ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူထုကို ရိုက်နှက်ဖြိုခွင်းရာ၌ သတင်း ရယူနေ သည့် သတင်းထောက်များကိုလည်း ရဲတပ်ဖွဲ့နှင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များက ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်ဟု သတင်း ရရှိသည်။
ယနေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမည့် ဆရာမများကို ရိုက်နှက်ဖမ်းဆီးခြင်း၊ မြစ်ကြီးနားမြို့လယ်၊ မြို့မဈေးအနီး ဆန္ဒပြနေသည့် ဒေသခံလူအုပ်ကို ရိုက်နှက်ခြင်း၊ လေးခွဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေ သည့် မြင်ကွင်းကို သတင်းရယူနေသည့် သတင်းထောက်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များက လေးခွများဖြင့် ပစ်ခတ်ခြင်း၊ ကင်မရာကို လုယူရန် ကြိုးစားခြင်းများ ပြုလုပ်ခဲ့သည်။
မြစ်ကြီးနားမြို့မဈေးအနီး သတင်းရယူနေစဉ် ထွက်ပြေးခဲ့ရသည့် အမျိုးသမီး သတင်းထောက်တဦးက သတင်းထောက် များသည် ဆန္ဒပြလူအုပ်နှင့် ရောနှောနေခြင်း မရှိဘဲ တဖက်တွင် သီးခြား သတင်းရယူနေသည်ကို ရဲတပ်ဖွဲ့နှင့် တပ်မတော် တပ်ဖွဲ့ဝင်များက လေးခွဖြင့် ဦးတည် ပစ်ခတ်သည် ဟု ပြောသည်။
ထို အမျိုးသမီးသတင်းထောက်တဦးက “Press ဆိုတဲ့ အင်္ကျီတောင် မဝတ်ရဲတော့ဘူး။ အဲဒါ ဝတ်ထားတာနဲ့ သူတို့က ကိုယ့်ဆီ တန်းလာပြီး လာတိုက်ခိုက်တာ။ လေးခွနဲ့ ပစ်တဲ့အချိန်တုန်းက သတင်းထောက်တွေ ရှိတဲ့ဘက်ကို သူတို့က လှမ်းပစ်တာ။ အဲဒါနဲ့ Press ပါတဲ့ ဦးထုပ်၊ အင်္ကျီ အကုန်ချွတ်ပြီးမှ ရုံးတွေ အိမ်တွေကို ပြန်လာရပါတယ်” ဟု ပြောသည်။
အဆိုပါ အမျိုးသမီး သတင်းထောက်သည် ရဲတပ်ဖွ့ဲနှင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များ၏ လေးခွဖြင့် လိုက်လံပစ်ခတ်ခံရခြင်း ကြောင့် သတင်းရယူနေရာမှ ထွက်ပြေးခဲ့ရပြီး ၎င်း၏ ကျောပြင်၊ ခန္ဓာကိုယ်တို့တွင် ၃ ချက် ထိမှန်ခဲ့သည်ဟု သိရသည်။
၎င်းက “ကျမတို့က Press အင်္ကျီ၊ ဦးထုပ်တွေ ဝတ်ပြီး သတင်းသွားယူကြတယ်။ ဒါပေမယ့် အဲဒါ ဝတ်လို့တောင် မရဲတော့ ဘူး။ တပ်မတော်က ကိုယ့်ဘက်ကိုပဲ တည့်တည့်တိုက်ခိုက်သလို ခံစားရတယ်။ အရင်က သတင်းထောက်တွေက လွတ် လွတ်လပ်လပ် သတင်းယူကြတယ်။ အခုက လုံးဝ မလုံခြုံပါဘူး။ ညဆိုရင်လည်း ကိုယ့်ဆီ ဘယ်အချိန်လာမလဲဆိုပြီး အိပ်လို့ မပျော်အောင် မလုံခြုံတဲ့ အခြေအနေပါ” ဟု ပြောသည်။
မနက် ၁၀ နာရီဝန်းကျင်ကလည်း The 74 Media မှ သတင်းထောက်တဦးက မြစ်ကြီးနားဘူတာကြီးအနီး Live လွှင့်ကာ တိုက်ရိုက် သတင်းထုတ်လွှင့်နေစဉ် အရပ်ဝတ်ဖြင့် နယ်ထိန်း ဆိုသူတဦးက ဖုန်းလိုက်လံလုယူသဖြင့် ထွက်ပြေးခဲ့ရသည်။
“မပြေးနဲ့။ မပြေးနဲ့ ပြန်လွှတ်ပေးမှာ၊ ရုံးကို လိုက်ခဲ့၊ ငါက ဒီက နယ်ထိန်း” ဟု ပြောဆိုကာ သတင်း တိုက်ရိုက် လွှင့်နေသည့် ဖုန်းကို လုရန်၊ သတင်းထောက်ကိုလည်း ဖမ်းဆီးရန် လုပ်ဆောင်ခဲ့သည်။
The 74 Media မှ သတင်းထောက်ကလည်း “ကျနော်တို့ သတင်းယူတဲ့ အဖွဲ့တွေကို လိုက်ဆွဲတာပါ။ ပြည်သူလူထုကို အကူအညီတောင်းပြီး ကျနော်တို့ ထွက်ပြေးနေရတာပါ” ဟု သတင်းလွှင့်နေစဉ် ထွက်ပြေးရင်း ပြောဆိုနေသည်ကို တွေ့ရ သည်။
ယနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရန် လူစုနေသည့် ဆရာ၊ဆရာမများကို လုံခြုံ ရေး တပ်ဖွဲ့ဝင်များက ရိုက်နှက်ကာ ဆရာမ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး မြို့လယ်ဈေးအနီး ဒေသခံလူအုပ်ကို ဖြိုခွင်းရာတွင်လည်း အရပ်သား ၁၄ ဦးခန့်ကို အချုပ်ကားပေါ်သို့ ရိုက်နှက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ထိုမြင်ကွင်းများကို သတင်းရယူနေသည့် သတင်းထောက်များကို သတင်းမှတ်တမ်း ဆက်လက်မယူနိုင်ရန် အနှောင့်အ ယှက် ပြုခံရခြင်း ဖြစ်သည်။
မြစ်ကြီးနားဂျာနယ်၏ အယ်ဒီတာချုပ် ဒေါ်ဆိုင်းမိုင် ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက Press အမှတ်အသားပါ ဦးထုပ်၊ အင်္ကျီ၊ လည်ဆွဲကတ်များ ဝတ်ဆင်ထားသည့် သတင်းထောက်များကို ပစ်မှတ်ထားသည့်အပြင် ဖုန်းဖြင့် မှတ်တမ်းယူသူ မည်သူကိုမဆို လေးခွဖြင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟု ပြောသည်။
“ဒီမနက် ဆရာမတွေ ဖမ်းခံရတော့ ကျနော်တို့ သတင်းထောက်က Live လွှင့်တယ်။ သူတို့တွေက ကားနဲ့ ထွက်သွားပြီးမှ Live ကို မြင်လိုက်လို့ ဖြစ်မယ်။ ပြန်လှည့်လာပြီး Live လွှင့်တဲ့နေရာကို လာရှာလို့ သတင်းထောက်က Live ကို ပိတ်ပြီး အိမ်တအိမ်ထဲ ဝင်ပုန်းခဲ့ရတယ်” ဟု ဒေါ်ဆိုင်းမိုင်က ပြောသည်။
တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် မြစ်ကြီးနားမြို့ အခြေစိုက် သတင်း ဌာနများ၊ သတင်းထောက်များကို စောင့်ကြည့်နေကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှတဆင့် ပြောဆို မှုများလည်း ရှိသည်ဟု ဒေါ်ဆိုင်းမိုင်က ဆိုသည်။
PCG သည် ဆန္ဒပြလူထုကို သွေးထွက်သံယို မဖြစ်စေရေးအတွက် တားဆီးခြင်း၊ ပစ်ခတ်ခြင်း မပြုလုပ်ရန်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ညှိနှိုင်းနေသည့် ဒေသခံ ရပ်မိရပ်ဖ အဖွဲ့အစည်းတခု ဖြစ်သည်။
ဆက်လက်ပြီး ဒေါ်ဆိုင်းမိုင်က “ကျနော်တို့ကို ပစ်မှတ်ထားနေမှန်း သိတယ်။ ပြီးတော့ မြောက်ပိုင်းတိုင်းကလည်း ကျနော် တို့ကို ကြည့်နေတယ်ဆိုတာမျိုး PCG က နေ ကြားရတယ်။ သတင်းထောက်တွေကို ကြိမ်းနေတယ် ဆိုတာမျိုး ထပ်ကြား နေရတယ်။ ဒါကြောင့် ကျနော်တို့က သတင်းထောက် ဖြစ်တယ်ဆိုတဲ့ အမှတ်အသားကိုတောင် ဖျောက်ပြီး သတင်းရယူ နေရတဲ့ အနေအထားပါ” ဟုလည်း ပြောသည်။
ဂျာနယ်တိုက်ကို ရောက်လာပြီး သတင်းထောက်များကို ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်မည်ကိုပင် စိုးရိမ်နေရပြီး မြစ်ကြီးနားမြို့၏ လက်ရှိအခြေအနေမှာ သတင်းထောက်များအတွက် လုံခြုံမှု လုံးဝ မရှိသည့် အခြေအနေ ဖြစ်နေပြီဟု လည်း ဒေါ်ဆိုင်းမိုင်က ဆိုသည်။
ဖေဖော်ဝါရီ ၁၄ ရက်ကလည်း မြစ်ကြီးနားမြို့နယ် မန်ခိန်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ရုံးအနီး ဆန္ဒပြနေသည့် ဒေသခံများကို ရဲနှင့် စစ်သားများက ရာဘာကျည်ဖြင့် ပစ်ခြင်း၊ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ အသံဗုံးများဖြင့် ပစ်ခတ် ဖြိုခွင်းချိန်ကလည်း သတင်း ယူနေသည့် သတင်းထောက် ၅ ဦးကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရသည့် အဓိက အကြောင်းအရင်းမှာ ၎င်းတို့ လူထုကို ဖြိုခွင်းပစ်ခတ်နေသည်များကို တိုက်ရိုက် သတင်းလွှင့်ခြင်း ကြောင့် လူထုက သတင်းကိုကြည့်ပြီး လူအင်အား လာထပ်ဖြည့်ခြင်း၊ လူစုဝေးခြင်းများ ပြုလုပ်သည်ဟု ယူဆရသဖြင့် လူထုကို ဆူပူအောင် လုပ်သည်ဟု စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။
သတင်းထောက်များကို ပြန်လွှတ်ပေးရန် PCG က ကြားဝင်ညှိနှိုင်းပေးရာ လူထုအားဆူပူအောင် မလုပ်ဘဲ သတင်း မီဒီယာ ကျင့်ဝတ်နှင့်အညီ သတင်းရယူပါမည်ဟု သတင်းထောက်များကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ခံဝန် လက်မှတ်ရေးထိုး ခိုင်းပြီးမှ ပြန်လွှတ်ပေးခဲ့သည်။
ဖေဖော်ဝါရီ ၁၈ ရက်ကလည်း မြစ်ကြီးနားမြို့ မြန်မာ့စီးပွားရေးဘဏ်အနီး လူထုကို ရဲတပ်ဖွဲ့နှင့် တပ်မတော် တပ်ဖွဲ့ဝင်များ က ဖြိုခွင်းနေစဉ် ကွမ်းယာဆိုင်ပိုင်ရှင်တဦးက ဖုန်းလာသဖြင့် ဖုန်းပြောရာ ဓာတ်ပုံရိုက်သည်ဟု ယူဆပြီး အချုပ်ကားပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်ရပ် ဖြစ်ပွားထားသည်။
သတင်းထောက်များသည် သတင်းမီဒီယာ ဥပဒေအရ အရေးအခင်းများ၊ အဓိကရုဏ်များ၊ အများပြည်သူ ဆန္ဒပြနေသည့် နေရာများတွင် သတင်းရယူပိုင်ခွင့်၊ သတင်းထုတ်လွှင့်ပိုင်ခွင့် ရှိသည်။
၂၀၁၄ ခုနှစ် မတ်လက ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယနေ့ထိ တည်ဆဲဥပဒေ ဖြစ်သည့် သတင်း မီဒီယာဥပဒေ၏ အခန်း (၃) ၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ ပုဒ်မ ၄ ပါ ပုဒ်မခွဲများတွင် သတင်းထောက်များ သည် နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်းအချက်အလက်များ၊ သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်းဖော်ထုတ် ရေးသားခွင့်၊ သတင်းထုတ်လွှင့်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၇ (က) တွင် သတင်းထောက်များသည် စစ်မက်ဖြစ်ပွားရာ ဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြ ရာ နေရာများ၌ သတင်းရယူနေစဉ် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တရပ်ရပ်က ဖမ်းဆီးခြင်း၊ သတင်း မှတ်တမ်းများ၊ သတင်းရယူခြင်းနှင့်ဆိုင်သည့် ကိရိယာများကို သိမ်းယူခြင်း၊ ဖျက်ဆီးခံရခြင်းများမှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထား သည်။
ထို့ပြင် သတင်းထောက်များသည် လုံခြုံရေးအတွက် စိုးရိမ်ရပါက ပုဒ်မ ၇ (ခ)အရ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ထံတွင် ကာကွယ်စောင့်ရှောက်မှုကိုပါ တောင်းခံခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။
You may also like these sotries:
မြစ်ကြီးနားတွင် ဆန္ဒပြမည့် ဆရာ/ဆရာမများကို ရိုက်နှက်လူစုခွဲကာ ဖမ်းဆီး
အာဏာသိမ်း စစ်ကောင်စီက လူ ၅၀၀ နီးပါး ဖမ်းဆီးချုပ်နှောင်ထား