ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးအချို့နှင့် ပြည်ပနိုင်ငံများက ထုတ်ပြန်ကြေညာချက်များသည် မြန်မာ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်စွက်ဖက်နေပြီး ထိုသို့ ဝင်ရောက် မစွက်ဖက်ကြရန် ဖေဖော်ဝါရီလ၂၁ ရက်က သတိပေးလိုက် သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လက်ရှိသော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချသောအားဖြင့် နိုင်ငံတဝန်းရှိ ပြည်သူ များ ဆန္ဒပြခဲ့ကြပြီး တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲမှုများ ပြုလုပ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကလည်း နေပြည်တော်ရှိ မြသွဲ့သွဲ့ခိုင် သေဆုံးမှု၊ မန္တလေးရှိ ဆန္ဒပြသူများကို အသက် သေအောင် ပစ်ခတ်သဖြင့် အလွန်အမင်း စိတ်သောကဖြစ်ရကြောင်းနှင့် စစ်တပ်အနေဖြင့် မြန်မာပြည်သူ လူထုအပေါ် အကြမ်းဖက်ခြင်းအား ရပ်ကိုရပ်တန့်ရပါမည် ဆို၍ ထုတ်ပြန်ခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ကလည်း ယူကေနှင့် ကနေဒါတို့က မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုအတွက် တာဝန်ရှိသူများကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်လိုက်သည့်အတွက် ကြိုဆိုကြောင်း၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို အာဏာပြန်ပေးရန် ပြောကြားထားသည်။
ဂျပန်၊ တရုတ်သံအမတ်များကလည်း ဆန္ဒပြပြည်သူများကို အကြမ်းဖက်သည့်အပေါ် ထုတ်ဖော်ပြောဆိုမှုများ ရှိလာသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူအများက ရန်ကုန်မြို့အခြေစိုက် သံရုံးများအရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်နေပြီး သံအမတ်များကလည်း ဆန္ဒပြသူများကို တွေ့ဆုံစကားပြောဆိုမှု များ ရှိနေ စဉ်မှာပင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးကြေညာလိုက်ခြင်းလည်း ဖြစ်သည်။
သံတမန်ဆက်ဆံရေးဆိုင်ရာ ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၄၁ တွင် သံတမန်များသည် နိုင်ငံ၏ ပြည်တွင်းရေး ကို ဝင်ရောက် စွက်ဖက်ခြင်း မပြုသင့်ဘဲ လက်ခံသည့် နိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားရန် ဖော်ပြ ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများအနေဖြင့် ဗီယင်နာကွန်ဗန်းရှင်းနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတို့တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံအများက လက်ခံကျင့်သုံးလျက်ရှိသော မူဝါဒများနှင့် စံနှုန်းများကို တိကျစွာလိုက်နာသင့်ကြောင်း နိုင်ငံရေးခြားရေး ဝန် ကြီးဌာနက ဆိုထားသည်။
ရန်ကုန်မြို့အခြေစိုက် ဥပဒေပညာရှင် တဦးကမူ နိုင်ငံတကာ အသိအမှတ်ပြုထားသည့် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်း လိုက်သည့် တပ်မတော် လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်သည် နိုင်ငံတကာ၏ မြန်မာအရေး စိုးရိမ်ချက်များနှင့် ပါဝင်ပတ်သက်မှုကို တားမြစ်နိုင်မည် မဟုတ်ကြောင်း သုံးသပ်သည်။
“အခုကိစ္စက နိုင်ငံတကာနဲ့လည်း ချိတ်ဆက်နေတဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံရတဲ့ကိစ္စတွေ၊ လက်နက်မဲ့ ပြည်သူတွေကို လက်နက်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်၊ သတ်ဖြတ်တဲ့ကိစ္စတွေ ဒါတွေပါလာတဲ့ အခါကျတော့ ဂျနီဗာ ကွန်ဗန်းရှင်း ထက်ပိုမြင့်တဲ့ ကုလသမဂ္ဂပဋိဉာဏ် စာတမ်းနဲ့တောင် အကျုံးဝင် သက်ဆိုင်နေတာပေါ့။ နောက်တခါ အင်အားသုံးဖြိုခွဲလို့ လူတွေ အစုလိုက်အပြုံလိုက်သတ်ခံတာတွေ ဖြစ်လာရင် နိုင်ငံတကာကလည်း ပါဝင်ခွင့် ရှိပါတယ်။ အခုလို ယတိပြတ်ကြီး ဝင်မစွက်နဲ့ ပြောတာက တားမြစ်ခွင့်လည်း မရှိ။ တားလို့လည်း ရမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် ကိုယ်တိုင် ဥပဒေ မလိုက်နာသူက ၎င်းအား အကာအကွယ်ဖြစ်နိုင်မည့် နိုင်ငံတကာဥပဒေ ပုဒ်မအချို့ကို ကိုးကားပြောဆိုနေခြင်းသာ ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ဥပဒေပညာရှင်တဦးက ပြောသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို သေစေနိုင်သော အင်အားအသုံးပြုခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် တိုက်ခိုက်ခြင်းများအား လုံးဝလက်မခံနိုင် ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားထားသည်။
လူတိုင်းသည် ငြိမ်းချမ်းစွာ စုဝေးခွင့်ရှိပြီး ပါဝင်ပတ်သက်သူ အားလုံးအနေဖြင့် ရွေးကောက်ပွဲရလဒ်များကို လေးစားကာ အရပ်သား အုပ်ချုပ်ရေးကို ပြန်လည် လုပ်ဆောင်ပေးရမည် ဟုလည်း မစ္စတာ အန်တိုနီယိုဂူတာရက်စ်က တိုက်တွန်းသည်။
ကမ္ဘာတဝှမ်း ကလေးသူငယ်များကို အကာအကွယ်ပေးနိုင်ရေး လုပ်ဆောင်ပေးနေသည့် Save the Children အဖွဲ့က လည်း ပြီးခဲ့သည့် စနေနေ့က မန္တလေးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အောက် လူငယ် တဦး သေဆုံးခဲ့ရမှုအပေါ် အံ့သြတုန်လှုပ်မိပြီး ဆန္ဒပြသူများကြားက ကလေးသူငယ်များ၏ အသက်အန္တရာယ်ကို စိုးရိမ်မိ ကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူများက ရန်ကုန်မြို့ရှိ UN ရုံး၊ အမေရိကန် သံရုံး၊ တရုတ်သံရုံး၊ ရုရှားသံရုံး၊ စင်ကာပူသံရုံး၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ကိုရီးယား၊ ဘရူနိုင်း စသည့် သံရုံးများရှေ့၌ နေ့စဉ်သွားရောက်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိပြီး ယနေ့ ဖေဖော်ဝါရီ၂၂ ရက်တွင်မူ အမေရိကန်သံရုံးရှိရာ တက္ကသိုလ်ရိပ်သာလမ်းတွင် လမ်းပိတ်ဆို့ထားပြီး ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် ရေကားများဖြင့် လုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရသည်။
You may also like these stories:
ပစ်ခတ်မှုများ ရှိသော်လည်း ဆန္ဒပြသူများ ထပ်မံစုဝေး
မြန်မာအပေါ် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က ဒဏ်ခတ်ပိတ်ဆို့မှု ပိုမိုလုပ်ဆောင်မည်ဟုဆို