ယမန်နေ့က ပြည်သူလူထု သန်းနှင့်ချီ ပါဝင်ခဲ့သော နှစ်ငါးလုံး (၂၂၂၂၂) ပြည်လုံးကျွတ် အထွေထွေသပိတ် ဆန္ဒပြပွဲအပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၏ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြစုရပ်များဖြစ်သော ဆူးလေလမ်းဆုံနှင့် သံရုံးများရှေ့တွင် ရဲလုံခြုံရေး တိုးမြှင့်ကာ ပိတ်ဆို့ထားခဲ့သော်လည်း ထောင်နှင့်ချီသည့် ပြည်သူများက ဆက်လက် ဆန္ဒပြခဲ့ကြသည်။
အထူးသဖြင့် ပြည်လမ်းနှင့် ပြည်ထောင်စုရိပ်သာလမ်းထောင့်ရှိ အင်ဒိုနီးရှားသံရုံးရှေ့သို့ ရာနှင့်ချီသည့် ပြည်သူများက စုရုံးခဲ့ ကြသလို တရုတ်သံရုံးနှင့် ရုရှားသံရုံးတို့ အနီးတွင်လည်း တားဆီး ပိတ်ဆို့ထားသည့်ကြားမှ လူငယ်များက ဆန္ဒပြခဲ့ကြ သည်။
ပုံမှန်စုရပ်များဖြစ်သည့် လည်းတန်းလမ်းဆုံနှင့် မြေနီကုန်းလမ်းဆုံတို့တွင် ယမန်နေ့ကလောက် ဆန္ဒပြသူ မများတော့သော် လည်း ထောင်နှင့်ချီသော ပြည်သူများက စုရုံးကာ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင် ကန့်ကွက်ခဲ့ကြပြီး ရန်ကုန်ရှေ့နေ အသင်းမှ ရှေ့နေများ ဦးဆောင်သည့် သပိတ်စစ်ကြောင်းလည်း ချီတက်ဆန္ဒပြခဲ့သည်။
အာဏာသိမ်းမှု ၂၃ ရက်အတွင်း ဆန္ဒပြ ပြည်သူများအား ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခြင်းများကြောင့် ၄ ဦး ထက်မနည်း သေဆုံးကာ ရာနှင့်ချီဖမ်းဆီး ခံထားရသည်။
ထို့ပြင် တပ်မတော်သားတချို့ကလည်း အွန်လိုင်းမှတဆင့် သေနတ်ဖြင့် ပစ်သတ်ရန် ခြိမ်းခြောက်မှုများ ရှိသော်လည်း ဆန္ဒ ပြသူများက အာဏာသိမ်းမှု ဆန့်ကျင်ရေးကို နောက်ဆုတ်မည် မဟုတ်ဘဲ ဒီမိုကရေစီအစိုးရ ပြန်ရသည်အထိ ဆက်လက် ဆန္ဒပြကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
ယနေ့ ဆန္ဒပြသူများ အနေဖြင့် ညေန ၃ နာရီခွဲလောက်တွင် လူစုခွဲခဲ့ကြပြီးနောက် ဆူးလေလမ်းဆုံတွင် ပိတ်ဆို့ထားသည့် အကာအရံများအား လုံခြုံရေးရဲများက ညနေ ၄ နာရီတွင် ပြန်လည်ဖွင့်ပေးခဲ့သည်ကို တွေ့ရသည်။
ပြည်သူလူထုအနေဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအတွက် ဖေဖော်ဝါရီ ၄ ရက်နေ့မှ စတင်ကာ ယနေ့အထိ အရှိန် အဟုန်ဖြင့် ဆက်လက် ဆန္ဒပြနေဆဲဖြစ်ပြီး ဒေါ်ဆောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားသူများ အား အမြန်ဆုံးလွှတ်ပေးရေး၊ ပြည်သူလူထု၏ ဆန္ဒမဲရလဒ်အား အသိအမှတ်ပြုရေး၊ ရွေးကောက်ခံ အစိုးရထံ အာဏာ ပြန်လွှဲပေးရေး စသည်တို့ကို တောင်းဆိုလျက်ရှိသည်။
You may also like these stories:
စစ်တပ်ပိုင် မြဝတီဘဏ် ငွေလက်ကျန်နည်းလာ၍ ထုတ်ပေးရန် အခက်အခဲဖြစ်လာ
ဒီတကြိမ် လူထုအရေးတော်ပုံ အောင်မြင်မလား
ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုတွက်ကိန်းလွဲသွားလဲ