ကချင်ပြည်နယ် ပူတာအိုမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခြင်းကြောင့်ဟု ဆိုကာ ဒေသခံ ၉ ဦးကို တပ်မတော်၊ တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ၂၀ ရက် ညပိုင်းက အင်အားဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံရသည့် ဒေသခံ ၉ ဦးမှာ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၈ ဦး ဖြစ်သည်။
ထို ၉ ဦးအနက် ၅ ဦးက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ကျန် ၄ ဦးမှာ ဆန္ဒပြရာတွင် ပါဝင် ခြင်း မရှိဘဲ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဒေသခံ ဦးအဖုန်က “ဖမ်းခံရတဲ့ထဲမှာ ၅ ဦးက ပထမဆုံး ဆန္ဒပြတဲ့ရက် တရက်တည်းပဲ ပါတာ။ အဲဒါကို သူတို့ကို ဆန္ဒပြတဲ့ ခေါင်းဆောင်တွေပါ ဆိုပြီး လိုက်ဖမ်းတာ။ သူတို့ ညက ဝင်ဖမ်းတော့ အနီးအနားက ခြံစောင့်၊ ပတ်ဝန်းကျင်က လူတွေပါ အကုန် ဖမ်းသွားတာ။ မနေ့ညက သူတို့ဝင်ဖမ်းတော့ တပ်အင်အား တော်တော်များတယ်။ တတောင်လုံးကို ဝိုင်းထားတာ။ ဒီသပိတ်နဲ့ ဘာမှမဆိုင်တဲ့ ၄ ယောက်ပါ ပါသွားတာ”ဟု ပြောသည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ၅ ဦးသည် ဖေဖော်ဝါရီ ၈ ရက်၊ တရက်တည်း ဆန္ဒပြရာ၌ ပါဝင်ခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးမည်ဟု သတင်းကြားသဖြင့် နေအိမ်များမှ တိမ်းရှောင်နေခဲ့ကြခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ၂၀ ရက်၊ ည ၁၀ နာရီဝန်းကျင်တွင် ၎င်းတို့ တိမ်းရှောင်နေသည့် ကောင်းမှုလုံစေတီနှင့် မျက်နှာချင်းဆိုင် တောင် ကုန်းတွင် တပ်မတော်၊ တပ်ဖွဲ့ဝင်များက အင်အားဖြင့် ဝိုင်းကာ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဒေသခံများကို တပ်မတော်၊ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးမှ ပူတာအိုမြို့နယ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းကာ အချုပ်ထဲသို့ ပို့ခဲ့ ခြင်း ဖြစ်သည်။
ဒေသခံများက ယနေ့ မနက်ပိုင်းတွင် ပူတာအိုမြို့ ရဲစခန်းသို့ သွားရောက် မေးမြန်းရာ ရဲတပ်ဖွဲ့ဘက်မှ ဖမ်းဆီးထားသူများ နှင့် တွေ့ခွင့်မပေးသည့်အပြင် မည်သည့် ပုဒ်မဖြင့် တရားစွဲဆိုထားသည်ကိုလည်း အတိအကျ ပြောဆိုခြင်း မရှိကြောင်း သိ ရသည်။
ဦးအဖုန်က “အာဏာသိမ်းတာကို မကျေနပ်လို့ ထုတ်ဖော်ကြတာပဲ ရှိပါတယ်။ နေ့လယ်မှာ သဘောထားတွေ ဖော်ထုတ် ခွင့်ရတော့ ညမှာ ငြိမ်ပါတယ်။ အခုက နေ့လယ်မှာ ဆန္ဒပြတာတွေကို လိုက်ဖမ်းတယ်ဆိုရင် လူငယ်တွေက ညတွေမှာ သောင်းကျန်းတာတွေ မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့က ဘယ်သူကမှ ရမ်းကားပြီး လုပ်တဲ့လူ မပါ ဘူး။ အခုလို လိုက်ဖမ်းတာတွေ မဖြစ်စေချင်ပါဘူး” ဟု ဆိုသည်။
မိသားစုဝင်များအနေဖြင့် ဖမ်းဆီးခံရသည့် ဒေသခံများ၏ ဥပဒေအရ ရပိုင်ခွင့်များရရှိရန် ရှေ့နေများနှင့်လည်း တိုင်ပင်နေ သည်ဟု ဦးအဖုန်က ပြောသည်။
ဒေသခံ ဦးဂျိုးကလည်း ၎င်းတို့ ဒေသခံများ ရဲစခန်းသို့ သွားရောက် မေးမြန်းရာ လူမစုရ အမိန့် ပုဒ်မ ၁၄၄ နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း ပြောသော်လည်း ပုဒ်မ အတိအကျကို ပြောပြခြင်း မရှိပါဟု ဆိုသည်။
“ကျနော်တို့က သတင်းမီဒီယာလည်း အမှောင်ချခံထားရတဲ့ ဒေသဆိုတော့ တဖက်မှာ ကူညီမယ့်သူတွေ ဥပဒေပိုင်း ကျွမ်း ကျင်သူတွေလည်း များများ မရှိတော့ အခက်အခဲတွေ ရှိပါတယ်။ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ သူတွေကလည်း ဦးဆောင်သူ တွေ မဟုတ်ဘူး။ အခုလိုလုပ်တာက ဒေသခံတွေအပေါ်ကိုလည်း ခြိမ်းခြောက်မှု အများကြီး ရှိပါတယ်” ဟု ပြောသည်။
ယနေ့ မနက် ၉ နာရီကျော်တွင် ဖမ်းဆီးခံထားရသည့် ဒေသခံ ၉ ဦးကို ရဲစခန်းမှ ထုတ်ကာ နမ်ဟော့ အကျဉ်းထောင်သို့ ပို့ လိုက်ပြီ ဖြစ်သည်။
ဖမ်းဆီးခံထားရသည့် ဒေသခံ ၉ ဦးကို မည်သည့် ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်းသိရှိရန် ဧရာဝတီမှ ပူတာအို မြို့ နယ် ရဲစခန်းမှ စခန်းမှူးထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း သတင်းကို အခြား တနေရာမှ စုံစမ်းရန် ပြောဆိုပြီး ဖုန်းချသွားသည်။
ပူတာအိုမြို့နယ်အတွင်းရှိ ဒေသခံများသည် ဖေဖော်ဝါရီ ၈ ရက်မှစ၍ လမ်းပေါ်ထွက်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်နေခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၂၀ ရက် ညက ဒေသခံ ၉ ဦး ဖမ်းဆီးခံရသော်လည်း ယနေ့ ဖေဖော်ဝါရီ၂၁ ရက်တွင် ဒေသခံများက ဆန္ဒပြ ခြင်းများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
You may also like these stories:
အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ စစ်တပ်နှင့် အရပ်သား အစိုးရကြား ရပ်တည်ချက် မပြတ်သား
မြစ်ကြီးနားတွင် သတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်နေ