ခေတ်မီတိုးတက်သည့် ကမ္ဘာတွင် အာဏာသိမ်းမှုအတွက် နေရာမရှိကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဖေဖော်ဝါရီလ၂၂ ရက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး တွင် ပြောကြားလိုက်သည်။
“မြန်မာစစ်တပ် ဖိနှိပ်မှုများကို ချက်ချင်း ရပ်တန့်ရန် ကျွန်ုပ် ယနေ့ တောင်းဆိုပါသည်။ ဖမ်းဆီးထိန်းသိမ်းထားသူများအား လွှတ်ပေးပါ။ အကြမ်းဖက်မှုများကို အဆုံးသတ်ပေးပါ။ လူ့အခွင့်အရေးများနှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖော်ပြခဲ့သည့် ပြည်သူတို့၏ ဆန္ဒကို လေးစားပါ။ ကျွန်ုပ်တို့ ခေတ်မီတိုးတက်သည့် ကမ္ဘာတွင် အာဏာသိမ်းမှုများအတွက် နေရာမရှိပါ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အနှစ်သာရကို ယုတ်လျော့စေခြင်း၊ ရက်စက်စွာ အင်အားသုံးခြင်း၊ ခိုင်လုံသောအကြောင်းပြ ချက် မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းများနှင့် ဖိနှိပ်မှုမျိုးစုံ လုပ်ဆောင်နေခြင်းကို တွေ့နေရကြောင်း၊ ပြည်သူလူထု၏ လှုပ်ရှား ဆောင်ရွက်နိုင်ခွင့်များကို ကန့်သတ်ချုပ်ချယ်မှုများ၊ အရပ်ဘက်ပြည်သူများအား တိုက်ခိုက်မှုများ ဆက်လက်ရှိနေကြောင်း ၎င်းက ပြောဆိုသည်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် ညီမျှခြင်းမြန်မာ အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း ကုလ သမဂ္ဂ တွင် မြန်မာအရေး ဆွေးနွေးလုပ်ဆောင်ရန် အစီအစဉ်များစွာ ရှိနေကြောင်း ဧရာဝတီသို့ ပြောကြားသည်။
“ပထမဦးဆုံးက ပုံမှန်အတိုင်း သူတို့ ကျင်းပနေတဲ့ မြန်မာနိုင်ငံအကြောင်း အစည်းအဝေးက ဒီမတ်လမှာ ဆွေးနွေးတာရှိ မယ်။ အဲဒီမှာဆိုရင်လည်း ကျနော်တို့ရဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိ မစ္စတာ Toms Andrew က သူတို့ အနေနဲ့ တွေ့ရှိချက်တွေ ပြောမယ်။ သူတို့အနေနဲ့ အထူး အစည်းအဝေးတုန်းက အချက်တွေကို ပြန်လည်သုံးသပ်ဖို့ ရှိမယ်” ဟု ၎င်းက ဆိုသည်။
လာမည့် ဇွန်လတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ ဆွေးနွေးမည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပုံမှန်သုံး သပ်ခြင်း (UPR) အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံအရေး ဆွေးနွေးမှုများ ရှိလာနိုင်ကြောင်း ဦးအောင်မျိုးမင်းက ပြော သည်။
“အဲဒီမှာဆိုရင်လည်း နိုင်ငံတွေက ပြန်ပြီးတော့ လက်ရှိဖြစ်ပျက်နေတဲ့ နောက်ဆုံး သူတို့အစီရင်ခံစာ တင်ပြီးတဲ့နောက်ပိုင်း အာဏာသိမ်းမှု နောက်ပိုင်းမှာဖြစ်တဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်ပြီးတော့ ဆွေးနွေးဖို့ တန်းစီနေတာ ရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ရှိ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ပြည်ပနိုင်ငံများနှင့် ရန်ကုန် အခြေ စိုက် နိုင်ငံခြားသံရုံးအချို့သည် မြန်မာ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်စွက်နေပြီး ထိုသို့ ဝင်ရောက် မစွက်ဖက် ကြရန် ဖေဖော်ဝါရီလ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန် သတိပေးထားသည်။
သို့သော်လည်း ကုလသမဂ္ဂ အပါအဝင်၊ ကမ္ဘာ့နိုင်ငံ အများစုက စစ်ကောင်စီ၏ ကြေညာချက်ကို အလေးမထားဘဲ ဒီမိုက ရေစီ လိုလားသည့် မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်ကြောင်း တရားဝင်ပြောဆိုနေလျက်ရှိပေသည်။
You may also like these stories:
နိုင်ငံခြားသံရုံးများ မြန်မာ့အရေး ဝင်မစွက်ဖက်ရန် စစ်ကောင်စီ သတိပေး
မန္တလေးပစ်ခတ်မှုတွင် ရိုဟင်ဂျာ နှိမ်နင်းသော တပ်များ ပါဝင်ဟု UN ပြော
ကတိအတိုင်း ရွေးကောက်ပွဲ ကျင်းပရေး မြန်မာ စစ်ကောင်စီကို အင်ဒိုနီးရှားက အာဆီယံမှတဆင့် တောင်းဆိုမည်