မန္တလေးမြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် အရပ်သားများအား အသက်အန္တရယ် ဖြစ်သည်အထိ ပစ်ခတ်နှိမ်နင်းစဉ် ရိုဟင်ဂျာများအပေါ် ရက်စက်မှုများအတွက် တာဝန်ရှိသည့် ခြေမြန်တပ်မတခုကို မြန်မာစစ်အစိုးရက အသုံးပြုခဲ့သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် အဆိုအရ သိရသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မန္တလေးရှိ အစိုးရသင်္ဘောကျင်းတခု အနီးမှ ဆန္ဒပြသည့် လူစုလူဝေး အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့များက ကျည်ဆန်အစစ်များ၊ ရာဘာ ကျည်ဆန်များနှင့် ပစ်ခတ်ခဲ့မှုကြောင့် ဆယ်ကျော်သက် လူငယ်တယောက် အပါအဝင်အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ရသည်။ လူအများအပြားလည်း ဒဏ်ရာရခဲ့သည်။
စစ်သားများနှင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲ အဖွဲ့ဝင်များ ပါဝင်သော လုံခြုံရေး ဝန်ထမ်း ၁၀၀ နီးပါးကို စစ်ကား တဒါဇင်ကျော်ဖြင့် တာဝန်ချထားခဲ့သည်ကို မီဒီယာများနှင့် ဒေသခံများ မျက်မြင်တွေ့ရှိခဲ့သည်။
ပစ်ခတ်ဖြိုခွင်းမှုများအပြီး ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က မန္တလေးမှ နှိမ်နင်းမှုတွင် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် အစုလိုက် အပြုံလိုက် ရက်စက်စွာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် အမှတ် ၃၃ ခြေမြန်တပ်မမှ စစ်သားများ ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်ဟု Twitter တွင် ရေးသားခဲ့သည်။
ဒေသခံ မီဒီယာများမှ ရိုက်ကူးခဲ့သော ဓာတ်ပုံများတွင် အခင်းဖြစ်ပွားသည့် နေရာ၌ လက်မောင်းတံဆိပ်တွင် “၃၃” ဟု ရေးထိုးထားသည့် ပျောက်ကြားဝတ်စုံဝတ် စစ်သည်များကို ထင်ရှားစွာ မြင်တွေ့ရသည်။
ရိုက်တာသတင်းဌာန၏ အထူးသတင်းတခုအရ အဆိုပါ ခြေမြန်တပ်မသည် မြန်မာ နိုင်ငံ အနောက်ပိုင်းမှ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး နောက်ပိုင်းတွင် မွတ်ဆလင် ၇၀၀ ၀၀၀ ကို မြန်မာနိုင်ငံမှ ထွက်ပြေးစေသည့် ၂၀၁၇ ခုနှစ် ပဋိပက္ခ ထိပ်ဆုံးနေရာမှ ပါဝင်ခဲ့သည့် တပ်ဖွဲ့ ၂ ခု အနက်မှ တခုဖြစ်ကြောင်း သိရသည်။ စစ်သားများက မတရား ဖမ်းဆီးခြင်း၊ မီးရှို့ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သတင်းက ဆိုသည်။
အမှတ် ၃၃ ခြေမြန်တပ်မသည် ရိုက်တာမှ ဖော်ထုတ်ခဲ့သော ရိုဟင်ဂျာ အမျိုးသား ၁၀ ယောက်အား စစ်သားများနှင့် ဒေသခံ ရွာသားများက အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် အမှုဖြစ်ပွားခဲ့ရာ အင်းဒင်ကျေးရွာ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။
မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအပြီးတွင် Tom Andrews က “ မြန်မာ ပြည်သူလူထု အပေါ်တွင် စစ်ဆင်နေသည့် စစ်အစိုးရ၏ အန္တရာယ်ကြီးမားသော အရှိန်မြှင့်တင်မှုတခု” ကို ပြစ်တင်ရှုတ်ချခဲ့သည်။
“ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ရေ အမြောက်ဖြင့် ပစ်ခတ်ခြင်း၊ ရာဘာကျည်ဆံ သုံးခြင်း၊ မျက်ရည်ယို ဓာတ်ငွေ့သုံးစွဲခြင်းများမှ အစ ခက်ထန်ကြမ်းကြုတ်သော တပ်သားများမှ ချိန်ရွယ်ပစ်ခတ်နေသည်ကို တွေ့ရသည်။ ရက်စက် လူမဆန်စွာ ပြုလုပ်နေခြင်းများ ချက်ချင်း ရပ်တန့်ပါ” ဟု အထူးကိုယ်စားလှယ်က ပြောကြားသည်။
မန္တလေး ပစ်ခတ်မှုကို နိုင်ငံတကာ အစိုးရများက ချက်ချင်း ပြစ်တင်ရှုတ်ချခဲ့သည်။
စစ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံက “ဆန့်ကျင်ခွင့်ကို ကျင့်သုံးခြင်းကြောင့် မည်သူတဦးတယောက်မျှ ထိခိုက် နစ်နာ၍ အန္တရာယ် မကျရောက်သင့်ကြောင်းနှင့် မန္တလေးတွင် ဆန္ဒပြသူများအား အသက်သေအောင် ပစ်ခတ်မှုကြောင့် မိမိတို့ အလွန်အမင်း စိတ်သောက ဖြစ်မိပါသည်” ဟု ပြောကြားခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့ကိုလည်း ဒဏ်ခတ် အရေးယူလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင် ကြေညာသည်။
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Dominic Raab က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်ခတ်ခြင်းသည် လက်သင့်ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေကြောင်း ပြောကြားခဲ့သည်။
ဒီမိုကရေစီကို ချိုးဖျက်၍ အယူအဆကွဲသူများကို ဖိနှိပ်နေသည့် စစ်အစိုးရအပေါ် ဗြိတိန်က အခြားနိုင်ငံတကာ မိတ်ဖက်များနှင့် အတူ နောက်ထပ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် စဉ်းစားနေသည်ဟု ပြောသည်။
ဖေဖော် ဝါရီလ ၁၈ ရက်နေ့တွင် ဗြိတိန်က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် သူ၏ လက်ထောက် ဗိုလ်ချုပ် သန်းလှိုင်တို့အပေါ် စစ် အာဏာသိမ်းခဲ့ပြီး နောက် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ခဲ့သော သူတို့၏ အခန်း ကဏ္ဍများ အတွက် အရေးယူ ဒဏ်ခတ်မှုများ ချမှတ်ခဲ့သည်။
ဥရောပသမဂ္ဂ ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသော အရပ်သားများအပေါ် တပ်မတော်၏ အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချ တုန့်ပြန်ခဲ့သည်။
EU ၏ နိုင်ငံခြားရေးဝန်ကြီး Josep Borrell က “အရပ်သားများအပေါ် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရန် မြန်မာနိုင်ငံမှ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ အားလုံးကို တိုက်တွန်းပါသည်” ဟု Twitter တွင် ရေးသားခဲ့သည်။
ဖေဖော်ဝါရီလ ၂၂ ရက် နေ့တွင် ကျင်းပသည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကောင်စီ (FAC) အစည်းအဝေးတွင် ဝန်ကြီးများက မြန်မာနိုင်ငံ၏ နောက်ဆုံး အခြေ အနေများကို ဆွေးနွေး ခဲ့ကြပြီး မြန်မာအစိုးရကို ပေးနေသည့် ဖွံ့ဖြိုးရေးအကူအညီများကို ရပ်ဆိုင်းပစ်ခဲ့သည်။
ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြန်ကြားရေးဆိုင်ရာ အတွင်းဝန် Yoshida Tomoyuki က ဂျပန်အစိုးရအနေဖြင့် အရပ်သားများအပေါ် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရန် မြန်မာ လုံခြုံရေးယန္တရားကို ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံများအား ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို လျင်မြန်စွာ ပြန်လည်ထူထောင်ပေးရန် မြန်မာ့တပ်မတော်ကို ဂျပန်နိုင်ငံက ထပ်မံ၍ ပြင်းပြင်းထန်ထန် တိုက်တွန်းထားသည်။
ထို့ပြင် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများအပေါ် အင်အားသုံး တိုက်ခိုက်မှုကြောင့် မန္တလေးတွင် အရပ်သားများ ထိခိုက်သေဆုံးရသည့် အပေါ် စိတ်ပျက်မိကြောင်း ပြော ကြားခဲ့သည်။
လက်နက်မဲ့ အရပ်သားများအပေါ် သေစေလောက်သည့် လက်နက်များ အသုံးပြုခြင်းက ခွင့်လွှတ်နိုင်စရာ မဟုတ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် နောက်ထပ် ဒဏ်ရာရမှုများနှင့် အသက်သေဆုံးမှုများကို ရှောင်ရှားရေး အစွမ်းကုန် ထိန်းချုပ်ဆောင်ရွက်ရန်နှင့် အခြေအနေကို အရှိန်လျှော့ချပြီး တည်ငြိမ်မှု ပြန်လည်ရရှိစေရေး ချက်ချင်း ဆောင်ရွက်ရန် စင်ကာပူနိုင်ငံက ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း ၎င်းက ပြောသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာနိုင်ငံတွင် သေစေနိုင်သော အကြမ်းဖက်မှုများ အသုံးပြုခြင်းကို သူ ရှုတ်ချကြောင်း ပြောသည်။ ငြိမ်းချမ်းစွာဆန္ဒပြသူများ အပေါ်တွင် ပြင်းထန်သော အင်အားသုံးခြင်း၊ ခြိမ်းခြောက်ခြင်း နှင့် နှိပ်စက်ခြင်းများက လက်ခံနိုင်စရာ မဟုတ်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံမှ စစ်အာဏာ သိမ်းယူမှုနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများကို တုန့်ပြန်သော အနေဖြင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) အဖွဲ့ဝင်များ အားလုံး နှင့် တပ်မတော်၏ စီးပွားရေးလုပ်ငန်းစုများ ဖြစ်သည့် မြန်မာ့စီးပွားရေး ဦး ပိုင်လီမိတက်(MEHL) နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) အပေါ်တွင် ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့မှုများ၊ ခရီးသွားလာမှု တားမြစ်မှုများနှင့် ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းများ ချက်ချင်း ချမှတ်ရန် ကမာ္ဘ့နိုင်ငံများသို့ တောင်းဆိုခဲ့သည်။ ထို့ပြင် ၎င်း အဖွဲ့အစည်းများ၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ တပ်မတော်၏ လုပ်ငန်းစုကြီးများမှ ဒါရိုက်တာများနှင့် အရာရှိများအား အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်။
ကမာ္ဘလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ပင် အရေးယူရန်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို HRW က တောင်းဆိုခဲ့သည်။
အရေးယူ ဆောင်ရွက်မှုများ အနေဖြင့် လက်နက်ခဲယမ်းများနှင့် အခြားစစ်ရေးနှင့် ဆက်စပ်သော ပစ္စည်းကိရိယာများ ဖြစ်သော မော်တော်ယာဉ်များ၊ ဆက်သွယ်ရေးနှင့် စောင့်ကြည့်ရေးကိရိယာများကဲ့သို့သော ၂ မျိုးသုံး ပစ္စည်းများနှင့် လေ့ကျင့်သင်တန်းပေးမှုများ၊ သတင်း အချက်အလက် ဝေမျှခြင်းများ နှင့် အခြားသော စစ်ရေးဆိုင်ရာ အထောက်အကူများကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထောက်ပံ့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကို ပိတ်ပင်သင့်သည် ဟု HRW ကပြောသည်။
ရုရှားနှင့် တရုတ် နိုင်ငံတို့ကလည်း ယူကရိန်း၊ တူရကီနှင့် အစ္စရေး တို့ နှင့် အတူ မြန်မာနိုင်ငံသို့ သူတို့၏ ရောင်းချမှုများနှင့် အကူအညီများကို ဖြတ်တောက်ရန် နိုင်ငံများက တောင်းဆိုသင့်သည် ဟု HRW က တိုက်တွန်းသည်။
You may also like these stories:
ရွှေပြည်သာမြို့နယ် ရပ်ကွက်ကင်းသမား ပစ်သတ်ခံရမှု၊ အမှုမဖွင့်ဖို့ ရဲစခန်းပြော
မြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်သည်မှာ ရဲတပ်ဖွဲ့ မဟုတ်ဟု ငြင်း
စစ်အာဏာရှင်ကို အံတုသည့် Gen Z နှင့် အဓိက အင်အားစုများ