ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ အင်ဒိုနီးရှားသံရုံးရှေ့တွင် ဆန္ဒပြသူများ စုရုံးရောက်ရှိနေချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးသည် ပြည်သူများ၏ ဆန္ဒအတိုင်း ဖြစ်သင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ Retno Marsudi က ပြောကြားခဲ့သည်။
မြန်မာစစ်အစိုးရက ၎င်းတို့ပေးထားသည့် ကတိအတိုင်း မျှတသော ရွေးကောက်ပွဲတခု ကျင်းပရေး အတွက် လေ့လာစောင့် ကြည့်သူများ စေလွှတ်ပေးရေး အစီအစဉ်တခုကို အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ (ASEAN ) သို့ အင်ဒိုနီးရှားနိုင်ငံက တွန်းအားပေးနေကြောင်း ရိုက်တာ၏ သတင်းတခုက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဒေါသထွက် စေခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့မနက်တွင် ရန်ကုန် အင်ဒိုနီးရှားသံရုံးရှေ့သို့ ဆန္ဒပြသူများ စုရုံးရောက်ရှိလာစေခဲ့သည်။
ဆန္ဒပြသူများက နောက်ထပ် ရွေးကောက်ပွဲ အလိုမရှိဘဲ ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုနိုင်သည့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို အသိအမှတ်ပြုရေး အစိုးရကို တောင်းဆိုကြသည်။
“အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ အညီ ဆောင်ရွက်သင့်ပါတယ်။ ရှေ့ကို သွားမယ့် နည်းလမ်းမှန်သမျှက ဒီအဆုံးသတ်ကို ရည်ရွယ်ပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ၏ ရုံးခန်းမှ ရိုက်တာသို့ ပေးပို့သော စာတွင် ပြောကြောင်း သိရသည်။
“အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပူပန်နေပြီးတော့ မြန်မာပြည်သူတွေကို ထောက်ခံပါတယ်။ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးနဲ့ ဘေးကင်းလုံခြုံမှုက နံပါတ် ၁ ဦး စားပေး ဖြစ်ပါတယ်” ဟု ရတ်နိုမာဆူဒီက ဆိုသည်။
သက်ဆိုင်သူ အဖွဲ့အစည်းများ အားလုံးက သွေးထွက်သံယိုမှုများကို ရှောင်ရှားရန်အတွက် အတတ်နိုင်ဆုံး ထိန်းသိမ်းကြရန်လည်း သူက တောင်းဆိုခဲ့သည်။
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ၏ ရလဒ်ကို လေးစားရန် ဆန္ဒ ရှိ မရှိ ကို မှတ်ချက်ပေးရန် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆန်ခဲ့သော်လည်း အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို Joko Widodo က ဒေါ်အောင်ဆန်းစုကြည်ကို ထိုစဉ်က ဂုဏ်ပြုစကားပြောခဲ့သည်ဟု ပြောရေးဆိုခွင့် ရှိသူက ဆိုကြောင်း ရိုက်တာသတင်းက ဆိုသည်။
ထို့ပြင် စစ်အစိုးရနှင့်ဆန္ဒပြသူများကြား စေ့စပ်ညှိနှိုင်းရန် အာဆီယံသို့ တောင်းဆိုထားသည့် ၎င်း၏ အစီအစဉ်နှင့် ပတ်သက်သော ရိုက်တာ၏ သတင်းအပေါ် မှတ်ချက်ပေးရန်လည်း ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက မဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး နောက် မဲမသမာမှုများ ရှိခဲ့သည်ဆိုသော ၎င်းတို့၏ စွပ်စွဲချက်များကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပြီးနောက် ဖေဖော်ဝါရီ လ ၁ ရက် နေ့တွင် မြန်မာ့တပ်မတော်က အာဏာသိမ်းခဲ့သည်။ စစ်အစိုးရက ရွေးကောက်ပွဲ အသစ်တခု ပြုလုပ် ပေးမည်ဟု ကတိပြုခဲ့ သော်လည်း အချိန်ဇယား အတိအကျ ချမှတ်ထားခြင်း မရှိသေးပါ။
စစ်အာဏာသိမ်းမှုကြောင့် လမ်းမများပေါ် နေ့စဉ်ဆန္ဒပြမှုများ ရက်သတ္တပတ် ၃ ပတ် နီးပါး ပေါ်ပေါက်ခဲ့ရပြီး အစိုးရ အလုပ်သမား အများအပြားက သပိတ်မှောက်နေခဲ့ကြသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံတဝန်းရှိ မြို့ကြီးမြို့ငယ်အသီးသီးရှိ လမ်းမများပေါ်သို့ လူပေါင်းသန်းချီ၍ စစ်အာဏာသိမ်းဆန့်ကျင်ရေး နှစ်ငါးလုံး (၂၂၂၂၂) အထွေထွေ သပိတ်မှောက် ဆန္ဒပြပွဲကြီး ကို ဆင်နွှဲခဲ့ကြသည်။
ဆန္ဒပြသူတို့က ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံများအား အမြန်ဆုံးလွှတ်ပေးရန်၊ ၂၀၂၀ ရွေးကောက်ပွဲ လူထုဆန္ဒမဲရလဒ်ကို အသိအမှတ်ပြုရန်၊ အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ခံအစိုးရထံ အာဏာပြန်ပေးရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးတိုင် ဖျက်သိမ်းရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရန်တို့ကို တောင်းဆိုခဲ့ကြသည်။
မြန်မာနိုင်ငံအတွက် အင်ဒိုနီးရှား၏ အဆိုပြုချက်နှင့် နီးစပ်သော ဒေသဆိုင်ရာ အဆင့်မြင့် အရာရှိများကမူ အာဏာရ ဗိုလ်ချုပ်များကို သူတို့ ကတိထားရှိသည့်အတိုင်း ရွေးကောက်ပွဲ ကျင်းပစေခြင်းက မြန်မာနိုင်ငံကို ရွေးကောက်ခံ အစိုးရဆီသို့ ဦးတည်သည့် လမ်းကြောင်းမှန်ပေါ် ရောက်စေမည့် လက်တွေ့ အကျဆုံး နည်းလမ်းဖြစ်သည်ဟု ပြောကြကြောင်း ရိုက်တာသတင်းအရ သိရသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ASEAN အနေဖြင့် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကို ကြားဝင်ဖြေရှင်းပေးရန် တိုက်တွန်းထားသည်။
You may also like these stories:
ကတိအတိုင်း ရွေးကောက်ပွဲ ကျင်းပရေး မြန်မာ စစ်ကောင်စီကို အင်ဒိုနီးရှားက အာဆီယံမှတဆင့် တောင်းဆိုမည်
မန္တလေးပစ်ခတ်မှုတွင် ရိုဟင်ဂျာ နှိမ်နင်းသော တပ်များ ပါဝင်ဟု UN ပြော
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် နေပြည်တော်တွင် တရက်တည်း လူပေါင်း ၂၀၀ ခန့် အဖမ်းခံရ