မန္တလေးတွင် စစ်တပ်နှင့် ရဲများက ပစ်ခတ်သောကြောင့် လူ ၂ ဦး သေဆုံးသော်လည်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ ထောင်ပေါင်းများစွာသည် မြန်မာနိုင်ငံတောင်ပိုင်းမှ မြောက်ပိုင်းအထိ မြို့ကြီးပေါင်းများစွာတွင် တနင်္ဂနွေနေ့က ထပ်မံစုဝေးကြသည်။
တနင်္ဂနွေနေ့ နံနက် ၁ နာရီတွင် ရဲများသည် အာဏာသိမ်းမှုကို ဆန့်ကျင်သူ ကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင် လူမင်းကို ဖမ်းဆီးခဲ့ပြီး ဖေ့ဘွတ်ကလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာကို အကြမ်းဖက်မှုလှုံ့ဆော်သည့် စည်းကမ်းချက်ကို ချိုးဖေါက်သည်ဟု ဆိုကာ ပိတ်ပင်လိုက်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ရွေးကောက်ပွဲသစ် ကျင်းပမည်ဟု ကတိပေးကာ ဆန့်ကျင်သူများအား ဖမ်းဆီးခြင်း၊ သတိပေးခြင်းများ လုပ်နေသော်လည်း အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုကို မနှိမ်နင်းနိုင်ပေ။
ရန်ကုန်တွင် လူငယ်များသည် နေရာ ၂ ခုတွင် ကြွေးကြော်သံများကို အော်ဟစ်နေပြီး ရာပေါင်းများစွာသော လူထုသည် မန္တလေးတွင် စုဝေးခဲ့ကြသည်။
မကြာသေးမီက ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သည့် မြစ်ကြီးနားမြို့တွင်လည်း လူထုသည် ကျဆုံးသွားသော ဆန္ဒပြသူများအတွက် ပန်းခွေချအလေးပြုနေပြီး စာတန်းများကိုင်ဆောင်ထားသော လူငယ်များသည် မော်တော်ဆ်ိုင်ကယ်များဖြင့် မြို့တွင်းတွင် လှည့်လည်ခဲ့ကြသည်။
နိုင်ငံအလယ်ပိုင်း မုံရွာ၊ ပုဂံ နှင့်တောင်ပိုင်းမှ မော်လမြိုင်၊ ထားဝယ်၊ မြိတ်တို့တွင်လည်း လူထုသည် ချီတက်နေကြောင်း လူမှုကွန်ရက်တွင် တင်ထားသောပို့စ်များအရ သိရသည်။
မနက်ဖြန် ဖေဖော်ဝါရီ ၂၂ ရက်အား ၂ ဂဏန်း ၅ လုံး ထပ်သည်ကို အထိမ်းအမှတ်ယူ၍ တနိုင်ငံလုံး ဆန္ဒပြမှုများ လုပ်ရန်လည်း ဆန္ဒပြသူများက ဆိုရှယ်မီဒီယာတွင် လှုံ့ဆော်နေကြသည်။
ယင်းကို အစိုးရပိုင် ရုပ်သံ MRTV က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် “ဖေ ၂၂ တနင်္လာ ဈေးများဖွင့်လျက်ပါ။ ရောင်းဝယ် သွားလာ လွန်စည်ကား ပျော်ရွှင် ပြည်သူများ။” ဟု တန်ပြန်ရေးသားသောကြောင့် လူအများက ဝိုင်းလှောင်ပြောင်နေကြသည်။
စနေနေ့က မန္တလေးတွင် အချို့သော ဆန္ဒပြသူများသည် ပြေးလွှားရင်း ရဲများကို လေးခွများဖြင့် ပစ်ခတ်ကြသည်။ ရဲများက မျက်ရည်ယိုဗုံးများ သေနတ်များဖြင့် ဆန္ဒပြသူများကို ပြန်လည်ပစ်ခတ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
လုံခြုံရေးတပ်များက ပစ်ခတ်သည်များကို လူမှုကွန်ရက်မှ ဗီဒီယိုများက ပြသနေပြီး ကျည်ဆံအစစ်အခွန်များနှင့် ရာဘာ ကျည်ဆံများကို တွေ့ရကြောင်းမျက်မြင်သက်သေများပြောသည်။
လူ ၂ ယောက်သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရကြောင်း အရေးပေါ်ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများက ဆိုသည်။
ဆန္ဒပြသူများသည် သင်္ဘောများကို တားဆီးကာ ရဲများကို တုတ်များ၊ ဓါးများ၊ လေးခွများဖြင့် တိုက်ခိုက်ကြောင်း အစိုးရပိုင် သတင်းစာများက ဖေါ်ပြသည်။ ရဲ ၈ ယောက်နှင့် စစ်သားအများအပြား ဒဏ်ရာရကြောင်း သတင်းက ဆိုသည်။
ဆန္ဒပြသူများသေဆုံးမှုကို အစိုးရသတင်းစာက ဖေါ်ပြခြင်းမရှိသော်လည်း လုံခြုံရေးတပ်များ၏ လုပ်ရပ်ကြောင့် ဆန္ဒပြသူအချို့ ဒဏ်ရာရကြောင်း ဖေါ်ပြသည်။
တနင်္ဂနွေနေ့နံနက်အစောပိုင်းတွင် ရန်ကုန်ရှိ ဆန္ဒပြပွဲများတွင် ထင်ရှားသူ သရုပ်ဆောင်လူမင်းကိုရဲများက နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သူ၏ ဇနီးဖြစ်သူ ဒေါ်ခင်စပါယ်ဦးက ဖေ့ဘွတ်တွင်တင်သည့် ပို့စ်တခုတွင်ပြောသည်။
စစ်အာဏာသိမ်းမှုအပြီး လူပေါင်း ၅၆၉ ဦးကို ဖမ်းဆီးပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ကပြောသည်။
အနောက်နိုင်ငံများက စစ်အာဏာသိမ်းမှုကိုရှုတ်ချပြိး အကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်းပြောကြားထားသည်။
လုံခြုံရေးတပ်များက ဆန္ဒပြသူများကို ပစ်ခတ်သောသတင်းများကြောင် အမေရိကန်နိုင်ငံက လွန်စွာ စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ဒ် ပရိုက်စ်က ပြောသည်။
ပြင်သစ်၊ စင်္ကာပူနှင့် ဗြိတိန်တို့ကလည်း အကြမ်းဖက်မှုများကို ရှုတ်ချပြီး ဆန္ဒပြသူများကို ပစ်ခတ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမင်းနစ် ရက်ဘ်က ပြောသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရးမှူးချုပ် အန်တိုနီယို ဂူတားရက်ကလည်း သေစေသောလက်နက်များအသုံးပြုခြင်းကို လက်မခံကြောင်း တွစ်တာတွင်ရေးသားသည်။
You may also like these stories:
မြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်သည်မှာ ရဲတပ်ဖွဲ့ မဟုတ်ဟု ငြင်း
မန္တလေး ပစ်ခတ်မှု သေဆုံးသူ ၂ဦးရှိ၊ တဦးမှာ ဦးခေါင်းထိမှန် သေဆုံးခြင်းဖြစ်
CDM ကြောင့် စက်သုံးဆီ တင်သွင်းမှု ရပ်ဆိုင်းသွား