စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများနှင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် တွေ့ဆုံရန် ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။
UEC က ဆွေးနွေးမည့် အကြောင်းအရာကို ဖိတ်စာတွင် ထည့်သွင်းပြောဆိုထားခြင်း မရှိဘဲ ဖေဖော်ဝါရီ ၂၆ ရက်၌ တွေ့ဆုံ ညှိနှိုင်း အစည်းအဝေးတရပ် ပြုလုပ်မည် ဖြစ်သဖြင့် အစည်းအဝေးသို့ လာနိုင်ခြင်းရှိမရှိ အကြောင်းပြန်ရန်၊ အစည်းအဝေး တက်မည်ဆိုပါက ကိုယ်စားလှယ်အမည်ကို ပေးပို့ရန် စာတစောင် ပေးပို့ထားသည်။
အဆိုပါ ဖိတ်ကြားမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)ကို မေးမြန်းရာ အစည်းအဝေးကို သွားရန် ယနေ့ ဆုံးဖြတ်လိုက်ပြီဟု ပြောသည်။
KSPP ၏ ဒုဥက္ကဋ္ဌ တဦးဖြစ်သူ ဦးကွမ်ဂေါင်အောင်ခမ်းက “ပါတီ ဆက်လက်ရပ်တည်ဖို့၊ အနာဂတ်မှာ ပြည်သူလူထုအတွက် လုပ်ဆောင်နိုင်မယ့် ရွေးကောက်ပွဲ လမ်းကြောင်းတွေ တကယ်လို့များ ရှိခဲ့ရင်ပေါ့။ အခုက ရွေးကောက်ပွဲ ရှိမယ်မရှိဘူး တပ် အပ်ပြောလို့ မရတော့တာ။ ဒါပေမယ့် နောင်အနာဂတ်မှာသွားဖို့ လမ်းကြောင်းတွေကို စဉ်းစားရတာဖြစ်လို့ ဒီနေ့ အစည်း အဝေးမှာ ဆုံးဖြတ်ကြတာပါ” ဟု ပြောသည်။
KSPP အနေဖြင့် UEC က ဖိတ်သည့် အစည်းအဝေးကို သွားတက်မတက်နှင့် ပတ်သက်၍ ပါတီတွင်း ငြင်းခုန်ခဲ့ရပြီး အစည်း အဝေး သွားတက်ရန် ပြောဆိုသူဦးရေ ပိုများသဖြင့် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
သို့သော် အစည်းအဝေးတက်ရန် ဆုံးဖြတ်ခြင်းမှာ UEC က ပြောဆိုမည့် အကြောင်းအရာအပေါ် နားထောင်ရန်သာဖြစ်ပြီး ပါတီအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမျိုး လုပ်ဆောင်မည် မဟုတ်သကဲ့သို့ စစ်ကောင်စီတွင် တာဝန် ထမ်းဆောင်ရန် ရွေးချယ်သူများကိုလည်း ပါတီမှနုတ်ထွက်ရန် ဆုံးဖြတ်ထားကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
KSPP သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ၃ နေရာ အနိုင်ရရှိ ထားသည့်ပါတီ ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ၅ နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၃ နေရာ အနိုင်ရရှိထားသည့် ကယားပြည်နယ် ဒီမို ကရက်တစ်ပါတီ (KySDP)က အစည်းအဝေးဖိတ်စာ မရသေးသော်လည်း စစ်ကောင်စီက ဖွစည်းထားသည့် UEC ၏ အစည်းအဝေးကို တတ်ရောက်ရန် ရာခိုင်နှုန်း နည်းပါးသည်ဟု ပြောသည်။
KySDP ၏ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က “ဒီအစည်းအဝေး တက်မတက်က ကျနော်တို့ပါတီ CEC အတွင်း ဆွေး နွေးဆုံးဖြတ်သွားမှာ ဖြစ်သလို တိုင်းရင်းသား ညီအစ်ကို ပါတီတွေနဲ့လည်း ဆွေးနွေးမှာပါ။ ကျနော်တို့က မတက်ဖို့ များပါ လိမ့်မယ်။ တက်ဖို့ အဆင်မပြေပါဘူး။ လက်ရှိ အခြေအနေမှာ သွားတက်ရင် ကျနော်တို့အတွက် အရမ်း အခက်အခဲ ဖြစ် သွားနိုင်ပါတယ်” ဟု ပြောသည်။
KySDP အနေဖြင့် လူထုက လက်မခံဘဲ သပိတ်မှောက်နေကြသည့် စစ်ကောင်စီက ဖွဲ့စည်းထားသော UEC ကို အသိ အမှတ်ပြုခြင်း မရှိကြောင်း၊ အသိအမှတ်ပြုပါကလည်း လူထုကြားတွင် KySDP အနေဖြင့် နိုင်ငံရေး ဂုဏ်သိက္ခာ ထိခိုက်နိုင် ပြီး လူထု၏ ယုံကြည်မှုလည်း လျော့ကျလိမ့်မည် ဖြစ်ကြောင်း ဦးသဲရယ်က ဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကလည်း UEC ဖိတ်သည့် အစည်းအဝေး တက်မတက်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပါတီတွင်း အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်သွားမည်ဟု ဆို သည်။
၎င်းက “စစ်ကောင်စီကိုတောင် ဖွဲ့ပြီးပြီးချင်းမှာပဲ ကျနော်တို့ လက်မခံနိုင်ကြောင်း စာတွေ ထုတ်ပြန်ပြီးသား ဖြစ်တယ်။ အဲဒါ နဲ့ ဆက်စပ်ပြီး ပေါ်ပေါက်လာတဲ့ UEC ကို နိုင်ငံရေးပါတီ တရပ်အနေနဲ့ သူ့ကို Legitimacy (တရားဝင်ဖြစ်ခြင်း) ပေးသင့် မပေးသင့်ကတော့ မနက်ဖြန် အစည်းအဝေးကျမှပဲ အပြီးအပြတ် ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
SNLD သည် ပြည်ထောင်စုလွှတ်တော်အတွက် ၁၅ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်အတွက် ၂၇ နေရာ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄၂ နေရာ အနိုင်ရရှိထားသည့် အင်အားကြီး တိုင်းရင်းသားပါတီတခု ဖြစ်သည်။
UEC သည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပမည့် အစည်းအဝေး၌ ဆွေးနွေးမည့် အကြောင်းအရာကို ဖိတ်စာတွင် ထည့် သွင်းပြောဆိုထားခြင်း မရှိသော်လည်း တဖက်တွင် စစ်ကောင်စီက ရွေးကောက်ခံ အစိုးရအဖွဲ့နှင့် NLD အစိုးရ လက်ထက် UEC တာဝန်ရှိသူများအပေါ် စွပ်စွဲထားသည့် မဲမသမာမှု ပြုလုပ်သည် ဟူသော အချက်ကို ခိုင်လုံစွာ ရရှိရန် ဆောင်ရွက် လျက်ရှိသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ခရိုင်၊ မြို့နယ်အဆင့်ဆင့်၏ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများကို တပ်မ တော် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီးထားကာ မဲမသမာမှု ပြုခဲ့ခြင်း ရှိမရှိ စစ်ဆေးနေသည်မှာ ၁၀ ရက်ကျော် ရှိပြီ ဖြစ်သည်။
ဦးစိုင်းလိတ်က “အများအားဖြင့်က တော်သင့်မှန်ကန်တဲ့ တိကျတဲ့ တရားဥပဒေနဲ့အညီ လုပ်ထားတဲ့ စာရင်းတွေ ဖြစ်တယ် ဆိုတာ ကျနော်တို့ လက်ခံထားတယ်။ နောက်တကြိမ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတာက တရားသဖြင့် အာဏာရယူထား တဲ့၊ လူထုရွေးချယ်ထားတဲ့အဖွ့ဲ မဟုတ်တာကြောင့် အဲဒီအတွက်ကိုလည်း မနက်ဖြန်မှာ ကျနော်တို့ အပြီးအပြတ် ဆုံးဖြတ် မှာပါ။ ယေဘုယျအားဖြင့်ကတော့ လက်သင့်ခံနိုင်စရာ အကြောင်းရှိမယ် မထင်ပါဘူး။ ဒါပေမယ့် ဒါက CEC ရဲ့ သဘော ထား မဟုတ်သေးပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တရားဝင် ရပ်တည်နေသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၉၃ ပါတီရှိသည့်အနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် ပါတီပေါင်း ၃၀ ကျော်သည် တပ်မတော်၏ လုပ်ဆောင်ချက်ကို သဘောတူပြီး အာဏာ သိမ်းခြင်းကို ဆန့်ကျင်ခြင်း မရှိပါ။
ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများနှင့် ပြည်မရှိ ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ ဒီမိုကရေစီ အင်အားစုများ တည်ထောင်ထားသည့် ပါတီများကသာ အာဏာသိမ်းခြင်းကို ဆန့်ကျင်ပြီး မဲမသမာမှု ရှိကြောင်း စွပ်စွဲချက်အပေါ် လက်ခံ ကြခြင်း မရှိပါ။
၂၀၂၀ နိုဝင်ဘာတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၈၃ ရာခိုင်နှုန်းကျော်ဖြင့် အစိုးရသစ် ဖွဲ့စည်းရေးအတွက် အနိုင်ရထားသော်လည်း ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားပါတီ များနှင့် လိုက်လံတွေ့ဆုံကာ အမျိုးသားညီညွတ်ရေး အစိုးရတရပ် ဖွဲ့စည်းရန် ပြောဆိုထားစဉ် တပ်မတော်က မဲမသမာမှု များ ရှိသည်ဟု အကြောင်းပြပြီး အစိုးရတဖွဲ့လုံးကိုဖမ်းကာ အာဏာ သိမ်းလိုက်သည်။
ထိုသို့ အာဏာ သိမ်းလိုက်ပြီးနောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကိုလည်း မကျင်းပနိုင်အောင် တားမြစ် ပိတ်ပင်ခဲ့ပြီး မဲစာရင်းများ မှားနေသဖြင့် ပြန်စိစစ်ရန်၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြု နိုင်ကြောင်းနှင့် ရွေးကောက်ပွဲကို အသစ် ပြန်လည်ကျင်းပပေးမည် ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။
တပ်မတော်က တိုင်းပြည်ကို ၁ နှစ် အုပ်ချုပ်ကာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးပြီး အနိုင်ရသည့် ပါတီကို တိုင်းပြည်အာဏာ လွှဲပြောင်းပေးမည်ဟု ပြောဆိုထားသော်လည်း လူထုက ယုံကြည်မှု မရှိသည့်အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု များကို နိုင်ငံတဝှမ်း ပြုလုပ်လျက် ရှိသည်။
ပြည်နယ်၊ တိုင်း အသီးသီးမှ သန်းနှင့်ချီသည့် လူထုက တပ်မတော် ပြောဆိုချက်ကို လက်မခံဘဲ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံရန်၊ မဲမသမာမှု စွပ်စွဲချက်များကို အယုံအကြည် မရှိကြောင်းနှင့် စစ်ကောင်စီက ခန့်အပ်ထားသည့် UEC ကိုလည်း အသိအမှတ်မပြုကြောင်း ဆန္ဒထုတ်ဖော်ကာ တောင်းဆိုနေကြသည်။
You may also like these stories:
မြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်သည်မှာ ရဲတပ်ဖွဲ့ မဟုတ်ဟု ငြင်း
ဒီတကြိမ် လူထုအရေးတော်ပုံ အောင်မြင်မလား
ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုတွက်ကိန်းလွဲသွားလဲ