ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသူ ၁၄ ဦးကို နောင်တွင် ဆန္ဒမပြတော့ပါကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းကာ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ ကျောင်းဆရာမ ၂ ဦးနှင့် ဒေသခံ ၁၂ ဦး၊ စုစုပေါင်း ၁၄ ဦး ဖြစ်ပြီး ၎င်းတို့ ပြန်လည်လွတ်မြောက် လာရေး အတွက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) က ကြားဝင် ညှိနှိုင်း ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ဆရာမ ၂ ဦးအနက် ၁ ဦးမှာ ရိုက်နှက်ခံထားရသဖြင့် ညာဘက်လက်ကောက်ဝတ်တွင် ဒဏ်ရာ ရရှိထားသည်။
PCG မှ ဦးလမိုင်ဂွမ်ဂျာက “ဆရာမတွေ ကျောင်းသားတွေ ဖြစ်တော့ ပြန်လွှတ်ပေးပါဆိုပြီး ကျနော်တို့က စီမံအုပ်ချုပ် ကောင်စီကို အကြောင်းကြားတယ်။ သူတို့ကလည်း အထက်ကို ဆင့်ကဲအကြောင်းကြားပြီးတော့မှ ဒီညနေပိုင်းမှာ သူတို့က ပြန်လွှတ်ပေးတာဖြစ်ပါတယ်” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းထားသည့် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် PCG က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
PCG သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို သွေးထွက်သံယိုဖြစ်အောင် မလုပ်ရန်၊ တားဆီး ပိတ် ပင်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် မပြုလုပ်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တွေ့ဆုံကာ ကြားဝင်ညှိနှိုင်းပေးနေသည့် ဒေသခံရပ်မိရပ်ဖ အဖွဲ့တဖွဲ့ ဖြစ်သည်။
ဦးလမိုင်ဂွမ်ဂျာက “သူတို့အနေနဲ့ ဆူပူလှုပ်ရှားတဲ့ နေရာမှာ မပါဝင်ကြဖို့ အခုတော့ လွှတ်ပေးမယ်။ နောက် တခေါက်ပြန်ပါ ဝင်လာမယ်ဆိုရင် ဥပဒေအရ အရေးယူသွားနိုင်တယ်။ အခု ပုဒ်မ ၁၄၄လည်း ထုတ်ထားတော့ ၅ ဦးထက် ပိုမစုရဆိုတဲ့ ပုံစံ မျိုးပေါ့လေ။ လူစုလူဝေးဖြစ်တော့ သူတို့က ထိန်းသိမ်းရ ဖမ်းရတာ ဖြစ်တယ်လို့လည်း ပြောပါတယ်”ဟု ဆိုသည်။
ဖမ်းဆီးခံရသူ ၁၄ ဦးအနက် ကျောင်းဆရာမ ၂ ဦးသည် ယနေ့မနက်ပိုင်း ၈နာရီခွဲခန့်က မြစ်ကြီးနားပညာရေး ဒီဂရီ ကော လိပ်အနီး ဆန္ဒပြရန် လူစုနေရာ ရဲတပ်ဖွဲ့နှင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များက တုတ်ဖြင့် ရိုက်နှက် လူစုခွဲကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ကျန် ၁၂ ဦးသည် မြစ်ကြီးနားမြို့မဈေးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့နှင့် တပ်မတော်၊ တပ်ဖွဲ့ ဝင်များက တုတ်ဖြင့် ရိုက်နှက်ခြင်း၊ လေးခွများဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် လူစုခွဲရာတွင် ဖမ်းဆီးခံလိုက်ရသူများ ဖြစ်သည်။
You may also like these stories:
မြစ်ကြီးနားတွင် ဆန္ဒပြမည့် ဆရာ/ဆရာမများကို ရိုက်နှက်လူစုခွဲကာ ဖမ်းဆီး
အမြန်ဆုံး ညှိနှိုင်းရန် မဟန ဆရာတော်ကြီးများ အကြိမ်ကြိမ် မေတ္တာရပ်ခံ