သတင်း

မန္တလေး ပစ်ခတ်မှု သေဆုံးသူ ၂ဦးရှိ၊ တဦးမှာ ဦးခေါင်းထိမှန် သေဆုံးခြင်းဖြစ်

မန္တလေးမြို့ပေါ်တွင် စစ်တပ်နှင့် ရဲက ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) ညနေပိုင်းအထိ ပစ်ခတ်ဖြိုခွင်းလျက်ရှိရာ ထိမှန်သူ ပြည် သူတဦး ဦးခေါင်းပွင့်သေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂ ဦး ရှိပြီဖြစ်ကြောင်း အခင်းဖြစ်နေရာတွင် ရောက်ရှိနေသူတဦးက အတည်ပြုသည်။

ပစ်ခတ်မှုများကြောင့် အသက်အန္တရာယ် စိုးရိမ်ရသူ တချို့နှင့် ခြေထောက်၊ လက်များတွင် ကျည်ဆံထိမှန်သူများ အပါအဝင် ဒဏ်ရာရရှိသူ ၁၅ ဦးထက်မနည်းရှိနေပြီး ဒဏ်ရာရသူ တချို့ကိုလည်း စစ်တပ်နှင့်ရဲများက ဖမ်းဆီးသွားကြောင်း မျက် မြင်တွေ့သူ တဦးက ပြောသည်။

အခင်းဖြစ် နေရာတွင် ရောက်ရှိနေသည့် ပြည်သူတဦးက “ပြည်သူကို တမင်ကို ချိန်ရွယ်ပြီးမှ ပစ်နေတာ။ တော်တော် မိုက် ရိုင်းတယ်။ ဒဏ်ရာရသူတချို့ကို သွားကောက်လို့မရဘူး ပစ်နေလို့။ သူတို့လာကောက်ပြီး ဖမ်းခေါ်သွားတယ်” ဟု ပြောပြ သည်။

အဆိုပါ ပစ်ခတ် ဖြိုခွင်းဖမ်းဆီးမှုများကြောင့် အများအပြား ဒဏ်ရာရရှိခဲ့ပြီး အရေအတွက် အတိအကျကိုမူ မသိ ရသေးသော်လည်း အဖမ်းခံရသူများမှာ အယောက် ၂၀ ကျော် ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် CDM လှုပ်ရှားနေသည့် ရေကြောင်းဝန်ထမ်းများကို လုပ်ငန်းခွင်ဝင်ရန် အဓမ္မဖိအားပေးမှုကြောင့် ရတနာပုံသင်္ဘောဆိပ်နှင့် ကမ်းနားလမ်းတို့တွင် ပြည်သူများက ပိတ်ဆို့ ဆန္ဒပြရာမှ တင်မာမှုဖြစ်ခဲ့ပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့က လက်နက် အင်အားသုံးကာ ပစ်ခတ်ဖြိုခွင်းမှု ပြုလုပ်နေခြင်း ဖြစ်သည်။

အင်အားသုံး ဖြိုခွင်းမှုအတွင်း လူထုအား ရိုင်းစိုင်းသည့် အပြုအမှုများဖြင့် စိန်ခေါ်ခဲ့ပြီး ဖမ်းမိထားသူ တဦးကိုလည်း စစ်သား ၂ ဦးက ထိုးကြိတ် ကန်ကြောက်မှုများလည်း ပြုလုပ်ခဲ့သည်။

ညနေ ၆ နာရီခန့်တွင် ပစ်ခတ်ဖြိုခွင်းခဲ့သူများ အနေဖြင့် ဒဏ်ရာရသူ တချို့အား ဖမ်းဆီးသွားကာ နောက်ဆုတ်သွားပြီ ဖြစ်ကြောင်း အခင်းဖြစ်နေရာအနီး ရှိနေသူတဦးက ပြောသည်။

You may also like these stories:

အာဏာသိမ်းမှုများ အားလုံး ပြီးဆုံးသွားနိုင်သော အာဏာသိမ်းမှု

စွပ်စွဲခံရသည့် ပုဒ်မဖြင့် ချက်ချင်း အမိန့်ချပေးဖို့ ဦးဝင်းထိန် တောင်းဆိုခဲ့

မြစ်ကြီးနားတွင် သတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်နေ

Loading