နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် အမှုဖွင့်ခံထားရသည့် NLD ပါတီ နာယက ဦးဝင်းထိန်က ၎င်းကို စွပ်စွဲ ထားသည့် ပုဒ်မဖြင့် တခါတည်း အမိန့်ချပေးရန် နေပြည်တော်ရှိ တရားရုံးတခုသို့ တောင်းဆိုခဲ့ကြောင်း သိရသည်။
မနေ့က နေပြည်တော်ရှိ ဒက္ခိဏသီရိခရိုင် တရားရုံးတွင် ဦးဝင်းထိန်ကို Zoom Application ဖြင့် စစ်ဆေးစဉ် ခရိုင်တရား သူကြီးက ရှေ့ နေ ကိုယ်စားလှယ်စား တင်ပြရန် ရှိ၊ မရှိ မေးမြန်းရာ ဦးဝင်းထိန်က အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဒက္ခိဏခရိုင် တွဲဖက် တရားသူကြီး ဒေါ်ဖြူဝင်းလတ်က“အမှုစစ် တရားသူကြီးက ဥပဒေနဲ့အညီ သက်သေခံချက်တွေ ရယူ ပြီးမှ အမိန့်ချမှတ်ပေးနိုင်မှာ ဖြစ်တဲ့ အကြောင်း ပြန် လည် ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီအခါမှာ တိုင်လျှောက် ခံရသူ ဦးဝင်းထိန်ကနေ လာမယ့် ရုံးချိန်းမှာ ရှေ့ နေ ကိုယ် စားလှယ်စာ တင်မယ်ပြောတဲ့အတွက် ကျမတို့ ရုံးချိန်း ပြန်လည် ချိန်း ဆိုပေးခဲ့ပါတယ်”ဟု သတင်းထောက်များကို ပြောသည်။
ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် တရားလိုလုပ်၍ တရားစွဲသူမှာ နေပြည်တော် ဥတ္တရ သီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူ ဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ပုဒ်မ ၁၂၄ (က)မှာ မည်သူ့ကိုမဆို နုတ်ဖြင် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ပြည်ထောင်စုအတွက် သို့မဟုတ် ပြည်ထောင်စုအဖွဲ့ ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်း ထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း ပြုလျှင် ထိုသို့ ပြုရန် အားထုတ်လျှင် လှုံ့ဆော်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ၇ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက် သက်ဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော် အာဏာကို ရယူပြီးနောက် ဦးဝင်းထိန်က သတင်းသမားတချို့ နှင့် တွေ့ဆုံ ဖြေကြားမှုများ နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့ ရန်ကုန်မြို့သို့ ပြန်ရောက်စဉ် ယင်းနေ့တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး နေပြည်တော်သို့ ပြန်လည် ခေါ်ဆောင်ခံခဲ့ရသည်။
“ရုံးချိန်းကတော့ နှစ်ချိန်းတော့ ရှိသွားပြီ။ ပထမရုံးချိန်းက ကျမတို့ဆီမှာ လာပြီးတော့ ဦးတိုက် လျှောက်တာကတော့ ဖေ ဖော်ဝါရီလ ၄ ရက်နေ့က လာပြီးတော့ လျှောက်တယ်။ ပြီးတော့ ၅ ရက်နေ့မှာ ဖမ်းမိတယ်။ ၅ ရက်နေ့မှာ ချုပ်ရက် ရမန် ယူလိုက်တယ်။ အခု ၁၉ ရက်နေ့ကို ကြိုပြန်ချိန်းလိုက်တာပေါ့။ နောက်ရုံးချိန်းက မတ်လ ၅ ရက်နေ့ပါ”ဟု ဒက္ခိဏခရိုင် တ ရားရုံး၏ ပြန်ကြားရေး အရာရှိလည်း ဖြစ်သူ ဒေါ်ဖြူဝင်းလတ်က ပြောသည်။
ဦးဝင်းထိန်ဘက်မှ ရှေ့နေအဖြစ် နေပြည်တော်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်နှင့် အဖွဲ့က လိုက်ပါ ဆောင် ရွက်မည် ဖြစ်ကြောင်း၊ အသက် ၈၀ အရွယ် ရှိနေပြီ ဖြစ်သည့် ဦးဝင်းထိန်သည် ဆီးကြိတ်ခွဲထားသည်မှာ မကြာသေးဘဲ နှလုံးကိုလည်း အသက်ရှုစက်ဖြင့် ဆက်လက် လှုပ်ရှားနေရသူတဦး ဖြစ်ကြောင်း NLD ပါတီ၏ နေပြည်တော် ခရိုင် ဥက္ကဌ ဦးမင်းသူက ပြောသည်။
“NLD လူကြီး တော်တော်များများက ကျန်းမာရေး မကောင်းကြဘူး။ ဒီလောက် အသက်အရွယ်ကြီးကို ရန်သူလို သဘော ထားပြီး နိုင်ငံတော် ပုန်ကန်မှုလိုဟာမျိုးနဲ့ တရားစွဲတာကတော့ တော်တော် ရက်စက်တဲ့ စစ်အစိုးရလို့ ပြောရမယ်”ဟု ဦးမင်း သူက ပြောသည်။
ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေက ယနေ့တွင် ဦးဝင်းထိန်ကို ထိန်းသိမ်းထားသည့် နေပြည်တော် အချုပ်
ထောင်သို့ သွားရောက်ပြီး ထောင်ပိုင်ကြီးနှင့် တွေ့ ဆုံကာ ရှေ့နေ ကိုယ်စားလှယ်လွှဲစာ ရရှိရေး၊ ကာယကံရှင်နှင့်လည်း တွေ့ ဆုံခွင့်ရရှိရေးတို့ကို ကြိုးစားမည် ဖြစ်ကြောင်း ပြောသည်။
“ကျမတို့ကတော့ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရနိုင်ဖို့ ဥပဒေနှင့်အညီ တောင်းဆိုမယ်။ ဖြေရှင်းမယ်။ ကျန်းမာရေး မကောင်းတဲ့သူဖြစ်တဲ့အတွက် အာမခံရရှိနိုင်ဖို့လည်း အားလုံးတိုင်ပင်ပြီး ဆောင်ရွက်ရမယ့် ကိစ္စဖြစ်လို့ ဆက်ပြီး ဆောင်ရွက်သွားမှာပါ”ဟု ရှေ့နေဖြစ်သူက ဧရာဝတီသို့ ပြောသည်။
ဦးဝင်းထိန်သည် တပ်မတော် အရာရှိဟောင်းတဦး ဖြစ်ပြီး အောင်မြင်သည့် လုပ်ငန်းရှင်းတဦး အဖြစ် ရပ်တည်နေရာမှ ၁၉၈၈ ခုနှစ်တွင် NLD ခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပူးပေါင်းခဲ့သဖြင့် ၁၉၈၉ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ ကျခံခဲ့ရသည်။
၁၉၉၆ ခုနှစ်တွင် နောက်တကြိမ်ထပ်အဖမ်းခံရပြီး အင်းစိန်ထောင်၊ မြင်းခြံထောင်၊ မိတ္ထီလာထောင်၊ မန္တလေးထောင်နှင့် က သာထောင်တို့တွင် ၂၀၁၀ ခုနှစ်အထိ ၁၄ နှစ်ကြာ နေထိုင်ခဲ့ရသည်။ စုစုပေါင်း ထောင်သက်မှာ နှစ် ၂၀ နှင့် ၂ လ ဖြစ် သည်။
ဦးဝင်းထိန်သည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၎င်း၏ ဇာတိ မိတ္တီလာမြို့နယ် ပြည်သူ့လွှတ်တော်မှ ဝင်ရောက် ယှဉ် ပြိုင် အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အောင်နိုင်ရေးဗဟိုအဖွဲ့ တွင် တာဝန်ယူခဲ့ပြီး NLD အစိုးရ ဖြစ်လာသည့်အခါ ၎င်း၏ သြဇာအာဏာမှာ ပါတီတွင်း ကြီးမားလာခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ပါတီ အတွင်းရေးမှူး အဖွဲ့ ဝင် ဖြစ်လာသည့်အခါ ၎င်း၏ ဆောင်ရွက်ချက်များ၊ ပါတီတွင်း ဆုံးဖြတ်ချက် တချို့ကြောင့် ၂၀၁၈ ခုနှစ်တွင် ပါတီက ဦးဝင်းထိန်ကို ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် အဖြစ်မှ အနားပေးကာ ဆုံးဖြတ် ခွင့်များ မရှိတော့သည့် ပါတီ နာယကအဖွဲ့ သို့ ပြောင်းလဲ တာဝန်ပေးခဲ့သည်။
You may also like these stories:
အာဏာသိမ်း စစ်တပ်ကို ထောက်ပံ့နေတာတွေ ရပ်လိုက်ပါ
ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုတွက်ကိန်းလွဲသွားလဲ