တပ်မတော်က အာဏာသိမ်းယူပြီးနောက် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရေး ကြို တင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများက ကျောင်းအုပ်ကြီးများအား ညွှန်ကြားထား ကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားစာအရ ကျောင်းအုပ်ကြီးများ အနေဖြင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြို တင်ဆောင်ရွက်နိုင်ရန် မိမိကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းရုံးဝန်ထမ်းများအား ၂၀၂၁၊ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင် ကာ နေ့စဉ်ကျောင်းတက်နိုင်ရေး ညွှန်ကြားရန်နှင့် ဝန်ထမ်းများ ရောက်ရှိ ပျက်ကွက်မှု အခြေအနေအား မြို့နယ်ပညာရေး မှူးရုံးသို့ ပြန်လည်တင်ပြရမည်ဟု ဆိုသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူး စက်ပျံ့နှံ့မှု လျော့နည်းလာသောကြောင့် အခြေခံပညာ ကျောင်းများအား မကြာမီ အချိန်အတွင်း ပြန်လည်ဖွင့်လှစ်ရန် စီ စဉ် ဆောင်ရွက်လျက်ရှိရာ ကျောင်းများအား ဥပဓိရုပ် ကောင်းမွန်စေရေး ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီ၊ ပြည်နယ်/တိုင်း စီမံအုပ်ချုပ်ရေးကောင်စီတို့မှ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့် ပူးပေါင်းဆောင်ရွက်သွား ရန် ဟူ၍လည်း ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ကျောက်တော်မြို့နယ် ပညာရေးမှူး ဦးသိန်းမြိုင်က “ကျောင်းဖွင့်မယ့် ရက်အတွက် ပြင်ဆင်ထားဖို့ ညွှန်ကြားတာ ပါ။ ကျောင်းဖွင့်ချိန်ကျရင် အဆင်သင့် အနေအထားမှာ ရှိနေဖို့ လုပ်ထားတာပေါ့။ ကျောင်းသန့်ရှင်းရေး၊ ကျောင်း ဥပဓိ ရုပ်တွေ ကောင်းမွန်အောင် လုပ်ထားဖို့ ဆောင်ရွက်တာ။ ကျောင်းဖွင့်ရက် အတိအကျ သိတာနဲ့ ဆရာ/ဆရာမတွေ အကုန် လုံး ရောက်ရှိကြဖို့ ကြိုပြောထားတဲ့ သဘောပါ” ဟု ပြောသည်။
ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများကို သက်ဆိုင်ရာ ကျောင်းသို့ လာရောက်ရန်၊ ကျောင်းခြံဝင်း သန့်ရှင်းရေးများ လုပ်ဆောင်ထားရန် ခေါ်ခြင်းသာဖြစ်ပြီး မည်သည့်နေ့တွင် ကျောင်းဖွင့်နိုင်မည်ကိုမူ မသိရသေးကြောင်း ဆရာ/ဆရာမ များထံမှ သိရသည်။
ကျောက်တော်မြို့နယ်မှ ကျောင်းဆရာတဦးက “ကျောင်းအုပ်ဆရာကြီးတွေကို မနေ့က မြို့နယ်မှာ ခေါ်ပြီးတော့ ပြောတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညွှန်ကြားလာရင်တော့ ကျနော်တို့လည်း ပြ(စာသင်ကြား)ရမှာလေ။ အခုကတော့ ကိုဗစ် လည်း ရှိသေးတယ်။ ကိုဗစ် ကာကွယ်ဆေးတွေဘာတွေ ထိုးပြီးမှ ကျောင်းဖွင့်တာ ကောင်းတယ်လေ။ ဒါကြောင့် ကျနော်တို့ ကလည်း ကျောင်းပြဖို့ မပြဖို့ဆိုတာကတော့ စောင့်ကြည့်ရအုံးမယ်။ အခုကလည်း ဆရာ/ဆရာမတွေ ကျောင်းမှာနေကြလို့ ပြောတာ။ ကျောင်းသားတွေကို ခေါ်တာ မဟုတ်သေးဘူး” ဟု ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံတဝှမ်း အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ များ၊ အစိုးရဝန်ထမ်းများ၏ ရုံးမတက်ဘဲ အာဏာဖီဆန်သည့် CDM လှုပ်ရှားမှုများ နေ့စဉ် အရှိန်မြင့်လာနေချိန် ရခိုင်ပြည် နယ်အတွင်း ထိုကဲ့သို့သော ညွှန်ကြားစာ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်တွေနှင့် ကျောက်တော်မြို့နယ်များရှိ စာသင်ကျောင်း တချို့တွင် သန့်ရှင်းရေး ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် နိုင်ငံတဝှမ်းရှိ အခြေခံပညာကျောင်းများကို ၂၀၂၀ ဇွန်လမှ စတင်ကာ ယနေ့အချိန်ထိ ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ တပ်မတော်က အာဏာသိမ်းပြီး ရက် ၂၀ ကျော်အကြာတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။
You may also like these stories:
ကမ္ဘာတွင် အာဏာသိမ်းမှုအတွက် နေရာမရှိ ဟု UN အတွင်းရေးမှူးချုပ်ပြော
မြန်မာပြည်သူ့ဆန္ဒ အလေးထားရန် အင်ဒိုနီးရှား တိုက်တွန်း
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် နေပြည်တော်တွင် တရက်တည်း လူပေါင်း ၂၀၀ ခန့် အဖမ်းခံရ