သတင်း

CDM ကြောင့် စက်သုံးဆီ တင်သွင်းမှု ရပ်ဆိုင်းသွား

Want create site? Find Free WordPress Themes and plugins.

တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်အများစုယာယီပိတ်ထားခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် အစိုးရဝန်ထမ်းများ၏CDM လှုပ်ရှားမှုကြောင့် နိုင်ငံအတွင်းသို့ စက်သုံးဆီ တင်သွင်းမှုသည် ယခုလလယ်ပိုင်းမှ စတင်ပြီး ရပ်ဆိုင်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း စက်သုံးဆီတန်ချိန် အနည်းဆုံး ၆၀၀၀ ပါသည့်သင်္ဘောနှစ်စင်း ဝင်ရောက်မှုသည် နောက်ဆုံးဖြစ်ကြောင်း၊ ထို့နောက် ဘဏ်ငွေပေးချေမှုများနှင့် အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းများမလုပ်ဆောင်နိုင်တော့ ခြင်းကြောင့် စက်သုံးဆီသင်္ဘော ဝင်ရောက်နိုင်ခြင်းမရှိတော့ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးရေးအသင်းမှ ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက အတည်ပြုပြောသည်။

ပြည်တွင်း စက်သုံးဆီ သုံးစွဲမှုသည် ၁ လလျှင် ဒီဇယ်နှင့် ဓာတ်ဆီ တန်ချိန်၆ သိန်းမှ ၁ သန်း ဝန်းကျင်အထိရှိပြီး နိုင်ငံတဝှမ်းလုံးအတွက် စက်သုံးဆီသိုလှောင်ပေးနေသည့် သီလဝါဆိပ်ကမ်းတွင် တန်ချိန် ၁၂၀၀၀ ကျော် အထိသာတင်သွင်းနိုင်သည့် အခြေအနေ ရှိသည်။ပြည်ပနိုင်ငံမှ စက်သုံးဆီတန်ချိန် အမြောက်အမြား ဝယ်ယူသိုလှောင်ရန်အခက်အခဲ ရှိခြင်းကြောင့် ယခင်က ပြည်တွင်း စက်သုံးဆီ သုံးစွဲမှုလုံလောက်မှု ရှိစေရန်အတွက် ၁ လလျှင် တန်ချိန် ၅၀၀၀ မှ ၆၀၀၀ ဆံ့သင်္ဘောများဖြင့် ၁၀ ကြိမ် ဝန်းကျင်အထိ တင်သွင်းပြီး ဖြန့်ဖြူးရသည်။

အထက်ပါ သတင်းရင်းမြစ်က ဘဏ်များ ပိတ်ထားခြင်းကြောင့် “ဒီမှာက LC (Letterof Credit) ဖွင့်ဖို့ ခက်တာတွေ၊ ငွေကြေးပေးချေဖို့ အဆင်မပြေမှုတွေကြောင့်ကျနော်တို့ စက်သုံးဆီကို ထပ်ပြီး မသွင်းနိုင်တော့ဘူး” ဟု ပြောသည်။

ထိုသို့ စက်သုံးဆီ တင်သွင်းမှု ရပ်တန့်သွားသော်လည်း ကိုဗစ်ကာလမှလက်ရှိအချိန်ထိ ပြည်တွင်း စက်သုံးဆီ သုံးစွဲမှု လျော့ကျနေခြင်း၊ပြည်တွင်းကုမ္ပဏီများရှိ စက်သုံးဆီ လက်ကျန် အခြေအနေများအရ ရန်ကုန်မြို့နှင့် အနီးပတ်ဝန်းကျင် မြို့များ၌ လပိုင်းအတွင်း စက်သုံးဆီပြတ်လပ်နိုင်ခြေ မရှိကြောင်း စက်သုံးဆီလုပ်ငန်း လုပ်ကိုင်နေသူများကပြောသည်။

စက်သုံးဆီအသင်းမှ တာဝန်ရှိသူ တဦးက “ကိုဗစ်ကာလကတည်းက ပြည်တွင်းသုံးစွဲမှုကပုံမှန်မဟုတ်တော့ ကုမ္ပဏီတွေ မှာ ဆီက မရောင်းရတော့ ဆီလက်ကျန်တွေအများကြီး ရှိနေသေးတယ်။ ရန်ကုန်မှာကတော့ စက်သုံးဆီ သိုလှောင် ကန်တွေကိုဖောက်ခွဲပစ်မှပဲ ဆီပြတ်နိုင်မယ်” ဟု ပြောသည်။

သို့သော် စက်သုံးဆီ တင်ဆောင်သည့် ကုန်တင်ယာဉ်မောင်းများနှင့်မြစ်ကြောင်းသွား ဆီသင်္ဘောများ CDM လုပ်ဆောင်နေခြင်းကြောင့် သီတင်းပတ်အနည်းအငယ်အတွင်း မန္တလေးမြို့ အပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် စက်သုံးဆီ ပြတ်လပ်နိုင်သည့် အခြေအနေ ရှိနေသည်။

ရန်ကုန်အခြေစိုက် ပြည်တွင်းစက်သုံးဆီ တင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီမှအကြီးတန်းအရာရှိတဦးက လက်ရှိအချိန်တွင် စက်သုံးဆီ အဝင်ရပ်သွားသော်လည်းသုံးစွဲမှု ရှိနေသေးသောကြောင့် ပြည်ပမှ တင်သွင်းထားသော ဆီလက်ကျန်များသည်လည်း သုံးစွဲမှုအပေါ် မူတည်ပြီး အချိန်ကာလတခုတွင် ကုန်သွားမည်ဖြစ်ကြောင်းဧရာဝတီသို့ ပြောသည်။

“ဆီလက်ကျန်တွေ ရှိနေတာကတော့ အမှန်ပဲ။ ဒါပေမယ့် သုံးစွဲမှုက ရပ်နေတာမဟုတ်ဘူး။ အပြင်ကဝင်တဲ့ ဆီက ရပ် သွားတော့ ဝယ်လိုအားများရင်အချိန်တိုတိုနဲ့ ကုန်မယ်။ ဝယ်လိုအားနည်းရင် အချိန်နည်းနည်းကြာမှ ကုန်မယ်”ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက လက်ရှိအချိန်တွင် ငွေပေးချေမှုများအတွက် ကုမ္ပဏီနှစ်ခုကြားသဘောတူညီမှု ရရှိသည့်တိုင် ပြည်ပမှ တင်သွင်းလာသော စက်သုံးဆီများကိုအရည်အသွေး စစ်ဆေးပေးမည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများCDM လုပ်ဆောင်နေခြင်းကြောင့် ယင်းစက်သုံးဆီများကို သင်္ဘောမှချခွင့်ရရှိမည်မဟုတ်ကြောင်း ရှင်းပြသည်။

ယခင်က ပြည်ပမှ စက်သုံးဆီ တင်သွင်းရောင်းချသော စက်သုံးဆီ ကုမ္ပဏီများသည်၎င်းတို့၏ ဆီလက်ကျန် အခြေအနေ များကို မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကို တင်ပြလျက် ရှိသော်လည်း ပြီးခဲ့သည့်၃ လခန့်မှ စတင်ပြီး အသင်းသို့ တင်ပြလာခြင်း မရှိတော့သည့်အတွက် လက်ရှိဆီလက်ကျန် အခြေအနေကို မသိရှိကြောင်း အသင်း ထံမှ သိရသည်။

လက်ရှိ စက်သုံးဆီ တင်သွင်းမှု ရပ်တန့်နေသည့် အခြေအနေနှင့် ပတ်သက်ပြီးစင်ကာပူအခြေစိုက် Singapore Petroleum Company (SPC) နှင့် ပြည်တွင်းရွှေတောင်လုပ်ငန်းစုတို့ ပူးပေါင်းလုပ်ကိုင်နေသည့် Shwe Taung Energy ကိုမေးမြန်းရာ သဘောထား မှတ်ချက်မပေးလိုကြောင်း ပြောဆိုသည်။

ယခုအခါ ပြည်ပမှ စက်သုံးဆီ တင်သွင်းနိုင်မှု အခက်အခဲ ဖြစ်နေခြင်းကြောင့်မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဒီဇယ်ဂါလန် ၁ ဒသမ ၅ သန်းနှင့် ဓာတ်ဆီ ဂါလန်၅ သိန်း ရောင်းချပေးမည်ဟု ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြေညာထားသည်။

သို့သော် မြန်မာနိုင်ငံသည် စက်သုံးဆီအား နိုင်ငံအတွင်း ထွက်ရှိသောရေနံမှတဆင့် ကိုယ်တိုင်ထုတ်လုပ် သုံးစွဲသည့် နိုင်ငံဖြစ်သော်လည်းပြည်တွင်းထုတ်လုပ်မှု လုံလောက်ခြင်း မရှိသောကြောင့် စက်သုံးဆီကိုစင်ကာပူနိုင်ငံမှ အဓိက တင်သွင်းနေရ သည်။

ပြည်တွင်းသုံးစွဲမှု ၉၈ ရာခိုင်နှုန်းသည် ပြည်ပမှ သွင်းသော စက်သုံးဆီကိုမှီခိုနေရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ပြည်တွင်း၌ ဓာတ်ဆီ ထုတ်လုပ်နိုင်မှုသည် နှစ်စဉ် ဂါလန် ၅ သန်းခန့် ရှိပြီးပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပမှ စက်သုံးဆီ တန်ချိန် ၆သန်းကျော် တင်သွင်းခဲ့ရသည်။

You may also like these stories:

အမေရိကန်၏ မြန်မာဆန်ရှင်အကြောင်း သိကောင်းစရာ

ဒေါ်အောင်ဆန်းစုကြည် အစိုးရသက်တမ်းအတွင်း တရုတ်အကြွေး ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့

သစ်ရောင်းရန် ရှိသည်

Did you find apk for android? You can find new Free Android Games and apps.
Loading