စစ်တပ်ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်း တခုဖြစ်သည့် မြဝတီဘဏ်တွင် ပြီးခဲ့သည့်တပတ်မှစ၍ ငွေထုတ်ယူမှု အများ အပြား ရှိခဲ့သည့်အတွက် လက်ကျန်ငွေ နည်းလာကာ ငွေထုတ်ပေးရန် အခက်အခဲဖြစ်ပေါ်လာနေလျက်ရှိကြောင်း သိရ သည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြဝတီဘဏ်ပြန်လည်ဖွင့်လှစ်ခဲ့သော ဖေဖော်ဝါရီလ ၁၅ ရက်နေ့ စတင်ပြီး ငွေ ထုတ်သူများ အများအပြားရှိခဲ့ပြီး လူတယောက်ကို အများဆုံး ထုတ်ပေးမည့် ငွေပမာဏကို ကန့်သတ်ခဲ့သလို တနေ့လျှင် လူ၂၀၀ ကိုသာ ငွေထုတ်ပေးနိုင်ခဲ့သည်။
ယခုရက်ပိုင်းတွင်မူ မြဝတီဘဏ်တွင် ငွေထုတ်သူများ အများအပြားရှိခဲ့ပြီး ငွေလက်ကျန်နည်းပါးလာသည့်အတွက် ယနေ့မှ စတင်ပြီး လူတယောက်ကို အများဆုံး ငွေကျပ် ၅ သိန်းခန့်သာ ထုတ်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ငွေအကန့်အသတ်နှင့် ငွေထုတ်ပေးခြင်းသည် လက်ရှိ နိုင်ငံရေး အခြေအနေများအရ ဗဟိုဘဏ်ထံမှ ငွေအများ အပြားသယ်ယူရာတွင် လုံခြုံရေးအခြေအနေ စိုးရိမ်ရသည့်အတွက် ဘဏ်သို့ ငွေမဖြည့်တင်းနိုင်ခြင်းကြောင့် ငွေထုတ်ပေး သည့် ပမာဏကို လျှော့ရခြင်းဖြစ်ကြောင်း နေပြည်တော်ရှိ မြဝတီဘဏ်၏ ဧရာဝတီ သတင်းရင်းမြစ်ထံက စုံစမ်းသိရှိရ သည်။

ယင်းအခြေအနေများကြောင့် မြဝတီဘဏ်အနေဖြင့် ငွေထုတ်ပေးမှုကို ဖေဖော်ဝါရီလကုန်အထိ ရပ်ဆိုင်းထားမည်ဆိုသည့် အချက်ကိုမူ ၎င်းက ငြင်းဆန်ခဲ့ပြီး ထိုသို့ ပြုလုပ်မည်ဆိုပါက မြဝတီဘဏ် အနေဖြင့် တရားဝင်ကြေညာသွားမည် ဖြစ် ကြောင်း ပြောသည်။
ရန်ကုန်မြို့ မြဝတီဘဏ်မှ တာဝန်ရှိသူတဦးက “ဘဏ်ကတော့ ဖွင့်ထားမှာပါ။ ထုတ်သူများတဲ့အတွက် Saving အကောင့် တွေကတော့ ငွေထုတ်တာ ဒီနေ့စပိတ်လိုက်တယ်။ ဒီလကုန်ထိ ပိတ်မယ်လို့ အကြမ်းဖျင်း သိရပါတယ်။ ATM ကတ်ရှိရင် ကတ်နဲ့ ထုတ်လို့ရပါတယ်။ နောက်ပြီးတော့ ငွေစုစာအုပ်နဲ့ ငွေထုတ်တာကလွဲလို့ ကျန်တဲ့ ငွေလွှဲတာ၊ အကောင့်ထဲ ငွေထည့်တာ အကုန် လုပ်လို့ရပါတယ်။ ငွေထုတ်ယူခွင့် ပိတ်မပိတ် ဆိုတာကို ကြေညာပေးသွားဖို့ ရှိပါတယ်။ မနက်ပိုင်းမှ ဘာလုပ်မယ်ဆိုတာ ကြေညာချက်ထုတ်တတ်တော့ အခုတော့ သေသေချာချာ မပြောနိုင်ပါဘူး” ဟု ပြောဆိုသည်။
ရန်ကုန်ရှိ မြဝတီဘဏ်ခွဲအများအပြား ပိတ်ထားခြင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်း လမ်းထောင့်ရှိ မြဝတီ ဘဏ်ခွဲတခု၌သာ ငွေထုတ်ပေးလျက်ရှိပြီး နေ့စဉ်နှင့် အမျှ ငွေထုတ်ရန် လူအများအပြား လာရောက် တန်းစီးနေရလျက် ရှိသည်။
ထိုဘဏ်ခွဲသည် လာရောက် ငွေထုတ်သူများကို တုံကင်စနစ်ဖြင့် လူဦးရေအကန့်အသတ်ဖြင့် ငွေထုတ်ပေးလျက်ရှိပြီး ဘဏ်ပိတ်ချိန်ကိုလည်း နေ့လယ် ၁၂ အထိ သတ်မှတ်ထားသည်။
You may also like these stories:
စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက အသံထွက်ဖို့ လိုနေပြီ
ယနေ့ ဖွင့်လှစ်ခဲ့သော စစ်တပ်ပိုင်ဘဏ်တချို့ ငွေထုတ်သူများပြား၍ ပြန်ပိတ်ရ
စင်္ကာပူ ကုန်အမှတ်တံဆိပ်များ သပိတ်မှောက်ရန် လှုံ့ဆော်လာကြ