တပ်မတော် စီမံအုပ်ချုပ်ရေးကောင်စီခန့်အပ်သည့် ရာထူးအား ဦးဇော်အေးမောင် လက်ခံခြင်းမှာ ပါတီမူဝါဒကွဲလွဲခြင်း မရှိ ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ နိုင်ငံရေး မူဝါဒရေးရာ ကော်မတီအဖွဲ့ဝင် ဦးဖေသန်းက ပြောသည်။
ဦဖေသန်းက “မူအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီနဲ့ ပူးတွဲပြီး လုပ်တယ်ဆိုတာ မူအားဖြင့် ရှိပြီးသား ဖြစ်နေပြီ။ ဦးဇော်အေးမောင်ပါဝင်ခြင်းက မူအားဖြင့် တခုမှတော့ ပြဿနာ မရှိဘူး။ ပိုထူးခြားတဲ့ လုပ်ငန်းစဉ် မဟုတ်ဘူး။ နဂိုသွားနေ တဲ့ လမ်းအတိုင်း လျှောက်နေခြင်းသာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ANP ပါတီမှ ဦးဇော်အေးမောင်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်က တပ်မတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ တိုင်း ရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ကောင်စီအတွင်း ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က လက်မှတ်ထိုးကာ ထုတ်ပြန်ခဲ့သည်။
ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး ပါတီနိုင်ငံရေး မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက “ပါတီရဲ့ သဘောထားကတော့ တဦးချင်းအပေါ်မှာထက် ပါတီသွားနေတဲ့ မူအပေါ်မှာ စဉ်းစားရမယ်ပေါ့။ ပါတီက နိုင်ငံတော် ကောင်စီမှာ ပါဝင်ပြီးတော့ လုပ်နေပြီလေ။ ဒေါ်အေးနုစိန်ကို ခန့်အပ်မယ်ဆိုတာကိုလည်း ပါတီက ကြိုဆိုတယ်လို့ ကြေညာ ချက်ထုတ်ပြီးပြီ။ နောက်ပြီးတော့ တခြားနေရာတွေကိုလည်း ပါတီက တောင်းထားတာတွေ ရှိခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော် စီမံအုပ်ချုပ်ရေး ကောင်စီက ခန့်အပ်သည့် ရာထူးလက်ခံမည့် ကိစ္စနှင့်ပတ်သက်ပြီး ဦးဇော်အေးမောင်အနေဖြင့် ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှအား အသိပေး တင်ပြခဲ့ကြောင်းလည်း သိရသည်။
ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက “ဦးဇော်အေးမောင်ကို ကမ်းလှမ်းခဲ့တာဟာ ပါတီကို ကမ်းလှမ်းခဲ့ခြင်း မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေး အရ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်။ သူ့ (ဦးဇော်အေးမောင်) မှာလည်း တစုံတရာ အခက်အခဲရှိတယ် ဆိုတာပဲ အသိပေးတင်ပြ ခဲ့တာပဲ ရှိတယ်။ ပါတီရဲ့ သဘောတူညီချက်၊ ပါတီရဲ့ သဘောထားကို ရယူခဲ့တာ မရှိဘူး။ အဲဒါကြောင့် သူတို့ကို ကမ်း လှမ်းမှုဟာ ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းမှုသာ ဖြစ်တယ်လို့ ပြောလိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်ကလည်း ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်အေးနုစိန်ကို တပ်မတော် စီမံအုပ်ချုပ် ရေး ကောင်စီတွင် အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပြီး ထိုသို့ ခန့်အပ်ခြင်းအပေါ် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့်အတွက် လည်း ရခိုင်တိုင်းရင်းသားများကြားတွင်ဝေဖန်ခဲ့ကြသလို နောက်ထပ် ပါတီမှ လူသိများသူ ဦးဇော်အေးမောင် ကောင်စီက ရာထူးကို လက်ခံခြင်းအပေါ်မှာလည်း ဝေဖန်မှု မြင့်တက်လျက် ရှိသည်။
စစ်တွေ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ ဦးစိုးနိုင်က “ဒီမိုကရေစီ နှစ်ရပ် အစိုးရကြားမှာ ရခိုင်လူထုရော၊ ANP ရော လုံးဝ ပစ်ပယ်ခံခဲ့ရတယ်။ အခု စစ်ကောင်စီစနစ်မှ ANP အနေနဲ့ ရခိုင်လူထုအတွက် ဘာလုပ်ပေးနိုင်မလဲဆိုပြီး ဝင်ရောက် စူး စမ်းတယ်လို့ မြင်တယ်။ ဆိုတော့ အမှန်တကယ် ရခိုင်လူထု ခံစားချက်ကို ပြောင်းလဲနိုင်စွမ်းရှိရမယ်။ ပြောင်းလဲဖို့ ကြိုးစား တယ်ဆိုလို့ မရဘူး။ ပြောင်းလဲနိုင်စွမ်းမရှိဘဲ ဆက်ပြီးတော့ အာဏာရှင်စနစ်ရဲ့ဒေါက်တိုင်အဖြစ်သာ ပါဝင်နေမယ်ဆိုရင် ANP ပါတီဟာ သမိုင်းတရားခံပဲ ဖြစ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် ရာထူးခန့်အပ်ခံရသည့် ဦးဇော်အေးမောင်မှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တွင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ်၂၀၁၀ ကာလနှင့် ၂၀၁၅ ခုနှစ် ရာထူးသက်တမ်း နှစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့သည်။
ပြီးခဲ့သော၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးလောင်း အဖြစ် တာဝန်ထမ်းဆောင်လိုသည့် ဆန္ဒဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင် မရခဲ့ပေ။
ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွင် ပူးပေါင်း ပါဝင်နေခြင်းအပေါ် ပြန်လည် သုံးသပ်ပြီး လက်ခံခြင်း မပြုရန် ဖောဖော်ဝါရီလ ၇ ရက်က ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၄၇ ဖွဲ့က တိုက်တွန်း တောင်းဆိုကြောင်း ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။
You may also like these stories:
ANP ပါတီ ကောင်စီတွင် ပါဝင်ခြင်းမပြုရန် ရခိုင်အရပ်ဘက်အဖွဲ့ ၄၀ ကျော် တိုက်တွန်း
အာဏာသိမ်း အစိုးရနှင့် ပူးပေါင်းလိုက်သည့် ပါတီများ ဝေဖန်ခံနေရ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ANP ခေါင်းဆောင် ဒေါ်အေးနုစိန်ကိုခန့်