သတင်း

အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ စစ်တပ်နှင့် အရပ်သား အစိုးရကြား ရပ်တည်ချက် မပြတ်သား

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် တိုင်းရင်းသား ပြည်သူလူထုက အာဏာသိမ်း အစိုးရ အလိုမရှိကြောင်း ပြတ်ပြတ်သားသား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ ရဲရဲဝံ့ဝံ့ ထုတ်ဖော်နေကြသော်လည်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကတော့ ရပ်တည်ချက်ပြတ်ပြတ်သားသား မရှိသေးဟုဆိုသည်။
အပစ်ရပ်လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST) က ယနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ဧရာဝတီက အာဏာသိမ်း အစိုးရနှင့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့အကြား မည်သည့်ဘက်မှ ရပ်တည်မည်ဆိုသည်ကို မေးမြန်းရာတွင် ပြတ်သားသည့် အဖြေ မရှိသေးကြောင်း ပြန်ဖြေခြင်းဖြစ်သည်။

PPST အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီး စိုင်းငင်းက “အခု‌လောလောဆယ် ပြောရမယ်ဆိုရင် တချို့ကိစ္စတွေက နည်းနည်း ထိလွယ်ရှလွယ် (sensitive) ဖြစ်တယ်။ အနေအထား အချိန်အခါ နည်းနည်း ကျနော်တို့က ကြည့်ရတဲ့ အနေအထား။ ကျနော်ထင်ပါတယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး နည်း နည်းတော့ အချိန်ယူရလိမ့်မယ်လေ။ နောက်ပိုင်း ကျရင်တော့ ပြတ်ပြတ်သားသား တခုခု ထွက်လာပါလိမ့်မယ်။ အဲဒီလောက်ပဲ ဖြေကြားလိုပါတယ်” ဟု ပြောသည်။

PPST အလှည့်ကျ ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း လူထု၏ တရားဝင် ရွေးကောက်ပွဲ ရလဒ်ဖြင့် တက်လာသော လွှတ်တော် ကိုယ်စားလှယ်များ ဖွဲ့စည်းထားသည့် CRPH ကို အသိအမှတ်ပြုရန် လိုအပ်ကြောင်း ပြောဆိုသော်လည်း PPST အနေဖြင့် တရားဝင် ကြေညာချက်ထုတ်ရန် အစီအစဉ် ရှိမရှိကိုမူ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းမရှိပေ။

ထိုကဲ့သို့ ရပ်တည်ချက်ပိုင်းဆိုင်ရာအားဖြင့် ပြတ်သားရှင်းလင်းမှု မရှိသေးသည့် အခြေအနေကြားမှာပင် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်နှင့် ပတ်သက်ပါက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ လမ်းကြောင်း အတိုင်း ဆက်သွားမည်ဟု PPST က ပြောဆိုထားပြီး စစ်ကောင်စီနှင့် နိုင်ငံရေး ဆွေးနွေးမှုကိုမူ ရပ်ဆိုင်းထားမည်ဟု ပြောဆိုထား သည်။

ဗိုလ်မှူးကြီး စိုင်းငင်းကလည်း စစ်ကောင်စီ၏ ကြေညာချက်တွင် NCA လမ်းကြောင်းအတိုင်း ဆက်သွားမည်ဟု ကြေညာ ထားပြီး PPST အနေဖြင့်လည်း NCA လမ်းကြောင်းကို ကိုင်စွဲသွားမည် ဖြစ်ကြောင်း၊ NCA လမ်းကြောင်းအတိုင်း သွားမည် ဆိုပါက လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်၍ မရနိုင်သောကြောင့် နိုင်ငံရေး ဆွေးနွေးမှုများ ကို ရပ်ဆိုင်ထားမည်ဖြစ်ကြောင်း ပြောသည်။

“NCA ဆိုတဲ့ နေရာမှာ ခုနကပြောသလို တရားဝင်အစိုးရ၊ အဲဒီအစိုးရထဲမှာလည်း လွှတ်တော်၊ တပ်မတော်၊ အစိုးရ ပါတာ ကိုး။ တဖက်မှာလည်း EAO တွေပါမယ်။ အခုက NCA ထဲမှာပါတဲ့ အစိတ်အပိုင်းတွေ မပြည့်စုံဘူး။ မပြည့်စုံတဲ့အတွက် အရေးကြီးတဲ့ ပြည်ထောင်စုအဆင့်ဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲတို့၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စတွေက တခြမ်းပဲ့ အနေနဲ့ ဖော်ဆောင်ဖို့ ခက်သွားပြီ။ ဒါကြောင့် အဲဒီလို အနေအထား ကာလမှာတော့ ဘယ်လိုမှ ဆွေးနွေးလို့ မရ ဘူးဆိုတဲ့ အနေအထား။ ဘယ်ကာလအထိ ရပ်မှာလဲ ဆိုတာကတော့ ပြောရခက်တယ်” ဟု ၎င်းက ဆိုသည်။

တဖက်တွင်လည်း PPST က စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် လူထု၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို အပြည့် အဝ ထောက်ခံကာ လိုအပ်သော ပံ့ပိုးမှုများအတွက် နည်းလမ်းများ ရှာဖွေပံ့ပိုးသွားမည်ဟု ကြေညာထားသည်။

မြန်မာနိုင်ငံအတွင်းရှိ စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် ပြည်သူလူထုကမူ အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးမှုများ မှာ တရားမဝင်ဟု ယူဆထားပြီး စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ် အသိအမှတ် ပြုသူများကိုပါ ဆန့်ကျင်သပိတ်မှောက် မှုများ ဆောင်ရွက်လျက်ရှိသည်။

မည်သို့ပင်ဖြစ်စေ CRPH က “လက်ရှိကာလတွင် အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှုများကို ရပ် ဆိုင်းထားမည်” ဟူသော PPST ၏ ယနေ့ ကြေညာချက်ကို အလေးအနက် ထောက်ခံကြိုဆိုကြောင်း ဖေ‌ဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် ကြေညာခဲ့သည်။

PPST ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် နိုင်ငံရေး ညှိနှိုင်းမှုများ ပြုလုပ်ရန် NCA လက်မှတ် ထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၂၀၁၆ ၌ စုပေါင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အပစ်ရပ် တိုင်းရင်းသား အဖွဲ့များ ၏ ထိပ်သီးခေါင်းဆောင်အဖွဲ့ဟုလည်း အများက သိကြသည်။

ပြီးခဲ့သည့် NLD အစိုးရ လက်ထက် ၅ နှစ်တာ ကာလအတွင်း PPST နှင့် အစိုးရတို့အကြား ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ ၄ ကြိမ် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ်အတွက် စုစုပေါင်း အချက် ၇၁ ချက် သဘောတူညီ နိုင်ခဲ့ သည်။

You may also like these stories:

မြစ်ကြီးနားတွင် သတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်နေ

စွပ်စွဲခံရသည့် ပုဒ်မဖြင့် ချက်ချင်း အမိန့်ချပေးဖို့ ဦးဝင်းထိန် တောင်းဆိုခဲ့

အာဏာသိမ်းမှုများ အားလုံး ပြီးဆုံးသွားနိုင်သော အာဏာသိမ်းမှု

Did you find apk for android? You can find new Free Android Games and apps.
Loading