တပ်မတော်က အာဏာသိမ်းပြီးနောက် အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအား ဖျက်သိမ်း ရန်(သို့) ချိုးနှိမ်ရန် ပါတီရုံးများအား ဝင်ရောက် စီးနင်းကာ အပြစ်ရှာရန် ကြိုးပမ်နေကြောင်း NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း(ခ) ဦးစိုးလေးက ပြောသည်။
ယနေ့ ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးစိုးဝင်း(ခ) ဦးစိုးလေးက “NLD ကို အပြစ်ရှာ နေတာ၊ ပါတီ ဖျက်သိမ်းတဲ့ အဆင့်လည်း လုပ်ချင်လုပ်မှာပဲ။ တို့လူတွေကို မတရားအမှုတွေဆင် ထောင်ချပြီးတော့ ပါတီ ကိုတော့ ချိုးနှိမ်မှာပဲ။ ဖျက်ချင်လည်း ဖျက်မယ်။ အမှန်တကယ် အပြစ်မရှိ၊ မပြစ်ရှာပြီး ချိုးနှိမ်မယ်ဆိုတာက ပေါ်လွင်တယ်” ဟု ပြောသည်။
စစ်အာဏာသိမ်း ကောင်စီအနေဖြင့် အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ NLD ရုံးချုပ် အပါအဝင် တိုင်းနှင့် ပြည်နယ် အချို့က ပါတီရုံးများကိုလည်း ဝင်ရောက်စီးနင်းကာ ရှာဖွေ သိမ်းဆည်းမှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ပါတီတာဝန်ရှိသူ အချို့ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက် ညပိုင်းကလည်း NLD ရုံးချုပ်အား သော့များ ဖျက်ဆီးကာ ဝင်ရောက်စီးနင်းခဲ့သည်။
ယင်းစီးနင်းမှုတွင် CCTV မှတ်တမ်းအရ စစ်သား၊ ရဲနှင့် အရပ်ဝတ်လူများ ပါဝင်ခဲ့ပြီး ရုံးအတွင်းမှ အရေးကြီးစာရွက်စာတမ်း များ၊ မီးခံသေတ္တာအတွင်း ငွေသားနှင့် ဘဏ်စာအုပ်များ ပျောက်ဆုံးနေသည့်အပြင် ဆက်သွယ်ရေးပစ္စည်းများအား ဖျက် ဆီးဖြတ်တောက်ခဲ့ကြောင်း၊ လတ်တလောတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ အဖမ်းခံထားရသည့်အတွက် ပျောက်ဆုံးမှု အသေးစိတ်အား မပြောနိုင်သေးကြောင်း ယနေ့ NLD ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တာဝန်ရှိသူများ က ပြောသည်။
ယင်းသို့ ဝင်ရောက်စီးနင်းမှုအား ဗဟန်းမြို့မရဲစခန်းတွင် တိုင်းကြားခဲ့ရာ၌ အမှုအမှတ် (ပ) ၃၂/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၇/ ၄၅၇ ဖြင့် အမှုဖွင့်ပေးထားသော်လည်း ယနေ့အထိ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်း၊ စစ်ဆေးခြင်း စသည့် ရဲလုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ပေးခြင်း မရှိကြောင်း NLD ဘက်က ပြောသည်။
ဦးစိုးဝင်းက “အမှုကို အမြန်ဆုံး စုံစမ်းထောက်လှမ်းပေးဖို့အတွက် အကြောင်းကြားစာ ပို့ထားတယ်။ သူတို့လေးစားစွာနဲ့ ဆက်ပြီး မဆောင်ရွက်လျှင် သူတို့အထက်က ခရိုင်၊ တိုင်း၊ ပြည်ထဲရေးရုံးအထိ ဆက်လုပ်သွားမယ်။ ဒီအမှုကို လုံးဝ ဒီအတိုင်းမထားနိုင်ဘူး။ တရားဥပဒေအရ ဆက်ပြီးရင်ဆိုင်မယ်၊ မတရား ဖောက်ထွင်းခံရတာ၊ ပစ္စည်းတွေကို မတရားခိုးယူ သိမ်းဆည်းခြင်း ခံထားရတာ” ဟု ပြောဆိုသည်။
ယင်းပြင် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အသစ်က ဖေဖော်ဝါ ရီ ၂၆ ရက်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် အကြောင်းကြားစာအား လက်ခံရရှိထားသော်လည်း NLD ပါတီအနေဖြင့် ပါဝင် တက်ရောက်မည် မဟုတ်ကြောင်းလည်း တာဝန်ရှိသူများက ပြောခဲ့သည်။
You may also like these stories:
စွပ်စွဲခံရသည့် ပုဒ်မဖြင့် ချက်ချင်း အမိန့်ချပေးဖို့ ဦးဝင်းထိန် တောင်းဆိုခဲ့
တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်ကို ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်
အာဏာသိမ်း တပ်မတော်က CRPH အဖွဲ့ဝင်များကို ဖမ်းဝရမ်းထုတ်ထား
ဒေါက်တာ မေဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်တို့ ရှိမည်ထင်၍ NLD ရုံးချုပ်ကို ဝင်ရှာ