစ်ခေါင်းဆောင် ၁၀ ဦးကို အမေရိကန် ဒဏ်ခတ်အရေးယူ