ရခိုင်ပြည်နယ် အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင် မြို့နယ်များအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ တွင် ပါဝင်သူ ပြည်သူ ၁၈ ဦးထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။
အဆိုပါ ၁၈ ဦးမှာ အမ်းမြို့နယ်မှ ၇ ဦး၊ သံတွဲမြို့နယ်မှ ၄ ဦး၊ တောင်ကုတ်မြို့နယ်မှ ၃ ဦး ၊ မာန်အောင်မြို့နယ်မှ ၂ ဦး ၊ ဂွ မြို့နယ်မှ ၂ ဦးတို့ ဖြစ်သည်။
ဆန္ဒပြမှုကြောင့် ဂွမြို့ပေါ်မှ ဖမ်းဆီးခံထားရသူ ၂ ဦးမှာ ရွာမရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီနှင့် မြို့မရပ်ကွက်မှ ဦးအောင်မင်းစိုးတို့ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဆန္ဒပြပွဲအပြီး အပြန်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဂွမြို့ခံ ဦးစိုးမင်းအောင် က ပြောသည်။
၎င်းက “ဖမ်းသွားတဲ့ နေ့ကတည်းက မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘူး။ ရဲစခန်းကို ပို့တာလည်းမရှိဘူး။ ရမန်ယူ တာလည်း မရှိဘူး။ ဂွအခြေစိုက် ခမရ ၅၆၂ တပ်ရင်းမှာ ဖမ်းဆီးထားတယ်လောက်ပဲ ကြားရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အလားတူ အမ်းမြို့နယ်တွင်း ဖမ်းဆီးခံထားရသူများမှာ အထက်တန်းပြဆရာ ၁ ဦး အပါအဝင် စုစုပေါင်း ၇ ဦး ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ မိုင်ရတနာအောင်၏ မိခင် ဒေါ်တင်တင်အောင်က “အန်တီ့သမီးလေး အခု ရဲစခန်းအချုပ်ထဲမှာ ရှိပါတယ်။ ငြိမ်းစုစီနဲ့ ကိုဗစ် (သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး) ဥပဒေနဲ့ တရားစွဲထားတယ်လို့တော့ ပြောတယ်။ တနိုင်ငံလုံး ပြကြတာမှာ ဒီမှာပဲ ဖမ်းတယ်ဆိုတာတော့ ပြောချင်တယ်။ ဒါပေမယ့် အန်တီတို့မြို့က တပ်မြို့ဆိုတော့ အဖမ်းခံရမှာကို လည်း ကြောက်နေရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ပြောသည်။
အမ်းမြို့နယ်တွင် ဖမ်းဆီးခံထားရသူ အထက်တန်းပြဆရာ ဦးမျိုးအောင်ချိုသည် ဆန္ဒပြရာတွင် ပါဝင်ခြင်း မဟုတ် ဘဲ ကျောင်းသားများ ဆန္ဒပြသည့်အတွက် စိတ်ပူပြီး သွားကြည့်ရာ၌ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင်လည်း သံတွဲမြို့ပေါ် ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့က အကြမ်းဖက် လူစုခွဲခဲ့ပြီးနောက် ကျောင်းသားများ အပါအဝင် လူငယ် ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ ၄ ဦးမှာ ကိုအောင်ခိုင်မြင့်၊ ကိုရန်ပိုင်ထွေး၊ ဦးခင်မောင်နှင့် မမြမြဝင်းတို့ ဖြစ်ပြီး လက်ရှိအချိန်အထိ သံတွဲမြို့မ ရဲ စခန်းတွင် ချုပ်နှောင်ထားကာ မည်သည့် ဥပဒေနှင့် အမှုဖွင့်လှစ်ထားသည်ကိုမူ တိတိကျကျ မသိရကြောင်း မိသားစုဝင်များ က ပြောသည်။
ထိုသို့ ဆန္ဒပြသူများ ဖမ်းဆီးခံရမှု ရှိနေသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင် မြို့နယ်များအတွင်း နေ့စဉ် ပြုလုပ်လျက်ရှိပြီး ယနေ့ (ဖေဖော်ဝါရီ ၁၉) နံနက်ပိုင်းကလည်း စစ်အာ ဏာရှင် အလိုမရှိ ဆိုသည့် ပိုစတာကမ်ပိန်း လှုပ်ရှားမှုကို သံတွဲမြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် ပြုလုပ်ခဲ့ကြ သည်။
You may also like these stories:
CDM ပါဝင်သူများကို အကြမ်းဖက်သည့် စစ်ကောင်စီအား ILO ထံ NLD တိုင်ကြားမည်
အာဏာသိမ်း စစ်ဗိုလ်ချုပ်များကို ဗြိတိန်နှင့် ကနေဒါ ဒဏ်ခတ်အရေးယူ