စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူငယ်များ သွေးထွက်သံယို မဖြစ်စေရန်၊ ဖမ်းဆီးပြီး ထောင်ချမခံရစေရန် ကူညီပေးရေး ရည်ရွယ် ဖွဲ့စည်းထားသည်ဟူသော ကချင်ပြည်နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို အလိုမရှိကြောင်း ဒေသခံများ က ကန့်ကွက်ဆန္ဒပြလျက် ရှိသည်။
မြစ်ကြီးနားမြို့၊ ပင်မလူထုသပိတ်ကို ဦးဆောင်နေသည့် လူငယ်များကလည်း ကချင်ပြည်နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို လက်ခံမည် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသည်။
ပင်မလူထုသပိတ်ကို ဦးဆောင်နေသည့် အမျိုးသမီးတဦးက “ကျမတို့က လက်မခံနိုင်ဘူး။ ဒီစစ်အာဏာရှင်ကို လုံးဝ မလို ချင်ဘူး။ ဒါကြောင့် သူတို့ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းကိုလည်း လက်မခံနိုင်ပါဘူး” ဟု ပြောသည်။
ကချင်ပြည်နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို ဖေဖော်ဝါရီ ၂၂ ရက်က အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား တခု ဖြစ်သည့် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက အစည်းအဝေးတရပ် ပြုလုပ်ကာ ဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သည်။
ထိုအဖွဲ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ရင်းနှီးသူ ကချင်အဆိုတော်၊ တေးရေးဆရာ ဦးဖော်လဂန်ဖမ်က ဥက္ကဋ္ဌ၊ ကချင် အမျိုးသမီး နိုင်ငံသမား ဒေါ်ဘောက်ဂျာက ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ ကချင်ရှေ့နေများ၊ ကချင်မျိုးနွယ်စုများနှင့် ရှမ်းနီ လူမျိုးများ ပါဝင်သည့် စုစုပေါင်း ၁၃ ဦးဖြင့် ဖွဲ့စည်းထားသည်။
ပင်မလူထုသပိတ်ကို ဦးဆောင်သည့် အမျိုးသမီးက “စစ်အာဏာရှင်ကနေ ထုတ်တဲ့ ဥပဒေတွေ သူတို့ကနေ တဖတ်သတ် အာဏာလုပြီးတော့ ချမှတ်ထားတဲ့ တခုမှ ကျမတို့ လက်မခံနိုင်ဘူး။ ဒီအဖွဲ့ ဖွဲ့တယ်ဆိုလည်း အလကားပဲ ဖြစ်သွားမှာပဲ” ဟု ထပ်မံ ပြောဆိုသည်။
မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်၊ ဗန်းမော်တို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူငယ်များကို ဆက် သွယ် မေးမြန်းရာတွင်လည်း ၎င်းတို့အနေဖြင့် စစ်ကောင်စီ ဖွဲ့စည်းပေးသည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို လက်ခံနိုင်ခြင်း မရှိပါ ဟု ပြောဆိုကြသည်။
ဖားကန့်မြို့မှ ကိုဘရန်မိုင်က “ကျနော်တို့ လိုချင်တာ ဒီမိုကရေစီ။ စစ်အာဏာရှင်နဲ့ ညှိနှိုင်းဖို့ မဟုတ်ဘူး။ စစ်အာဏာရှင် အပြုတ်ကိုပဲ ရချင်တာ။ သူတို့ကတဆင့် ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေးဆိုတဲ့ အဖွဲ့ကိုလည်း ယုံကြည်မှု မရှိပါဘူး” ဟု ဆိုသည်။
ကချင်ပြည်နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွင် ဒု-ဥက္ကဋ္ဌ တဦးအဖြစ် တာဝန်ယူထားသည့် ဒေါ်ဘောက်ဂျာက ၎င်းတို့အဖွဲ့ အနေဖြင့် စစ်ကောင်စီက ခိုင်းစေချက်များကို လုပ်ဆောင်မည် မဟုတ်ဘဲ ဆန္ဒပြလူငယ်များ သွေးထွက်သံယို မဖြစ်စေရန် နှင့် ဖမ်းဆီးခံရပါကလည်း ထောင်မကျစေရန် ညှိနှိုင်းပြီး လွတ်မြောက်အောင် လုပ်ပေးမည့် အဖွဲ့ဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “ကျမတို့ ပြည်နယ်မှာ အများဆုံး လမ်းပေါ်မှာဆန္ဒပြနေသူတွေက လူငယ်တွေ၊ ကလေးတွေ များတယ်။ လူ ငယ်တွေဆိုတာ စိတ်ဆတ်တယ်၊ မထိန်းရင် မထိန်းနိုင်သလို လုပ်သွားနိုင်တယ်။ ရဲတို့ စစ်တပ်တို့နဲ့ ပဋိပက္ခဖြစ်သွားမှာကို မလိုလားဘူး။ သားသမီးတွေရဲ့ ဘဝလုံခြုံရေး၊ တည်ငြိမ်ရေး၊ သူတို့လုပ်ချင်တာကို လွတ်လွတ်လပ်လပ် ဖြောင့်ဖြောင့်တန်း တန်း လုပ်နိုင်ဖို့ ကျမတို့က လမ်းကြောင်းတည့်ပေးနိုင်ဖို့ အတွက်ပါ” ဟု ရှင်းပြသည်။
ဆန္ဒပြလူငယ်များ အနေဖြင့် ညှိနှိုင်းရေးအဖွဲ့ကို လက်မခံကြောင်း ကန့်ကွက် ဆန္ဒပြနေသည့်အပေါ် သဘောထား ကို မေးမြန်းရာ ဒေါ်ဘောက်ဂျာက ၎င်းတို့အဖွဲ့သည် စစ်ကောင်စီ ခိုင်းသည့်အတိုင်း လုပ်ဆောင်မည် မဟုတ်ဘဲ ဆန္ဒပြ လူငယ်များဘက်မှသာ ရပ်တည် ဆောင်ရွက်မည့်အဖွဲ့ ဖြစ်ပါသည်ဟု ဆိုသည်။
ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို စစ်ကောင်စီဘက်မှ တစုံတရာ စွက်ဖက်ခြင်း မရှိဘဲ ၎င်းတို့နှင့် အဆက် သွယ် လုပ်ထားသည်မှာ လုံခြုံရေးလိုအပ်ပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များ ပေးထားခြင်းသာ ရှိကြောင်း ၎င်းက ပြော သည်။
ထို့ပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခြင်းကြောင့် ပူတာအို အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရသည့် ရဝမ် လူငယ် ၅ ဦး လွတ်မြောက်ရေးအတွက် ကူညီပေးရန် ဆောင်ရွက်နေပြီဟုလည်း ဒေါ်ဘောက်ဂျာက ပြောသည်။
၎င်းက “သူတို့ (ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ) နဲ့ ညှိနှိုင်းရမှာပါ။ ကလေးတွေကို ပြန်ထုတ်ပေးဖို့ ကျမတို့ တောင်းဆို ထားပါတယ်။ သူတို့လည်း လက်ခံပါတယ်။ အကျိုးနဲ့အကြောင်းနဲ့ ပြောပြီး ကျမတို့ ညှိပါတယ်။ ဦးခက်ထိန်နန် အနေနဲ့ကတော့ သူက စစ်တပ်က ဖမ်းထားတယ်ဆိုရင် စစ်တပ်ကို ထပ်တောင်းဆိုသွားမယ် ထင်ပါတယ်။ ကျမတို့ကတော့ ဦးခက်ထိန်နန်နဲ့ပဲ တိုက်ရိုက် ပြောဆိုသွားမှာပါ” ဟု ဆိုသည်။
ဦးခက်ထိန်နန်သည် အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းထားသည့် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်သည်။
ဒေါ်ဘောက်ဂျာက ၎င်းတို့၏ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သည် လွတ်လပ်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း ပြောဆိုသော်လည်း အဆိုပါအဖွဲ့ကို တိုင်းနှင့်ပြည်နယ်အနှံ့ ဖွဲ့စည်းရန် စစ်ကောင်စီက ညွှန်ကြားထားခြင်း ဖြစ်သည်။
နိုင်ငံပိုင် သတင်းစာများတွင်လည်း ကချင်ပြည်နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား တခုဖြစ် သည့် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ပေး ဖွဲ့စည်းသည်ဟု ဖော်ပြထားသည်။
ဒေါ်ဘောက်ဂျာသည် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွင် မပါဝင်ခင်က ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ ဒု-ဥက္ကဋ္ဌ တဦး ဖြစ်သည်။
KSPP သည် ၎င်း၏ ပါတီဝင်များ အာဏာသိမ်း စစ်ကောင်စီနှင့် လက်တွဲ အလုပ်လုပ်မည်ဆိုပါက ပါတီတွင်းမှ နုတ်ထွက် ရမည်ဟူသော မူဝါဒ ချမှတ်ထားသဖြင့် ဒေါ်ဘောက်ဂျာသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ပါတီမှ နုတ်ထွက်လိုက်ရသည်။
စစ်ကောင်စီက ၎င်းကို ဆန့်ကျင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြနေသည့် လူငယ်များနှင့် ညှိနှိုင်းရန်ဟုဆိုကာ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များကို တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ်များ၊ ရပ်ကွက်များတွင် ဖွဲ့စည်းနေသော်လည်း စစ်ကောင်စီက ခန့်အပ် သည့် အုပ်ချုပ်ရေးမှူးများ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဒေသခံများက လက်မခံသောကြောင့် ကန့်ကွက်ဆန္ဒပြမှု များ ဖြစ်ပေါ်လျက် ရှိသည်။
You may also like these stories:
ပူတာအိုတွင် ဆန္ဒပြဒေသခံ ၉ ဦးကို တပ်မတော်က ပိတ်ဆို့ဖမ်းဆီး
ပူတာအိုတွင် ဆန္ဒပြသူများကို ပုဒ်မအမျိုးမျိုးတပ် တရားစွဲ