စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုဖြစ်သည့် Civil Disobedience Movement ကြောင့် ဆေးရုံ သုံးရာကျော် လုံးဝ ပိတ်ထားရပြီး ကျန်းမာရေး ဝန်ထမ်းများကို အရေးယူမည်ဖြစ်ကြောင်း စစ်အာဏာသိမ်း ကောင်စီက ထပ်မံ ကြေညာ လိုက်ပြန်သည်။
ဆရာဝန်များနှင့် သူနာပြုများသည် ၎င်းတို့၏ ကတိသစ္စာနှင့် ကျင့်ဝတ်များကို ဖောက်ဖျက်နေခြင်းဖြစ်သဖြင့် ဝန်ထမ်း စည်း မျဉ်းစည်းကမ်းများနှင့် အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်နေခြင်း ဖြစ်သည်။
ထို့ပြင် ဝန်ထမ်းများအနေဖြင့် တာဝန်ပျက်ကွက်လျှင် ပြစ်မှုမြောက်သဖြင့် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အရေးယူနိုင်ကြောင်းနှင့် လုပ်ငန်းခွင်သို့ အမြန်ဆုံး ပြန်လည် ဝင်ရောက်ကြရန် အာဏာသိမ်း တပ် မတော်က ပြီးခဲ့သည့် ရက်များကတည်းကပင် ထုတ်ပြန်ကြေညာနေခြင်းလည်း ဖြစ်သည်။
သို့သော် ကျန်းမာရေးယန္တရားအနေဖြင့် ကြည့်ပါက Civil Disobedience Movement အောင်မြင်ကြောင်းနှင့် တရားဥပဒေ ကြောင်းအရလည်း ၎င်းတို့ကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ရုံသာ ပြုလုပ်နိုင်ကြောင်း အထူးကု ဆရာဝန်တဦးက ပြောသည်။
“သူတို့ ကြေညာစာ ထုတ်ပြီး ၁၄ ရက်အတွင်းမှာ ပြန်မဝင်ဘူးဆိုရင် ဝန်ထမ်းအဖြစ်မှ ရပ်စဲမယ်ဆိုတော့ ကျနော်တို့က အလုပ်ထွက်ဖို့အထိ စဉ်းစားထားပြီးသား လူတွေဖြစ်တဲ့အတွက်ကြောင့် အားလုံးကတော့ CDM ကို ဆက်သွားမှာပဲ” ဟု ၎င်းက ပြောသည်။
“ဥပေဒကြောင်းအရ ထုတ်ထားတဲ့ ဝန်ထမ်း နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်းတွေအရ ဆိုရင်တော့ ကျနော်တို့က ၆ လ အထိကို ဌာနကင်းကွာခွင့် ရှိတယ်။ ၆ လကျော်တဲ့အထိ ဖြစ်ခဲ့တယ်ဆိုရင်တော့ ရုံးတွင်း စစ်ဆေးမှုတွေ လုပ်ပြီးတော့ နောက်ဆုံး ကျနော်တို့ကို ဝန်ထမ်းအဖြစ်ကနေပဲ ထုတ်ပယ်လို့ ရတယ်။ ဒါက ကျနော်တို့ သိထားတဲ့ တရားဝင်ဥပဒေပေါ့” ဟု ၎င်းက ဆိုသည်။
တိုက်နယ်ဆေးရုံမှ ဆရာဝန်ကြီး တဦးကလည်း မိမိတို့အနေဖြင့် ယခင် တရားဝင်ဖြစ်သည့် အစိုးရကိုသာ ထောက်ခံပြီး ယခုတက်သည့် ကောင်စီ၏ အမိန့်အာဏာများကို လက်မခံနိုင်ကြောင်း ပြောသည်။
၎င်းက “ကျနော်တို့ အစိုးရထုတ်တဲ့ အမိန့်တွေကိုပဲ နာခံမယ်။ အဲဒါကြောင့်မို့လို့ CDM ကို ဆက်လက် လုပ်ဆောင်နေတာ ပေါ့။ ဝန်ထမ်းစည်းမျဉ်းကို ချိုးဖောက်တဲ့ အနေအထား သတ်မှတ်တယ်ဆိုရင်တော့ ကျနော်တို့ လက်ခံရမှာပါပဲ။ တခုရှိတာ က မတရားသဖြင့် တခြား ပုဒ်မတွေပါ တပ်ဆွဲတာတော့ လက်မခံပါဘူး” ဟု ဆိုသည်။
ကျန်းမာရေး၊ ပြည်သူ့ ရဲနှင့် တပ်မတော်တို့သည် နိုင်ငံအတွက် အရေးကြီးသောဌာနများဖြစ်ပြီး အမြဲအဆင်သင့်ရှိရန် လို အပ်ကြောင်း အာဏာသိမ်းကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများကိုလည်း ဘွဲ့အဆင့်လိုက် ချီးမြှင့်ငွေများ ပေးအပ်ရန်လည်း ထည့် သွင်း စဉ်းစားနေကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အာဏာသိမ်းကောင်စီအနေဖြင့် ကျန်းမာရေး ဝန်ထမ်းများကို ခြိမ်းခြောက်လိုက်၊ ချော့မော့ လိုက်ဖြင့် စည်းရုံးနေခြင်းသာဖြစ်ကြောင်း CDM တွင် ပါဝင်နေသည့် အထူးကုဆရာဝန်က သုံးသပ်သည်။
“သတင်းစာ ရှင်းလင်းပွဲမှာ နွားတွေနဲ့နှိုင်းလိုက် နောက်တရက်ကျ သူရဲကောင်းလို့ ပြောလိုက် နောက်တရက်ကျတော့ ပြန် လာပါလို့ ပြောလိုက် နောက်ရက်ကျ ဖမ်းမယ်ဆီးမယ်လို့ ပြောလိုက်နဲ့ CDM ကို သူတို့က ချော့လိုက် ခြောက်လိုက်နဲ့ပဲ စည်းရုံးလို့ ရမယ်” ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး “တရားဝင် အရေးယူလိုက်တယ် ဆိုရင်လည်း CDM ဖြစ်သွားမှာပဲ။ ဝန်ထမ်းအဖြစ်ကပဲ ထုတ်ပယ် ၊ ထုတ် ပယ် အားလုံးကို ထောင်ပဲချချ ယန္တရားက ရပ်တန့်သွားဖြစ်တဲ့အတွက်ကြောင့် CDM ကတော့ ဘယ်တော့မှ ပြတ်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ဆေးတက္ကသိုလ် ပါမောက္ခချုပ်များ အပါအဝင် ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ဆရာဝန်များ၊ ကျန်းမာရေးမှူးများ၊ သူနာပြု ဆရာမများ စသည့် ကျန်းမာရေး ဝန်ထမ်းအများစုမှာ Civil Disobedience Movement တွင် ပါဝင်လျက်ရှိပြီး အစိုးရ ဆေးရုံများတွင် ဆေးကုသခြင်း မပြုတော့ပေ။
သို့သော်လည်း ကိုယ်ပိုင်ဆေးခန်းများ၊ ပုဂ္ဂလိက ဆေးရုံများ၊ စုရပ်များတွင် အရေးပေါ်လူနာများကို အခမဲ့ နီးပါး လက်ခံ ကုသပေးနေသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးရုံ ၁,၁၂၆ ရုံ ရှိသော်လည်း ဆေးရုံဖွင့်လှစ်ပြီး ကုသပေးသည့် ဆေးရုံမှာ ၇၇၈ ရုံနှင့် ဆေးရုံဖွင့်ထားသော်လည်း ကုသပေးခြင်း မရှိသည့် ဆေးရုံ ၂၇ ရုံ ရှိပြီး လုံးဝ ဆေးရုံ ပိတ်ထားသည့် ဆေးရုံ ၃၅၇ ရုံ ရှိ ကြောင်း သိရသည်။
You may also like these stories:
အစိုးရ ကျန်းမာရေး ဝန်ဆောင်မှု ယန္တရား ရပ်ဆိုင်းတော့မည်လား
CDM ကာလအတွင်း လူနာတွေအတွက် အခမဲ့ ဆေးခန်းမှာ ကူညီမယ့် နီနီခင်ဇော်
ရန်ကုန်တွင် လုံခြုံရေး တားဆီးမှုများရှိသော်လည်း ပြည်သူများ ဆက်လက်ဆန္ဒပြ