စစ်ကောင်စီ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဖိတ်ကြားသည့် အစည်းအဝေးသို့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တတ်မည် မဟုတ်ကြောင်း သတင်းရရှိသည်။
SNLD ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က “ကျနော်တို့ CEC အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။ UEC အစည်းအဝေးကို မတက်တော့ပါဘူး။ ကျနော်တို့ ပါတီရဲ့နိုင်ငံရေး ရပ်တည်ချက်၊ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ အာဏာ သိမ်း စစ်ကောင်စီရဲ့လုပ်ရပ်က သွေဖီ ဆန့်ကျင်နေတာကြောင့် မတက်ဘူးလို့ ဆုံးဖြတ်လိုက်တာပါ” ဟု ပြောသည်။
စစ်ကောင်စီ၏ လုပ်ဆောင်ချက်များ၊ စစ်ကောင်စီမှ ဖွဲ့စည်းလိုက်သည့် ယန္တရားများ၏ လုပ်ဆောင်ချက်များမှာ SNLD ၏ လမ်းစဉ်၊ မူများဖြင့် ကွဲလွဲဆန့်ကျင် နေပါသည်ဟုလည်း ဦးစိုင်းလိတ်က ဆိုသည်။
UEC က ဖေဖော်ဝါရီ၂၆ ရက်တွင် နေပြည်တော်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံသည့် အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများ ပေးပို့ထားခြင်းဖြစ်ကာ အစည်းအဝေး တက်မည့် ပါတီများ၏ ကိုယ်စားလှယ် အမည်စာရင်းများကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထား အကြောင်းပြန်ရန် ပြောဆိုထားသည်။
SNLD က ယနေ့ မနက်ပိုင်းတွင် အစည်းအဝေး ပြုလုပ်ကာ စစ်ကောင်စီ ဖွဲ့စည်းထားသည့် UEC ၏ အစည်းအဝေးကို မတက်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
SNLD သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၅ ဦး၊ ပြည်နယ် လွှတ်တော်အတွက် ကိုယ်စားလှယ်၂၇ ဦး အနိုင်ရရှိထားသည့် အင်အားကြီး တိုင်းရင်းသားပါတီ တခု ဖြစ်သည်။
SNLD က တပ်မတော်၏ အာဏာသိမ်း လုပ်ရပ်ကိုလည်း ဆန့်ကျင်သည့်ဘက်မှ ရပ်တည်ထားကာ ဖမ်းဆီးထားသည့် အစိုးရအဖွဲ့ကို ပြန်လွှတ်ပေးပြီး စေ့စပ်ညှိနှိုင်းရေး လုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် တအန်းအမျိုးသားပါတီ (TNP) သည်လည်း UEC ဖိတ်ခေါ်သည့် အစည်း အဝေးကို မတက်ရောက်နိုင်ကြောင်း အကြောင်းပြန်ထားသည် ဟု သိရသည်။
TNP ၏ အထွေထွေ အတွင်းရေးမှူး ဦးတာကျော်အောင်က “ကျနော်တို့က ဒီမိုကရေစီကို လျှောက်လှမ်းတယ်၊ ယုံကြည်တဲ့ ပါတီ ဖြစ်တယ်။ ဒါကြောင့် ဗဟိုနဲ့ ပါတီမှာ ပါဝင် ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ သဘောထား အားလုံးကို ရယူရမှာပါ။ အချိန်က အဲဒီလောက် မပေးနိုင်တော့ ဘယ်လိုမှ အဆင်မပြေလို့ အစည်းအဝေး တက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့တာပါ။ ကျနော် တို့ မတက်ဖြစ်ပါဘူး” ဟု ပြောသည်။
UEC အပေါ်တွင် အသိအမှတ်ပြုခြင်း မပြုခြင်းမှာ နိုင်ငံတဝှမ်းလုံးရှိ လူထု၏ သဘောနှင့် တိုက်ရိုက်သက်ဆိုင်ပြီး ၎င်းတို့ တပါတီတည်းက မှတ်ချက်ပြုရန် မရှိပါဟုလည်း ဦးတာကျော်အောင်က ဆိုသည်။
TNP သည်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော်၏ ကိုယ်စားလှယ် ၅ နေရာ၊ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ၇ နေရာ အနိုင်ရရှိထားကာ တပ်မတော်၏ အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ထားသည့် ပါတီတခု ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲက မဲမသမာမှုများ၊ မဲစာရင်းမှားယွင်းမှုများ ရှိသည်ဟု အကြောင်းပြကာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တဖွဲ့လုံးကို ဖမ်းဆီး အာဏာသိမ်းယူပြီးနောက် ရွေးကောက်ပွဲ အသစ် ပြန်ကျင်းပပေးမည်ဟု ပြောဆိုထားသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်း မဲမသမာမှု လုပ်ရပ်များ ရှိခဲ့သည်ဟူသည့် အချက်အလက်များ ရရှိရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အဖွဲ့ဝင်များကို ဖမ်းဆီးစစ်ဆေးသည့်အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌများကို သက်ဆိုင်ရာ တပ်မတော် စစ်ကြောရေး စခန်းများ တွင် ဖမ်းဆီး စစ်ဆေးနေသည်မှာ ရက်သတ္တပတ် နှစ်ပတ်ရှိပြီ ဖြစ်သည်။
ယခု နိုင်ငံရေး ပါတီများကို အစည်းအဝေး ဖိတ်ခေါ်သည့် UEC သည် အာဏာသိမ်း စစ်ကောင်စီ ဖြစ်သည့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီက ပြန်ဖွဲ့စည်းပေးထားသည့် ကော်မရှင် ဖြစ်သည်။
You may also like these stories:
စစ်အာဏာသိမ်းမှုအပေါ် တိုင်းရင်းသားများအမြင်
စစ်ကောင်စီ ဖွဲ့စည်းထားသည့် UEC က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ဖိတ်ကြား
အာဏာသိမ်း အစိုးရနှင့် ပူးပေါင်းလိုက်သည့် ပါတီများ ဝေဖန်ခံနေရ