နေပြည်တော် တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့ရသော မြသွဲ့သွဲ့ခိုင်၏အလောင်းကို စစ်ဆေးချက်အရ ဦးခေါင်းထဲတွင် တွေ့ရှိရသည့်အရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အသုံးပြုသည့် လက်နက်ခဲယမ်း မဟုတ် ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုလိုက်သည်။
ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော် သပြေကုန်း ဗိုလ်ချုပ်ကြေးရုပ်အနီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို ပစ် ခတ်ဖြိုခွဲခဲ့ရာ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်မှာ ဦးခေါင်းကို ကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ သတင်းစာတချို့၌ ရဲတပ်ဖွဲ့က ဖြေရှင်းထားခြင်းဖြစ်ပြီး နေပြည်တော် အဓိကရုဏ်းအတွင်း သေဆုံးသူ မြသွဲ့သွဲ့ခိုင်အား ရင်ခွဲစစ်ဆေးချက်အရ ဦးခေါင်းတွင် တွေ့ရှိရသော ပစ္စည်းအစမှာ အလျား ၁ စင်တီမီတာ၊ အနံ ၀ ဒသမ ၈ စင်တီမီတာ အလေးချိန် ၄ ဒသမ ၈ ဂရမ်ရှိ ခဲပုပ်ရောင် သတ္တု အပိုင်းအစ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ကိုင်ဆောင်အသုံးပြုနေသည့် အဓိကရုဏ်း နှိမ်နင်းရေး ခဲယမ်းများ ချေမှုန်းရေးခဲယမ်းများ၏ ကျည်ထိပ်ဖူးနှင့် ကွာခြားမှုရှိနေပြီး အခြားပြင်ပမှ အသုံးပြုသည့် လက်နက် တစုံတရာကြောင့် ဒဏ်ရာရရှိ သေဆုံးခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် သေဆုံးသူအမျိုးသမီး မြသွဲ့သွဲ့ခိုင်သည် ဥပဒေနှင့် ဆန့်ကျင်၍ ဆူပူအကြမ်းဖက်သည့် လူစုလူဝေးတွင် ပါဝင်နေပြီး ၎င်းကိုယ်တိုင်ကလည်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များထံသို့ ခဲဖြင့် ပစ်ပေါက်နေသည်ကို တွေ့ရကြောင်းလည်း ၎င်းတို့ ထုတ်ပြန် ထားသည့် သတင်းတွင် ပါရှိသည်။
နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ ဆရာဝန်ကြီး ၆ ဦးက မြသွဲ့သွဲ့ခိုင်၏ အလောင်းကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စစ်ဆေး ချက်အရ ဦးခေါင်းတွင် တွေ့ရှိရသည့်အရာမှာ သတ္တုအပိုင်းအစ ဖြစ်၍ ကျည်အစစ်ဖြစ်သည်ဟု ပြောဆိုထားသည်။
“ရဲတွေက လူထုရှိတဲ့နေရာကို ဝင်လာလို့ ပြည်သူတွေ နောက်ဆုတ်သွားတဲ့အချိန် ကျမတို့က လမ်းဘေးမှာ ကြည့်နေတာပါ။ ရဲတွေက သူတို့စည်းထဲကို ပြန်ဆုတ်လာတဲ့အချိန် ပြည်သူတွေက ခဲတွေနဲ့ ရေသန့်ဗူးတွေနဲ့ ပစ်ပေါက်လို့ ကျမတို့ က မှန်မှာစိုးလို့ လိုင်းပေါ်မှာ ပြန့်နေတဲ့ ပုံအတိုင်းပဲ အဲဒီအနောက်ကွယ်မှာ နေနေတာပါ။ သေနတ်တွေနဲ့ ပစ်သံကြားတော့ မိုးပေါ်ထောင်ပစ်နေတာလို့ပဲ ထင်တာ။ ကိုယ့်ညီမကို ခေါ်ပြီး လာသွားရအောင်လို့ လှည့်တဲ့အချိန်မှာ ပစ်ခံလိုက်ရတာပဲ” ဟု မြသွဲ့သွဲ့ခိုင်၏ အစ်မ ဖြစ်သူက ဧရာဝတီကို ပြောကြားထားသည်။
ရဲတပ်ဖွဲ့က ၎င်းတို့ မပစ်ခတ်ကြောင်း ငြင်းဆိုသော်လည်း သေနတ်ဖြင့် ပစ်ခတ်နေသည့် ရဲမှူးတယောက်၏ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်၌ ပျံ့နှံ့နေကာ ပြည်သူများကလည်း ဝေဖန်ခဲ့ကြသည်။
ယနေ့တွင် မြသွဲ့သွဲ့ခိုင်၏ ဈာပနအခမ်းအနားကို နေပြည်တော် ကွေ့ကြီးသုဿန်တွင် ပြုလုပ်ခဲ့ပြီး ပြည်သူများက လိုက်ပါပို့ ဆောင်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၂၀ ရက်လည်း မန္တလေးမြို့တွင် ဆန္ဒပြနေသည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းသဖြင့် သေနတ်ထိမှန်၍ ၂ ဦးသေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူဦးရေလည်း များပြားခဲ့ပြီး၊ ယင်းနေ့ ညပိုင်းတွင်လည်း ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ပြည်သူတဦး ရပ်ကွက်ကင်းစောင့်နေစဉ် ရဲကားတစီး ရောက်ရှိ လာသဖြင့် မေးမြန်းရာတွင် သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
You may also like these stories:
မန္တလေး ပစ်ခတ်မှု သေဆုံးသူ ၂ဦးရှိ၊ တဦးမှာ ဦးခေါင်းထိမှန် သေဆုံးခြင်းဖြစ်
မြစ်ကြီးနားတွင် သတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်နေ