အမေရိကန်၏ ဒဏ်ခတ်ပ်ိတ်ဆို့သည့် စာရင်းတွင် အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့ကို ထပ်မံပါဝင်လာကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင် ကြေညာသည်။
မကြာသေးမီ ရက်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေသာ ပြည်သူများကို မြန်မာ လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့သော ကြောင့် အရေးယူမှု ထပ်မံ ပြုလုပ်ရခြင်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ပြီးခဲ့သည့် စနေနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) ကပင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် မန္တလေး တွင် အသက် ၁၆ နှစ်အရွယ် လူငယ် ၁ ဦးနှင့် လူလတ်ပိုင်း ၁ ဦး ထပ်မံ သေဆုံးခဲ့ရပြီး ဆန္ဒပြသူ အများအပြား ထိခိုက်ဒဏ် ရာ ရရှိခဲ့သည်။
လက်ရှိ အချိန်ထိ အမေရိကန်၏ ဒဏ်ခတ် အရေးယူခံရသော စစ်ဗိုလ်ချုပ် စုစုပေါင်း ၁၂ ဦး ရှိနေပြီဖြစ်ပြီး မြန်မာ့ တပ်မတော်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်း ၃ ခုလည်း အရေးယူခံထားရသည်။
ဖေဖော်ဝါရီ ၁၁ ရက်က ပထမအကြိမ် ကြေညာသည့် အရေးယူခံရသူများ အမည်စာရင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒု-သမ္မတ အငြိမ်းစား ဦးမြင့်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ရေတပ်ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး အောင် လင်းဒွေးတို့ ပါဝင်သည်။
ယခု ဒုတိယအကြိမ် ကြေညာသည့် စာရင်းတွင်မူ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့ပါ ပါဝင်လာခြင်း ဖြစ်သည်။
တပ်မတော်နှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်း ၃ ခုဖြစ်သော Myanmar Ruby Enterprise၊ Myanmar Imperial Jade ကုမ္ပဏီလီမိတက်နှင့် Cancri (Gems and Jewelry) ကုမ္ပဏီလီမိတက်တို့သည်လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်း ပါဝင်သည်။
နောက်ထပ်လည်း အရေးယူဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်သွားရန် ရှိနေကြောင်းလည်း အမေရိကန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price ပြောကြောင်းလည်း VOA သတင်းတွင် ဖော်ပြထားသည်။
You may also like these stories:
အာဏာသိမ်း စစ်ဗိုလ်ချုပ်များကို ဗြိတိန်နှင့် ကနေဒါ ဒဏ်ခတ်အရေးယူ
မြန်မာအပေါ် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က ဒဏ်ခတ်ပိတ်ဆို့မှု ပိုမိုလုပ်ဆောင်မည်ဟုဆို