သတင်း

ရွှေပြည်သာမြို့နယ် ရပ်ကွက်ကင်းသမား ပစ်သတ်ခံရမှု၊ အမှုမဖွင့်ဖို့ ရဲစခန်းပြော

ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်၌ ညအချိန် လုံခြုံရေး ကင်းစောင့်နေသည့် အမျိုးသားတဦးအား ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့်အတွက် လှော်ကားနယ်မြေ ရဲစခန်းသို့သွားရောက် အမှုဖွင့်ရာတွင် အမှုဖွင့်ပေးခြင်း မရှိကြောင်း ၎င်း၏ ဇနီး ဖြစ်သူက ပြောသည်။

သေဆုံးသူ အသက် ၃၀ အရွယ် ကိုတင်ထွဋ်ဟိန်းဖြစ်ပြီး ဖေဖော်ဝါရီလ၂၀ ရက်က ညဘက်လုံခြုံရေးယူနေစဉ် ရဲတပ်ဖွဲ့ဝင် များဟု ယူဆရသူများက ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသူ၏ ဇနီးက “ရဲစခန်းဘက်က အမှုမဖွင့်ဖို့ဘဲ ပြောတယ်။ အခု လူကြီးတွေနဲ့ ဆက်ညှိနှိုင်းနေတယ်။ တရား ဥပဒေ မဲ့သလို ဖြစ်တယ်။ မတရား အနိုင်ကျင့်တယ်ပေါ့။ အမှုမှန်ပေါ်ပေါက်ချင်တယ်။ သူ့အဖေကို ပြောလိုက်တာကျတော့ အမှု မဖွင့်ဖို့ကို တောင်းပန်တယ်။ ဒါပေမယ့် ကျမက အမှန်အတိုင်းကို ဖြစ်စေချင်တယ်။ ယောက်ျား အသက်ဆုံးရှုံးသွားတဲ့ အတွက် ကြက်ကလေး ငှက်ကလေးလည်း မဟုတ်ဘူး၊ လူတယောက်ကို အဲဒီလိုမျိုး လုပ်တာကို အမှန်အတိုင်း ဖြစ်စေချင် တာ” ဟု ၎င်းက ပြောသည်။

သေဆုံးသူမှာ နောက်စိကနေ ကျည်ဆန် ဖောက်ဝင်ခဲ့ကာ ညာဘက်မျက်လုံးမှ ပြန်ထွက်ပြီး သေဆုံးရခြင်းဖြစ်ကြောင်း မှုခင်း ဆရာဝန်များပြောကြားချက်ကို သေဆုံးသူ၏ ဖခင်ဖြစ်သူက ပြောပြသည်။

ကိုတင်ထွဋ်ဟိန်း၏ ဖခင်က“အမှုဖွင့်ချင်လို့ဆိုတော့ ခဏလေး သတင်းပို့လိုက်ဦးမယ်တဲ့ ဝင်သွားလိုက်တာ၊ ၁ နာရီ လောက်ကြာမှ၂ ပွင့်နဲ့ စခန်းမှူးက ၁ ဦး လာထွက်ခေါ်တယ်။ အဲဒီအချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးလို့ပြောတာပဲ။ ဦး လည်း သူ့ကို ဂဃနဏ မမြင်ဖူးဘူး။ အရင် အုပ်ချုပ်ရေးမှူးကတော့ မြင်ဖူးတာပေါ့။ နောက်တယောက်က ၁ ပွင့်နဲ့ အခန်း ထဲမှာ ထိုင်နေတော့ ဘာပြောလဲဆိုတော့ ဒါကို တောင်းပန်တိုးလျှိုးတဲ့အကြောင်း၊ တိုးလျှိုးတယ်ဆိုတဲ့ ဘယ်လိုမျိုးလဲဆို တော့ သူ့အပြစ်ရယ်၊ ကိုယ့်အပြစ်ရယ်လို့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဒီအချိန်က ၁၄၄ ထုတ်ထားတဲ့အတွက် သူ့ရဲ့သက် ရောက်မှုက ည ၈ နာရီကနေ မနက် ၄ နာရီဆိုတာ ရှိပါတယ်တဲ့။ အဲဒီအချိန်မှာ ဖြစ်သွားတဲ့အတွက်ကျနော်ကြားတဲ့ သတင်းက ဒီကားကို တုတ်နဲ့ရိုက်တာ ဓားနဲ့ ခုတ်တယ်လို့ ပြောတယ်။ ကျနော်လည်း ဖြေရှင်းတယ်။ ကျနော့်သားတွေအဖွဲ့ နဲ့တော့ မဖြစ်နိုင်ဘူးလို့ တခြားအဖွဲ့နဲ့ဆိုရင်တော့ မသိဘူး။ တဖွဲ့ထဲကျတဲ့သူတွေကို မေးပြီးပြီ။ ထွက်ကြည့်ရုံပဲတဲ့” ဟု ပြော ဆိုသည်။

သေဆုံးသွားသူ၏ ဇနီး (ဓာတ်ပုံ- ဧရာဝတီ)

ယင်းသို့ ပစ်သတ်မခံရမီက ညလုံခြုံရေးယူသည့် ကိစ္စနှင့် ပတ်သက်ပြီး ဘေးကပ်ရက် ရပ်ကွက်တခုတွင် စစ်တပ်ထောက်ခံ သူအချို့နှင့် ရိုက်နှက်မှုဖြစ်ပွားပြီး အချင်းများထားကြောင်း မျက်မြင်တွေ့ရသူတဦးက ပြောသည်။

“ကျနော်တို့ ရပ်ရွာအတွက် လုံခြုံမှုတခုလုပ်တဲ့အချိန်မှာ မင်းတို့က ဘယ်သူ့အမိန့်ကြောင့် လာလုပ်တာလဲဆိုပြီး ကျနော်တို့ ကို တားတယ်။ ဒါပေမယ့် ကျနော်တို့က ဒါလုပ်ချင်တယ် ပြောတာကို လက်သင့်မခံဘူး။ ပြဿနာရှာတယ်” ဟု ၎င်းက ရှင်း ပြသည်။

အဆိုပါ အချင်းများမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်လာပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် သေနတ်ပစ်သံ သုံးချက်ကြား ပြီးနောက် ယင်းသို့ အမျိုးသားတဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ယူနီဖောင်းနဲ့က၂ ယောက် ၃ ယောက်လောက် ပါတယ်။ ကားက အလုံပိတ် စူပါကာစတန်ကားလေး။ သေနတ်ကိုင်ထား တဲ့ ရဲက၂ ယောက်ပါတယ်” ဟု မျက်မြင်တွေ့ရသူတဦးက ပြောသည်။

စတင် သေဆုံးချိန်က တိုက်ရိုက်ထုတ်လွှင့်သည့် ဗွီဒီယိုတခုတွင် အဆိုပါ အမျိုးသား၏ ဦးခေါင်းတွင် ထုတ်ချင်းပေါက် ဒဏ်ရာကို မြင်တွေ့ရပြီး ပစ်ခတ်သွားသည့် ရဲကားသည် လှော်ကား ရဲစခန်းသို့ ဝင်သွားကြောင်း ပြောဆိုလျက်ရှိသည်။

စစ်အာဏာရှင် ဆန့်ကျင်မှုနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ၂၀ ရက် ညပိုင်းက ရန်ကုန်မြို့တွင် အဆိုပါ အမျိုးသား အပါ အဝင် ၆ ဦး သေဆုံးခဲ့ရသည်။

အင်းစိန်မြို့သစ်တွင်တွင် ကားနှင့် ဝင်တိုက်ခံမှုကြောင့်၂ ဦး၊ ဘုရင့်နောင်တွင် အလားတူ ကားနှင့် ဝင်တိုက်မှုကြောင့်၂ ဦး နှင့် ယုဇနဥယျာဉ်မြို့တော်တွင် တရားခံ မသိရ၊ အကြောင်းရင်း မသိရဘဲ လည်ပင်းကို ဓားနှင့်လှီးခံရ၍သေဆုံးနေသူ ၁ ဦးတို့ ဖြစ်သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေသူတဦးဖြစ်သည့် သရုပ်ဆောင်၊ ဒါရိုက်တာ လူမင်း ကိုလည်း ဖေဖော်ဝါရီလ၂၀ ရက် ညပိုင်းက ၎င်း၏ နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင်လည်း ဒဏ်ရာရလူနာများကို ဝ်ိုင်းဝန်းစောင့်ရှောက်နေသည့် အသက် ၁၆ နှစ်အရွယ် လူငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့်အပြင် ဖေဖော်ဝါရီ ၉ ရက် က နေပြည်တော် သပြေကုန်း ဗိုလ်ချုပ်ကြေးရုပ်အနီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူမျာကို ပစ်ခတ်ဖြိုခွဲခဲ့ရာ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်မှာ ဦးခေါင်းကို ကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။

သို့သော် မမြသွဲ့သွဲ့ခိုင်၏ အလောင်း စစ်ဆေးချက်အရ ဦးခေါင်းထဲတွင် တွေ့ရှိရသည့်အရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အသုံးပြုသည့် လက်နက်ခဲယမ်း မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုထားသည်။

ထို့ပြင် ကရင်ပြည်နယ် ဘားအံ့ဒုက္ခသည်စခန်းတွင် မီးကွင်းပစ်ခံရသဖြင့် သေဆုံးခဲ့သူ ကလေးငယ်၂ ဦး၊ မန္တလေးတွင် ည ပိုင်း၌ ကားနှင့်တိုက်ခံရသူ အမျိုးသား ၁ ဦး၊ CDM တွင်ပါဝင်၍ အဖမ်းခံရပြီးနောက် စစ်တပ်ကားဖြင့် တိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူ ချင်းအမျိုးသား ၁ ဦး၊ မြိတ်တွင် ညကင်းစောင့်ရင် အရိုက်ခံရ၍ သေဆုံးခဲ့ရသည့် လူငယ် ၁ ဦးတို့ အပါအဝင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးတွင် သေဆုံးသူ ၁၂ ဦး ရှိပြီဖြစ်သည်။

You may also like these stories:

မြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်သည်မှာ ရဲတပ်ဖွဲ့ မဟုတ်ဟု ငြင်း

ပူတာအိုတွင် ဆန္ဒပြဒေသခံ ၉ ဦးကို တပ်မတော်က ပိတ်ဆို့ဖမ်းဆီး

Loading