တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ပြန်ကြားရေးအဖွဲ့ဝင် ကိုအောင်စန်းဝင်းက “ဝန်ကြီးချုပ်က တိုင်းအတွင်းမှာရှိတဲ့ ဝန်ထမ်းတွေကို အလုပ်ပိတ်ရက်အဖြစ် ကြေညာထားတယ်။ စာထွက်တယ်။ အဲဒီလို ဆိုတော့ ၅၀၅(ခ)ထဲ ဝင်သွားတာပေါ့” ဟု ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းတွင် ပြောသည်။
တပ်မတော်မှ အာဏာသိမ်း ယူခြင်းသည် တရားဝင်မှု မရှိကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်/တိုင်း အစိုးရ လက်အောက် တွင် ရှိသော ဦးစီးဌာန/ အဖွဲ့အစည်းအသီးသီးမှ အရာရှိ၊ အရာထမ်း၊ ဝန်ထမ်းများ အားလုံးကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ အစိုးရသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း ဟူသည့် သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်၊ ဝန်ကြီးများက လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ကြေညာချက်ကို ၎င်းက ရည် ညွှန်း ပြောဆိုခြင်း ဖြစ်သည်။
လက်ရှိတွင် ဝန်ကြီးချုပ်အား ထားဝယ်မြို့မ ရဲစခန်းတွင် ဖမ်းထားသည်ဟုသာ သိရပြီး မည်သည့်နေ့ရက်တွင် ရုံးထုတ်မည် ကို မသိရကြောင်း၊ ဝန်ကြီးချုပ်နှင့် အဆက်သွယ် ပြတ်သွားသည်မှာလည်း ၁ ပတ်ခန့် ရှိပြီ ဖြစ်ကြောင်း ကိုအောင်ဆန်းဝင်း က ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းသည့်နေ့တွင် နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ပြည်နယ်နှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများကိုပါ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်တွင် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်၊ ဝန်ကြီးများကို ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်ထားခဲ့သည်။
ထို့နောက် ပြည်နယ်/တိုင်းဝန်ကြီးချုပ် တချို့ကို ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်တရားရုံးများတွင် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခြင်းများ ပြုလုပ်လျက်ရှိရာ ဝန်ကြီးချုပ် ဦးမြင့်မောင်လည်း တဦးအပါအဝင် ဖြစ်သည်။
ဝန်ကြီးချုပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်တွင် နေအိမ်အကျယ်ချုပ်မှ စစ်ကားများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ အချိန်ထိ မိသားစုနှင့် အဆက်သွယ် မရသေးကြောင်း ဝန်ကြီးချုပ်၏ မိသားစုဝင်များနှင့် နီးစပ်သူတဦးထံမှ သိရသည်။
“ နောက်ဆုံး အခြေအနေကတော့ သူ့ကို စစ်တပ်က လာခေါ်သွားတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲမယ် လို့ သိထားရတယ်။ သူနဲ့ ထိပ်တိုက်တော့ အဆက်အသွယ် မရဘူး။ ထားဝယ်က အဓိကကျတဲ့ တပ်ရင်းတခုမှာ ထိန်းသိမ်း ထားတယ်လို့ နောက်ဆုံး သိထားရတယ်” ဟု ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင်(ထားဝယ်ခရိုင်) ကိုကျော်ထွေးက ပြောသည်။
ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းကလည်း ထားဝယ်ရှိ ၎င်းတို့၏ သပိတ်ကော်မတီဝင် တဦး၏ နေအိမ်သို့ ရဲတပ်ဖွဲ့မှ လာရောက် ရှာဖွေမှုပြုခဲ့ရာ ဒေသခံ ရွာသားများက သံပုံးတီးပြီး မောင်းထုတ်ခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့မှ ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကင်းစောင့်နေသည့် ရွာသားတဦး နောက်ကျောတွင် ရာဘာကျည် နှစ်ချက်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ရှင်းပြ သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် အစိုးရအဖွဲ့ဝင် ၆ ဦးမှာ ပြန်လွတ် လာပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
မြစ်ကြီးနားတွင် ဆန္ဒပြ၍ ဖမ်းဆီးခံရသူများ PCG ညှိနှိုင်းမှုဖြင့် ပြန်လွတ်လာ
စစ်ကောင်စီ၏ ငွေတိုက်စာချုပ် ရောင်းချမှု ဝယ်သူနည်း
ရခိုင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၈ ဦး ဖမ်းဆီးခံထားရ