အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်သည့် အစိုးရဝန်ထမ်းများအပေါ် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်နေသော စစ်ကောင်စီအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ထံ တိုင်ကြားသွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဗဟိုအလုပ်သမားရေးရာကော်မတီက သတင်း ထုတ်ပြန်သည်။
ယခုအခါ CDM လှုပ်ရှားမှုတွင် ပါဝင်ကြသော နိုင်ငံ့ဝန်ထမ်းများကို အတင်းအဓမ္မ အလုပ်ပြန်ဆင်းစေရန် ခြိမ်းခြောက်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်နေသည်ကို ကြားသိရပြီး CDM လှုပ်ရှားမှုကို ဟန့်တားခြင်း၊ အရေးယူဆောင်ရွက်ရန် အားထုတ်ခြင်းတို့သည် ILO ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်း ဖြစ်သဖြင့် ကန့်ကွက်ရှုတ်ချကြောင်း အဆိုပါ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
NLD ဗဟိုအလုပ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဒေါ်အိရွှေစင်ညွန့်က “ကျမတို့ဆီမှာ CDM လုပ်တဲ့ ဝန်ထမ်းတွေ ကို ခြိမ်းခြောက်တာ၊ ဥပဒေမဲ့ ဖမ်းဆီးအရေးယူတာ၊ အတင်းအဓမ္မ စေခိုင်းမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှိနေ ပါပြီ။ ဒါတွေကို ILO ကို ပေးပို့ပြီး အရေးယူပေးဖို့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် CDM လှုပ်ရှားမှုတွင် ပါဝင်နေသော ကျန်းမာရေး၊ ပညာရေး၊ မီးရထား စသည့် အစိုးရဝန်ထမ်း တချို့ကို စစ်ကောင်စီက ဖမ်းဆီးခြင်း၊ အကြမ်းဖက်ခြင်း၊ မိသားစုဝင်များဖြင့် ခြိမ်းခြောက်ခြင်း အပါအဝင် လုပ်ငန်းခွင်ဝင်ရန် အတင်း အဓမ္မ ဖိအားပေး စေခိုင်းခြင်းတို့ကို ကာယကံရှင်များက ပေးပို့သည့် အချက်အလက်များ ရရှိထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဒေါ်အိရွှေစင်ညွန့်က “တိုင်းပြည်က လုံးဝအညွှန့်ကျိုးမယ့် အခြေအနေကို ပညာတတ်တွေက မြင်တဲ့အတွက် ရပ်တည်လာ တယ်။ ဒီလို ပညာတတ်တွေ၊ လက်လုပ်လက်စား၊ သာမန်ဝန်ထမ်းတွေကို မတရားဖိနှိပ်တဲ့ကိစ္စက ကျမတို့ နိုင်ငံက လက် မှတ်ထိုးထားတဲ့ ILO ပြဋ္ဌာန်းချက်အရ ဘယ်အလုပ်ကိုမဆို အတင်းစေခိုင်းခွင့် မရှိပါဘူး။ အစိုးရပဲဖြစ်ဖြစ်၊ စစ်တပ်ကပဲ ဖြစ် ဖြစ် အဲဒီလို စေခိုင်းမှုတွေကို နိုင်ငံတကာက စုပေါင်းပြီးတော့ အရေးယူနိုင်တဲ့ အခြေအနေရှိပါတယ် ” ဟု ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်း၌ CDM လှုပ်ရှားမှုကို စတင်ခဲ့သော ကျန်းမာရေး ဝန် ထမ်းများအနက် ဆေးရုံအုပ်ကဲ့သို့ ရာထူးကြီးသော ကျန်းမာရေး ဝန်ထမ်းများကို လိုက်လံဖမ်းဆီးခြင်း၊ သက်ဆိုင်ရာ ဝန် ကြီးဌာနနှင့် အစိုးရပိုင်ဘဏ်တချို့မှ ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ခြင်း၊ မီးရထားဝန်ထမ်းများကို ရဲတပ်ဖွဲ့ အင်အား အများအပြားဖြင့် အကြမ်းဖက်ဖြိုခွဲခြင်း အပါအဝင် ခြိမ်းခြောက်ကာ လုပ်ငန်းခွင်ဝင်ရန် ဖိအားပေး လုပ်ဆောင်ခြင်းများ ရှိနေ သည်။
CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ရန်ကုန်မှ မီးရထားဝန်ထမ်းတဦးက “ပထမက အနုနည်းနဲ့ လာညှိနှိုင်းတယ်။ နောက် မရတော့ ရဲတွေအများကြီး ခေါ်လာပြီး အင်အားပြ ခြိမ်းခြောက်တာပေါ့။ ဒါတွေလုပ်တာ ဝန်ထမ်းဥပဒေ မညီဘူး ဆိုပြီးတော့ လည်း လာပြောတယ်။ သူတို့ ဘယ်လိုပဲလုပ်လုပ် ကျနော်တို့က အဆုံးထိ တိုက်သွားဖို့ ဆုံးဖြတ်ထားပြီးသားပါ” ဟု ပြော သည်။
မြန်မာနိုင်ငံသည် ILO အဖွဲ့ဝင်နိုင်ငံဖြစ်ရာ ILO ၏ အခြေခံ ပြဋ္ဌာန်းချက်များအနက် အမှတ် ၂၉၊ ၁၀၅၊ ၈၇ နှင့် ၉၈ တို့ကို လိုက်နာရမည်ဖြစ်ပြီး ပြဋ္ဌာန်းချက် အမှတ် ၂၉ နှင့် ၈၇ တို့အား မြန်မာနိုင်ငံမှ သဘောတူ လက်မှတ် ရေးထိုးထားသော ကြောင့် ထိုပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဟု NLD ဗဟိုအလုပ်သမားရေးရာကော်မတီက ထောက်ပြ ထားသည်။
အဆိုပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အလုပ်သမားများသည် ၎င်းတို့၏ ဆန္ဒမပါဘဲ အဓမ္မအလုပ်စေ ခိုင်းခံရခြင်း မရှိစေရ၊ အဓမ္မ အလုပ်ခိုင်းစေခြင်း မပြုရဟု သတ်မှတ် ပြဋ္ဌာန်းထားရာ အလုပ်သမားများသည် မိမိတို့ အခွင့် အရေးအတွက် မိမိတို့ ဆန္ဒအတိုင်း စုပေါင်းအရေးဆိုခွင့်၊ အလုပ်မဆင်းဘဲ ဆန္ဒပြခွင့်ရှိသည်ဟုလည်း ဖော်ပြထားသည်။
You may also like these stories:
ဝင်ငွေအခက်အခဲဖြစ်လာမည့် CDM ဝန်ထမ်းများကို ပံ့ပိုးကူညီရေး စတင်