စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဆန္ဒပြနေသည့် နေရာများတွင် သတင်းယူနေသည့် သတင်းထောက်များကို စစ်ကောင် စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းမီဒီယာဥပဒေကို မလိုက်နာဘဲ ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ဖမ်းဆီးရန် ကြိုးစားခြင်း များ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၂ ရက်အတွင်း ဆန္ဒပြလူထုအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ရိုက်နှက်လူစုခွဲခြင်း ဖမ်းဆီးခြင်း ပြု လုပ်နေသည့် မြင်ကွင်းများကို သတင်းရယူနေသည့် သတင်းထောက်များထဲမှ ၅ ဦး ဖမ်းဆီးခံရခြင်း၊ ၁ ဦး အကြမ်းဖက် ရိုက်နှက်ခံထားရပြီး အခြားသတင်းထောက် ဦးရေ ၇၀ ကျော်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံ ဖမ်းဆီးခြင်း၊ ကင်မရာ လုယူခြင်းများ ပြုလုပ်သဖြင့် သတင်းယူနေရာမှ ထွက်ပြေးခဲ့ကြရသည်။
အဆိုပါ ဖြစ်စဉ်များမှာ မြစ်ကြီးနား၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်မှ သတင်းထောက်တဦးက “ဥပဒေကတော့ လောလောဆယ် ဥပဒေ စာအုပ်ထဲမှာပဲရှိတယ်။ အပြင်ကို အကျိုး မသက်ရောက်ဘူး။ လက်ရှိ ဒီလို အဓိကရုဏ်းတွေ ဖြစ်တော့ သတင်းသမားတွေက မလုံခြုံဘူး။ သတင်းသမားမှန်း သိရဲ့သားနဲ့တောင် ဖမ်းတို့ ကင်မရာ သိမ်းတို့ ပြောနေတာဆိုတော့ သတင်းယူဖို့အတွက် လုံခြုံမှုက မရှိသလောက် ဖြစ် သွားပြီ”ဟု ပြောသည်။
အဆိုပါ သတင်းထောက်သည် ဖေဖော်ဝါရီ ၂၂ ရက်က နေပြည်တော် အဓိကရုဏ်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ချိန်ကာ ကင်မရာ သိမ်းရန်၊ လူကို ဖမ်းရန် ပြောဆိုသဖြင့် ထွက်ပြေးခဲ့ရသူ တဦးဖြစ်သည်။
၂ ငါးလုံး အရေးတော်ပုံနေ့ ဟု တနိုင်ငံလုံးမှ လူထုက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လမ်းပေါ်ထွက်၍ ဆန္ဒပြသည့် ဖေဖော်ဝါရီ ၂၂ ရက်က နေပြည်တော်တွင် ဆန္ဒပြ လူငယ် ၁၉၀ ကျော်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရာ တပြိုင် တည်းတွင် သတင်းယူနေသည့် သတင်းထောက်များကိုလည်း ဖမ်းရန် သေနတ်ဖြင့် ချိန်ပြီး တပ်မတော် အရာရှိတဦးက အော်ဟစ်ပြောဆိုခဲ့သည်။
နေပြည်တော်တွင် သတင်းယူနေသည့် သတင်းထောက်ဦးရေ ၂၀ ခန့်သည် Press စာသားပါ ဦးထုပ်၊ အင်္ကျီ၊ လည်ဆွဲများ ဆွဲထားသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သတင်းထောက်များက ထွက်ပြေးသဖြင့် ဖမ်းဆီးမခံရသော်လည်း နေပြည်တော်အခြေစိုက် သတင်းထောက်တဦးမှာ ထွက် ပြေးရင်း ချော်လဲသဖြင့် ထိခိုက်ဒဏ်ရာများ ရရှိထားသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက်က မြစ်ကြီးနားမြို့တွင်း ထိုင်သပိတ်နှင့် ဆန္ဒပြလူထုအား ဖြိုခွင်းရာ သတင်းယူနေသည့် သတင်း ထောက်များကို လေးခွများဖြင့် လိုက်လံပစ်ခြင်း၊ ကင်မရာ လုယူခြင်းများ ပြုလုပ်သဖြင့် သတင်းထောက်ဦးရေ ၂၀ ကျော် ထွက်ပြေးခဲ့ရသည်။
The 74 Media မှ သတင်းထောက် ၂ ဦး တိုက်ရိုက် သတင်းထုတ်လွှင့်နေစဉ် ရဲတပ်ဖွဲ့မှ ဖုန်းကို လိုက်လံလုယူသဖြင့် ထွက်ပြေးခဲ့ရပြီး အခြားသတင်းထောက် ၃ ဦးသည်လည်း လေးခွဖြင့် ပစ်ခတ်ခံခဲ့ရသည်။
မြစ်ကြီးနားမြို့ အခြေစိုက် သတင်းထောက်များမှာ ထိုသို့ တိုက်ခိုက်ခံရမှုများ ကြုံရသဖြင့် Press စာသားများ ဦးထုပ်၊ အင်္ကျီများ၊ သတင်းထောက် အမှတ်အသားပါ စာတန်းများကိုပါ မဝတ်ဆင်ရဲတော့အောင် မလုံခြုံသည့် အခြေအနေကို ရင်ဆိုင်နေရပါသည်ဟု ပြောဆိုကြသည်။
ဖေဖော်ဝါရီ ၁၅ ရက်ကလည်း မန္တလေးမြို့တွင်း ဆန္ဒပြလူထုကို ဖြိုခွင်းနေသည့် မြင်ကွင်းအား သတင်းရယူနေသည့် သတင်းထောက်အမျိုးသားတဦးကို လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးက ခြေထောက်ဖြင့် ကန်ကြောက်ပြီး ရိုက်နှက်ခဲ့ကြသည်။
အခြားသတင်းထောက်ဦးရေ ၂၀ ကျော်သည်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆဲဆိုပြီး လိုက်ရိုက်သဖြင့် ထွက်ပြေး ခဲ့ကြရသည်။
မန္တလေးမြို့အဓိကရုဏ်းတွင် သတင်းယူနေသည့် သတင်းထောက်အားလုံးသည်လည်း Press စာသားပါ ဦးထုပ်၊ အင်္ကျီနှင့် လည်ဆွဲများကို ထင်ထင်ရှားရှား ဝတ်ဆင်ထားကြသည်။
ဖေဖော်ဝါရီ ၁၄ ရက်က မြစ်ကြီးနားမြို့မန်ခိန်ရပ်ကွက်၊ လျှပ်စစ်ရုံးဝင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားသဖြင့် မီးဖြတ်တောက်မည်ကို စိုးရိမ်ကာ ဒေသခံလူက လျှပ်စစ်ရုံးကို ဝိုင်းထားရာမှ နှစ်ဖက် တင်းမာမှု ဖြစ်ခဲ့သည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး၊ အသံဗုံး၊ မီးခိုးဗုံးများ ပစ်ဖောက်သည့်အပြင် သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ထို မြင်ကွင်းကို သတင်းယူနေသည့် သတင်းထောက် ၅ ဦးအား လူထုကို အုံကြွအောင် သတင်းတိုက်ရိုက်လွှင့်ခြင်း လုပ်နေ သည်ဟု စွပ်စွဲကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သို့ ဖမ်းဆီးသွားခဲ့သည်။
ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းမှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)က ကြားဝင်ညှိနှိုင်းပေးရာ သတင်းထောက် များကို နောင်တွင် လူထုအုံကြွအောင် သတင်းထုတ်ခြင်း မပြုလုပ်ပါဟု ခံဝန်ကတိ လက်မှတ် ရေးထိုးခိုင်းကာ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်က ပြန်လွှတ်ပေးခဲ့သည်။
သတင်းထောက်များမှာ ခံဝန်လက်မှတ်ရေးထိုးခဲ့ရသော်လည်း ၎င်းတို့မှာ သတင်းမီဒီယာကျင့်ဝတ်ကို မလိုက်နာဘဲ သတင်း တင်ဆက်ခြင်း မရှိခဲ့ပါ။
ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းထားပြီး ယနေ့ထိ တည်ဆဲဥပဒေအဖြစ် အသက်ဝင်နေဆဲ ဖြစ်သည့် သတင်းမီဒီယာဥပဒေတွင် အခင်းဖြစ်ပွားရာ နေရာများ၌ သတင်းရယူနေသည့် သတင်းထောက်များကို ဖမ်းဆီးခြင်း၊ သတင်း ရယူနေသည့် ပစ္စည်းများကို ဖျက်ဆီးခြင်းများ မပြုလုပ်ရကြောင်း အတိအလင်း ပြဋ္ဌာန်းထားသည်။
သတင်းမီဒီယာဥပဒေ ၊ အခန်း(၃)၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ ဟူသည့် အခန်းတွင် ဖော်ပြထားသည့် ဥပဒေပြဋ္ဌာန်းချက်မှာ –
“ပုဒ်မ (၇) ၊ သတင်းမီဒီယာသမားတဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများ ပြည်သူ ဆန္ဒပြ ရာ နေရာဒေသတို့၌ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများ နှင့် အညီ သတင်းရယူစဉ် တွင် –
(က) လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း စသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သော ကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်။
(ခ) လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ရှိပါက ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့် ရှိစေရမည်။” ဟူ၍ ဖြစ်သည်။
သတင်းမီဒီယာဥပဒေအရ သတင်းထောက်များက သတင်းသမား ဖြစ်ကြောင်း ထင်ရှားသည့် အမှတ်အသားများဖြင့် သတင်းရယူနေသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းမီဒီယာဥပဒေတွင် ပြဋ္ဌာန်းထားချက်ကို လိုက်နာမှု မရှိဘဲ တိုက်ခိုက်ခြင်း၊ ရန်ပြုခြင်း၊ ကင်မရာများ လုယူခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။
ရန်ကုန် သတင်းစာပညာသင်ကျောင်း၏ ဒါရိုက်တာ ဦးရဲနိုင်မိုးက “သတင်းမီဒီယာ ဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ ပဋိပက္ခ ဖြစ်တဲ့ နေရာတွေမှာ သတင်းယူမယ်ဆိုရင် တကယ်တမ်း လုံခြုံရေးဆိုင်ရာ ဝန်ထမ်းတွေက ကျနော်တို့ သတင်းသမား တွေကိုတောင် အကာအကွယ် ပေးရမယ်လေ။ ဒါပေမယ့် အာဏာသိမ်းတဲ့ စစ်အုပ်စုက သတင်း မီဒီယာ ဥပဒေမှ မဟုတ် ဘူး၊ အခြားဥပဒေတွေကိုလည်း လေးစားမယ်လို့ ကျနော်မထင်ဘူး။ မလေးစားဘူး ဆိုတာလည်း ကျနော်တို့ ရှင်းရှင်း လင်းလင်း မြင်တွေ့နေရတာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
သတင်းစာဆရာများအနေဖြင့် ပဋိပက္ခဖြစ်သည့် နေရာများတွင် သတင်းရယူရာ၌ Press စာသား ပါသည့် ဦးထုပ်၊ အင်္ကျီ များ ဝတ်ဆင်ခြင်းကြောင့် ထင်သာမြင်သာရှိကာ ဦးတည်ပစ်မှတ်ထားခံရသည်ဟု စိုးရိမ်ရပါက အခြေအနေပေါ် မူတည်ပြီး Press စာသားပါ တံဆိပ်များ ဝတ်သင့်/မသင့်ကို သတင်းသွားမလိုက်မီ သတင်းခန်းများတွင် နေ့စဉ် တိုင်ပင်ဆွေးနွေးသင့် သည်ဟု ၎င်းက အကြံပြုသည်။
အန္တရာယ်ကြား အလုပ်လုပ်ရာတွင် သတင်းစာဆရာ အချင်းချင်း ညီညွတ်ရန်လိုပြီး အန္တရာယ်အနည်းနိုင်ဆုံး နည်းလမ်း ဖြင့် စနစ်တကျ အလုပ်လုပ်ကာ လူထုကို သတင်းဆက်လက်တင်ပြနေရမည်ဟုလည်း ဦးရဲနိုင်မိုးက ပြောသည်။
ဆက်လက်ပြီး ၎င်းက “အာဏာသိမ်းတဲ့ စစ်အုပ်စုက တိုင်းပြည်ကို ဦးဆောင်နေသရွေ့တော့ တဖြည်းဖြည်းနဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်က ကျဆင်းသွားမှာပါ။ ဒီထက်ပိုပြီး အယ်ဒီတာတွေကို ဖမ်းဆီးတာတွေ ဖြစ်လာနိုင်တယ်။ သူတို့ ကြေညာလိုက်သလိုပဲ လိုင်စင်ပြန်သိမ်းတာတွေ ဖြစ်လာနိုင်တယ်။ လိုင်စင်ပြန်သိမ်းလို့ ဆက်ထုတ်မယ်ဆိုလည်း တရား မဝင်မှု ဆိုပြီး အရေးယူတာတွေ ရှိလာနိုင်တယ်” ဟုလည်း ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ၎င်းတို့ကို အာဏာသိမ်းစစ်အစိုးရဟု သုံးနှုန်း ၍ သတင်းရေးသားခြင်း မပြုရန် သတင်းမီဒီယာကောင်စီမှ တဆင့် သတင်းဌာနများကို ပြောဆိုထားသည်။
သို့သော် လက်တွေ့တွင် လူထုရွေးကောက်ခံအစိုးရအဖွဲ့ကို ဖမ်းဆီးကာ အာဏာသိမ်းယူထားသဖြင့် အာဏာသိမ်းစစ် အစိုးရ၊ စစ်ကောင်စီဟုသာ သတင်းဌာနများက ဆက်လက် သုံးနှုန်းရေးသားလျက်ရှိသည်။
၎င်းတို့ကို အာဏာသိမ်းစစ်အစိုးရဟု ဆက်လက် သုံးနှုန်းနေပါက သတင်းဌာနများ၏ ထုတ်ဝေခွင့် လိုင်စင်ကိုပါ ပိတ်သိမ်း သွားမည်ဟုလည်း ဖေဖော်ဝါရီ ၂၂ ရက်၊ ည ၈ နာရီက နိုင်ငံတော်ပိုင်သတင်းဌာန မြန်မာ့အသံမှ တဆင့် ကြေညာထား သည်။
You may also like these stories:
နိုင်ငံခြားသံရုံးများ မြန်မာ့အရေး ဝင်မစွက်ဖက်ရန် စစ်ကောင်စီ သတိပေး
မြစ်ကြီးနားတွင် သတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်နေ
စစ်ကောင်စီက နိုင်ငံတော် ပုန်ကန်မှုနှင့် အကြည်ညိုပျက်စေမှု ပုဒ်မများကို ပြင်ဆင်ပြဋ္ဌာန်း
အာဏာသိမ်းအစိုးရ ဟု သုံးနှုန်းရေးသားခြင်းမပြုရန် သတင်းမီဒီယာများကို သတိပေး