မြန်မာနိုင်ငံ၏ အာဏာသိမ်းယူမှု ဆန့်ကျင်သည့် လူထု၏ ဖီဆန်ရေးလှုပ်ရှားမှုက တတိယ ရက်သတ္တပတ် ကုန်ဆုံးသည်ထိ ရောက်ရှိလာပြီးအကြမ်းဖက်မည့် အလားအလာများ ရှိသည်နှင့်အမျှ မြို့တော်ဟောင်း ရန်ကုန်နှင့်အခြားမြို့ကြီးများတွင် စက်သေနတ်များ တပ်ဆင်ထားသည့် သံချပ်ကာကားများမြင်တွေ့လာရခဲ့သည့်တိုင် ဆန္ဒပြမှုများနှင့် ပတ်သက်သော စစ်အစိုးရသစ်၏အမိန့်များနှင့် တားမြစ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် လျစ်လျူရှုထားခဲ့ကြသည်။
လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် ယူနီဖောင်းဝတ် စစ်သားများက ယခုအခါအာဏာရှင် စနစ်သစ်ကို အကာအကွယ်ပေးရန်နှင့် ဆန္ဒပြမှုများကို ဖိနှိပ်ရန်ထိရောက်မှုမရှိသော သို့မဟုတ် ဆန္ဒမပါသော ရဲများ နှင့်အတူတာဝန်ချထားခံရသည်။
သို့သော်လည်း စစ်ဗိုလ်ချုပ်များက ရက်စက်ပြင်းထန်သော အင်အားဖြင့်လှုပ်ရှားမှုကို ဖိနှိပ်ခဲ့လျှင်ပင် အတိတ်ကာလမှ အာဏာသိမ်းချိန်များထက်ပိုမို၍ ဆန့်ကျင်သော ပြည်သူလူထုကို သူတို့ အုပ်ချုပ်ရလိမ့်မည်ဆိုသည့်အချက်က ပိုမို ရှင်းလင်းလာသည်။
အာဏာသိမ်းမှုက တပ်မတော်သည် တိုင်းပြည်ကို တစုတစည်းတည်း ဖြစ်အောင်ထိန်းသိမ်းပေးနိုင်သည့် တခုတည်းသော အင်အားစုဖြစ်သည်ဆိုသော တပ်မတော်၏ပြောဆိုမှုများနှင့် ပြတိုက်များတွင် အစဉ်မပြတ် ယုံကြည်စေခဲ့သောအမျိုးသားရေး ဒဏ္ဍာရီဟောင်းကိုလည်း အဆုံးသတ်စေခဲ့သည်။ သို့သော် တပ်မတော်၏နိုင်ငံ တခုအတွင်းတွင် နိုင်ငံတခု ထပ်တည်ခြင်းနှင့် လတ်တလောတွင်ဒီမိုကရေစီကို ရပ်တန့် စေသော အာဏာသိမ်းမှုက မျိုးချစ်ဝါဒကဲ့သို့ပင်စီးပွားရေးနှင့်လည်း များစွာ ပတ်သက်နေသည်။
သြစတြေးလျနိုင်ငံ Curtin တက္ကသိုလ်မှ မြန်မာနိုင်ငံဖွား တွဲဖက်ပါမောက္ခတဦးဖြစ်သည့် ဒေါ်ထွေးထွေးသိန်းက “ တပ်မတော်ရဲ့ အာဏာ ရယူလိုတဲ့ဆန္ဒကမျိုးချစ်စိတ်ဓာတ်ထက် တပ်မတော်မှာ ထိပ်ဆုံးက လူတွေရဲ့ စီးပွားရေးအကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ပိုသက်ဆိုင်တယ်” ဟုပြောသည်။ “ဆယ်စုနှစ်များစွာအတွင်း တပ်မတော်က ဗျူရိုကရေစီ ယန္တရားကို ထိန်းချုပ်ပြီးအဓိက ကဏ္ဍတွေကို လက်ဝါးကြီးအုပ်ထားခြင်းအားဖြင့် ချမ်းသာကြွယ်ဝအောင်လုပ်လာနိုင်ခဲ့တယ်။”
ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သား ဦးဆောင်သော အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်က အချိန်ကြာလာသည်နှင့် အမျှ အကျိုးအမြတ်များသောခရိုနီအရင်းရှင်စနစ် တခုကို တဖြည်းဖြည်း အားနည်းလာစေခဲ့သည်ဟု သူက ပြောသည်။
၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ပြီး (ယခင်ထက် အနည်းငယ် ပို၍)ပွင့်လင်းမှုရှိလာသည့် ဆယ်စုနှစ်များအတွင်း တပ်မတော်ပိုင် လုပ်ငန်းစုကြီး၂ ခု ဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်(UMEH) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့က ၁၉၈၈ ခုနှစ်အရေးတော်ပုံအပြီး ဆိုရှယ်လစ်စနစ်ဟောင်းကို စွန့်ပစ်၍ အစိုးရပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ခွင့်ပေးခဲ့ချိန်၌ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများကို အောက်ဈေးဖြင့် အမိအရ ယူနိုင်ခဲ့သည်။
UMEH၊ MEC နှင့် ခရိုနီများဟု သိကြသည့် အရေအတွက် သိပ်မများသော အရပ်ဘက်စီးပွားရေးသမားတစုက စီးပွားရေး လုပ်ပိုင်ခွင့်များ၊အိမ်ခြံမြေလုပ်ငန်းနှင့် အစိုးရ သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းများနှင့် အကျိုးအမြတ်များသော ကန်ထရိုက်များကိုသိမ်းပိုက်ခဲ့သည်။
အဆိုပါ လုပ်ငန်းစုကြီးများနှင့် ခရိုနီများက ဘီယာနှင့် ဆေးရွက်ကြီးကုန်သွယ်မှုမှသည် သတ္တုတူးဖော်ရေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီများ၊ခရီးသွားလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများအထိ အရာရာကိုထိန်းချုပ်နိုင်ခဲ့ကြသည်။
၂၀၁၁ ခုနှစ်တွင် နိုင်ငံရေးနှင့် စီးပွားရေး ဖွင့်လှစ်မှုများစတင်ခဲ့ပြီးနောက်၌ပင် တပ်မတော်က တိုင်းပြည်၏ အင်အားအကြီးဆုံး အဖွဲ့အစည်းအဖြစ် ဆက်လက်ရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က၂၀၁၅ ခုနှစ်တွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် တိုင်းပြည်တွင် စစ်ပုံစံ လွှမ်းမိုးမှု လျှော့ချရေးလုပ်ငန်းစဉ်တခုကို သတိကြီးကြီးထား၍ ဖြည်းဖြည်းချင်း စတင်လာခဲ့သည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် NLD ကျယ်ကျယ်ပြန့်ပြန့်အနိုင်ရရှိမှု နောက်ပိုင်းတွင် တပ်မတော် ထိပ်တန်းခေါင်းဆောင်များက (NLD၏) ပိုမို အားကြီးလာမည့် နောက်ထပ်ခြေလှမ်းကို စိုးရိမ်ခဲ့ခြင်းသည်အာဏာသိမ်းမှု နောက်ကွယ်မှ ပါဝင်နေသော ကိန်းဂဏန်းတခု ဖြစ်လိမ့်မည်ဟုအချို့က ယူဆခဲ့ကြသည်။
“မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာ စစ်ပုံစံ လွှမ်းမိုးမှုလျှော့ချရေးရဲ့ အဓိက အောင်မြင်မှု တခုကတော့ ၂၀၁၉ ခုနှစ်မှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အရပ်သားထိန်းချုပ်မှုအောက်လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ပါတယ်” ဟု ဒေါ်ထွေးထွေးသိန်းက ပြောသည်။ထိုအချိန်အထိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် တပ်မတော်က အပြည့်အ၀ထိန်းချုပ်ထားသော ဝန်ကြီးဌာန ၃ ခုအနက် တခုဖြစ်သည့် (အခြား ၂ ခုမှာကာကွယ်ရေးနှင့် နယ်စပ်ရေးရာဖြစ်သည်။ ) ပြည်ထဲရေး ဝန်ကြီး ဌာန၏လက်အောက်တွင် ရှိနေခဲ့သည်၊
“အဲဒါက တပ်မတော်ရဲ့ ဥစ္စာဓနကို စုဆောင်းဖို့နဲ့ ကာကွယ်နိုင်ဖို့အချက်အချာဖြစ်တဲ့ အစိုးရအုပ်ချုပ်ရေးနဲ့ ဦးဆောင်မှုအပေါ်မှာ တပ်မတော်ကချုပ်ကိုင်နိုင်ခြင်း အားနည်းသွားတဲ့ လက္ခဏာ တခုလို့ မြင်ခဲ့ကြပါတယ်” ဟုဒေါ်ထွေးထွေးသိန်းက ပြောသည်။
သို့သော် အာဏာသိမ်းသူများက မျိုးချစ်ဝါဒ၏ မှားယွင်းသောအတွေးအခေါ်များဖြင့် သူတို့၏ အာဏာသိမ်းယူမှုကို ဖုံးကွယ်ရန်ရှင်းရှင်းလင်းလင်းပင် ရည်ရွယ်ခဲ့သည်။ မြန်မာနိုင်ငံကို မပြိုကွဲစေရန်တပ်မတော်က ကာကွယ်ပေးနေသည် ဆိုသော တပ်မတော်၏ အယူအဆကို တိုင်းပြည်၏ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏သား ဖြစ်သူ စဝ်ဆေးယောင်ဝေက ၁၉၉၀ နှစ်များတွင်ကနဦး စိန်ခေါ်ခဲ့သည်။
ရှမ်းတိုင်းရင်းသားဖြစ်ပြီး ခုခံတိုက်ခိုက်ရေးသမားဟောင်း တဦးလည်းဖြစ်သည့် စဝ်ဆေးယောင်ဝေက ပညာရေးဆိုင်ရာ စာတမ်းများ၌ ၁၉၆၂ ခုနှစ်တွင်မတည်ငြိမ်သော်လည်း ဒီမိုကရေစီ နည်းကျ ရွေးချယ်တင်မြှောက်ထားပြီး တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် အစိုးရ ထံမှ ပထမဆုံး အာဏာသိမ်းယူခဲ့သည့်စစ်အစိုးရသည် “အာဏာကို ထိန်းသိမ်းထားနိုင်ရန် အကြမ်းဖက်မှုကိုအားကိုးခဲ့ကြောင်း” စောဒက တက်ခဲ့သည်။
ဖိနှိပ်မှုများက ခုခံမှုကို ပေါက်ဖွားဖြစ်ပေါ်စေသည်။ ၁၉၆၂ ခုနှစ်အာဏာသိမ်းမှုပြီးနောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်များက တိုင်းပြည်ကိုပိုမို၍ စည်းလုံးမလာစေဘဲ အတိုင်းအတာ အရပ်ရပ်တွင် အားနည်းသွားစေခဲ့သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး မကြာမီတွင် ပေါ်ပေါက်လာခဲ့သောလူမျိုးရေးနှင့် နိုင်ငံရေးအရ တော်လှန်အုံကြွမှုများကို ၁၉၅၀ နှစ်များအလယ်ပိုင်းတွင် အနည်းနှင့် အများဆိုသလို ထိန်းချုပ်နိုင်ခဲ့သော်လည်းအာဏာသိမ်းယူပြီး နောက်ပိုင်းတွင် မီးပွားများက အသစ်တဖန်ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် ရှမ်းနှင့် ကချင်ပြည်နယ်များတွင် ဖြစ်သည်။
တပ်မတော်၏ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများက ဗမာလူမျိုး လွှမ်းမိုးသောဒေသများတွင်လည်း မလွတ်ကင်းနိုင်ခဲ့ပေ။ ပထမဆုံးမှ ၁၉၆၂ ခုနှစ် ဇူလိုင်လကရန်ကုန် တက္ကသိုလ်မှ ဆန္ဒပြ ကျောင်းသားများစွာ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။၁၉၇၀ နှစ်များ အလယ်ပိုင်းလောက်တွင်လည်း ကျောင်းသားများ ဦးဆောင်သည့်နောက်ထပ်လူထုအုံကြွမှု တခုကို ရက်စက်စွာ နှိမ်နင်းခဲ့သည်။
နိုင်ငံတဝှမ်း သန်းနှင့်ချီသော ပြည်သူများ ထွက်လာခဲ့ကြသည့်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ၁၉၈၈ လူထုအုံကြွမှုသည်လည်းထောင်နှင့်ချီသော ပြည်သူများအား စစ်သားများက သေနတ်ဖြင့်ပစ်ခတ်သည့်အချိန်တွင် အဆုံးသတ်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်ရွှေဝါရောင်တော်လှန်ရေးဟု ထင်ရှားလာမည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဦးဆောင်သည့် ဒီမိုကရေစီ လှုပ်ရှားမှုကိုလည်း စစ်သားများက ကြမ်းတမ်းစွာဖြိုခွဲခဲ့သည်။
အဆိုပါ ထင်ရှားသည့် လှုပ်ရှားမှုအားလုံးမှာ တပ်မတော်၏ ရက်စက်စွာအင်အားသုံး ဖျက်ဆီးခြင်း ခံခဲ့ရသည်။ နှစ်များစွာ ကြာမြင့်ခဲ့ပြီးနောက်နိုင်ငံရေးနှင့် လူမှုရေး ပွင့်လင်းမှုများ ပိုရှိလာသည့် ယခုအချိန်တွင်မြန်မာပြည်သူများက သူတို့၏ စိတ်ထဲတွင် ရှိသည့်အတိုင်း ပြောဆိုရန်နှင့်အာဏာသိမ်းမှုအပေါ် သူတို့၏ မကျေနပ်ကို ပြသရေး လမ်းများပေါ်သို့ တက်ရန်မကြောက်ကြတော့ပါ။
ပွင့်လင်းသော အင်တာနက်၊ မိုဘိုင်းဖုန်းများနှင့် များစွာသော အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖွဲ့စည်းရေးကို ချောမွေ့စေသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများဖြင့် ကြီးပြင်းလာခဲ့သည့် လူငယ်မျိုးဆက်သစ် သို့မဟုတ် Zမျိုးဆက် အတွက် ဤအချက်က အထူးသဖြင့် မှန်ကန်နေခဲ့သည်။
လတ်တလော ပေါ်ပေါက်ခဲ့သော လူထု၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုများကိုလူမှုမီဒီယာများတွင် ဝေမျှခြင်းက ဆန္ဒပြသူ လူငယ်များကို အားတက်စေခဲ့သည်။မကြာသေးမီက ရန်ကုန်တွင် သံချပ်ကာ ကားတစီး ပျက်သွားသည့် အချိန်တွင်လူအုပ်က “စက်ပြင်ဆရာ ခေါ်ပေးရမလား” ၊ “ ငါတို့ လာပြီး တွန်းပေးရမလား”စသဖြင့် ပြောဆို၍ လှောင်ပြောင်ခဲ့ကြသည်။
အခြား သံချပ်ကာယာဉ်များနှင့် တင့်ကားများကို ကားများက ဝိုင်းရံထားကြပြီးယာဉ်မောင်းသူများက သူတို့၏ ဟွန်းများကို ကျယ်လောင်စွာ တီးခဲ့ကြသည်။ဆန္ဒပြသူအချို့ က ရန်ကုန်တဝိုက်တွင် လှုပ်ရှားနေသော တင့်ကားအချို့ပေါ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပိုစတာများ သွားကပ်သည် အထိပင် ရဲဝံ့ခဲ့ကြသည်။
ဆန္ဒပြပိုစတာများနှင့် ဆိုင်းဘုတ် အများအပြားတွင် ပုံမှန်တွေ့ရသည့်ဆောင်ပုဒ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဟု ခေါ်သောစစ်အစိုးရသစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သို့တိုက်ရိုက်ရည်ညွှန်းပြီး “Shame on you dictator. We will never forgiveyou.” အစရှိသဖြင့် ရေးသားထားကြသည်။
၎င်း၏ အာဏာနှင့် ဥစ္စာဓနကို ကာကွယ်ရန် တပ်မတော်၏ ပြင်ဆင်ထားမှုကိုစစ်အစိုးရသစ်က အကျဉ်းသား ၂၃၀၀၀ ကို ပြန်လွှတ်ပေးလိုက်သည့် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ပရမ်းပတာဖြစ်ရပ်များ ဖန်တီးရန် ရည်ရွယ်ချက်ကို အထင်အရှားဖော်ပြခဲ့သည်။
ပြန်လွှတ်ပေးလိုက်ပြီး မကြာမီမှာပင် ရန်ကုန်နှင့် အခြားမြို့များတွင်မီးရှို့မှုနှင့် အထွေထွေ မငြိမ်မသက်မှုများ ကျယ်ပြန့်လာခြင်းကြောင့်ရပ်ကွက်အများအပြားမှ ပြည်သူများသည် သူတို့၏ နေအိမ်များကို ကာကွယ်ရန်ကိုယ်ပိုင်လုံခြုံရေး ကင်းအဖွဲ့များ ဖွဲ့စည်းရန် ဖြစ်လာခဲ့ရသည်။
ထို့ပြင် ဘာသာရေးအရ ယုံကြည်မှု ကွဲပြားသူများကြားတွင်လည်း ပရမ်းပတာအခြေအနေများ ဖန်တီးရန် အဓိကရုဏ်းများကို သွေးထိုးလှုံ့ဆော်ရန်ကြိုးပမ်းနေသည် ဆိုသော သတင်းများလည်း ပေါ်ထွက်နေသောကြောင့်အချင်းချင်းကြား သတိထားရန် ပြောဆိုမှုများလည်း ရှိနေသည်။
နောက်တဆင့်မှာ စစ်ဗိုလ်ချုပ်များသည် “ပြည်တွင်းငြိမ်းချမ်းရေး” ကိုရယူရန် ကြိုးစား နေကြောင်း ပြသရေး မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO) နှင့် သဘောတူညီချက်များပြုလုပ်လာနိုင်ပါသည်။ ထိုကဲ့သို့သော သဘောတူညီချက်များသည် ၁၉၉၀ နှစ်များအစောပိုင်း EAO အများအပြားကို စီးပွားရေး ကော်ပိုရေးရှင်းများ အဖြစ်ပြောင်းလဲခြင်းအားဖြင့် စစ်ပြေငြိမ်းစေခဲ့သည်။
ယခု ရှိလာသည်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်ဘက် အရာရှိများက ပြည်သူလူထုကို သိမ်းသွင်းရန် စီစဉ်ထားသည့်အင်အားနှင့် အကြမ်းဖက်မှုများကို အသုံးပြု၍ အောင်မြင်မှု ရနိုင်မည်လားဆိုသည့် မေးခွန်းပင် ဖြစ် သည်။ ထင်ရှားသည်မှာ စစ်အစိုးရသည် အာဏာ၌မည်မျှကြာကြာ ဆက်လက် တည်ရှိနေမည် ဖြစ်စေ နိုင်ငံတကာ အလယ်အထီးကျန်ဖြစ်နေပြီး ပြစ်တင် ရှုတ်ချမှုများကို ခံနေရလိမ့်ဦးမည်ဆိုခြင်းပင်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က“စစ်ဗိုလ်ချုပ်များ မြန်မာ ပြည်သူပြည်သားများအပေါ် စစ်ကြေညာလိုက်လေသလား။ညသန်းခေါင် ဝင်စီးခြင်း၊ ဖမ်းဆီးခြင်း၊ လူ့အခွင့်အရေးများ တခုပြီးတခုချိုးဖောက်ခြင်း၊ အင်တာနက်ပိတ်ဆို့ခြင်း၊ စစ်ကားများ ပြည်သူလူထုနေထိုင်ရာအတွင်း ဝင်ရောက်လာခြင်း စသဖြင့် လုပ်ဆောင်မှုများသည် အပူတပြင်းဖြစ်နေသော လက္ခဏာများ ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ နားထောင်ပါ၊ခင်ဗျားတို့ လုပ်သမျှ တာဝန်ခံရလိမ့်မည်” ဟု Twitter တွင် ဖေဖော်ဝါရီလ ၁၅ရက်နေ့က ရေးသားခဲ့သည်။
(Asia Times ပါ A coup that could end all coups in Myanmar ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
အာဏာသိမ်းဖို့ ဗိုလ်ချုပ်တွေကို ရုရှားက သွေးထိုးလှုံဆော်ပေးခဲ့သလား
မြန်မာ့ဒီမိုကရေစီ နောက်ကြောင်းပြန်ရန် မလွယ်ကူ
ဒီတကြိမ် လူထုအရေးတော်ပုံ အောင်မြင်မလား