လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဦးဆောင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီး တရားစွဲခံရသည့် ဧရာဝတီ တိုင်း၊ အင်္ဂပူမြို့နယ်၊ မယ်ဇလီကုန်းမြို့ ဆေးရုံအုပ် ဒေါက်တာပြည့်ဖြိုးနိုင်၏ ကျန်းမာရေး အခြေအနေ စိုးရိမ် နေရ ကြောင်း ၎င်း၏ဇနီးဖြစ်သူထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် အင်္ဂပူမြို့နယ် တရားရုံး၌ Video Conferencing ဖြင့် ရုံးထုတ်ချိန် မိသားစုနှင့် အချိန်အနည်း ငယ် စကားပြောခွင့် ရခဲ့ပြီးနောက် ဒေါက်တာပြည့်ဖြိုးနိုင်၏ ကျန်းမာရေး အခြေအနေကို မိသားစုက သိရှိခဲ့ခြင်း ဖြစ် သည်။
ဒေါက်တာပြည့်ဖြိုးနိုင်၏ဇနီး ဒေါက်တာဖြူလဲ့သူက “သူအဖမ်းခံရတဲ့နေ့က စစ်တပ်ထဲမှာ ထိန်းသိမ်းထားတယ်ဆိုလို့ ကျမ လိုက်သွားပြီး ဆေးတွေ လိုက်ပေးတယ်။ စစ်တပ်က သူတို့ဆီကိုလာမပေးနဲ့ ရဲစခန်းကပေးဆိုလို့ စခန်း ကနေ သေချာ ထည့်ပေးခဲ့တယ်။ မနေ့က ရုံးချိန်းမှာ ဆရာနဲ့ ဗီဒီယိုကနေတဆင့် စကားပြောခွင့်ရတော့မှ ကျမတို့ ထည့်ပေး တဲ့ ဆေးတွေ သူ့ဆီမရောက်ဘူးဆိုတာ သိရတယ်။ အဲဒီတော့ သူ့ရဲ့ နှလုံးဆေးကလည်း မသောက်ရတာ ၂ ပတ် ရှိ သွားပြီဆိုတော့ ရင်တွေတုန်ပြီး မောနေတယ်။ ကျန်းမာရေးမကောင်းဘူး” ဟု ဧရာဝတီကို ပြောသည်။
ဒေါက်တာပြည့်ဖြိုးနိုင်ကို နယ်မြေခံရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်တွင် မယ်ဇလီကုန်းမြို့ရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီး ခေါ် ဆောင်သွားပြီးနောက် ဟင်္သာတ အကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့ပြီး မိသားစုနှင့် ၂ ပတ်ခန့် တွေ့ခွင့်မပေး ခဲ့သလို ၎င်းဘက်မှ ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်မည့် ရှေ့နေနှင့်လည်း တွေ့ခွင့်မရခဲ့ကြောင်း သိရ သည်။
၎င်းကို အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်းက တရားလိုပြုလုပ်၍ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခဲ့ပြီး အင်္ဂပူမြို့နယ်တရားသူကြီးက လက်ခံစစ်ဆေးခဲ့ရာ ယမန်နေ့ရုံးချိန်းတွင် ကျန်းမာရေးမကောင်း သည့် ဒေါက်တာပြည့်ဖြိုးနိုင်ကို အချုပ်လွတ်ထုချေခွင့်ပေးရန် အာမခံ လျှောက်ထားခဲ့သော်လည်း တရားသူကြီးက ပယ်ချခဲ့သည်။
ဒေါက်တာပြည့်ဖြိုးနိုင်၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းက ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၇၊ ၄၉၇(၁)အရ စွပ်စွဲခံရသူသည် သေဒဏ်ကျွန်းဒဏ် ထိုက်သည့်ပုဒ်မမျိုး မဟုတ်ပါက ကျန်းမာရေး မကောင်း လျှင် အာမခံပေး၍ ရကြောင်း ရှင်းပြသည်။
ဒေါ်ဧရာလင်းထွန်းက “အဲဒီလို အနေအထားမှာ ဆေးစာအထောက်အထားနဲ့ အာမခံပေးဖို့ တင်ပြတာကို အာမခံ မပေး တာဟာ လွတ်လပ်တဲ့ တရားစီရင်ရေး မရှိဘူးလို့ ပြောချင်တယ်။ ဒေါက်တာပြည့်ဖြိုးနိုင် အာမခံရဖို့အတွက်ကို အထက် ရုံးဖြစ်တဲ့ ဟင်္သာတခရိုင် တရားရုံးကို ဆက်လက် တင်ပြသွားမှာပါ” ဟု ပြောသည်။
ဒေါက်တာပြည့်ဖြိုးနိုင်မှာ နှလုံးရောဂါဝေဒနာရှင် ဖြစ်သည့်အတွက် အကျဉ်းထောင်အတွင်း ကောင်းမွန်သည့် ကျန်း မာရေး စောင့်ရှောက်မှု မရပါက အသက်အန္တရာယ် စိုးရိမ်ရသဖြင့် လူသားချင်း စာနာမှုအရ အချုပ်လွတ် ထုချေခွင့် ပေးစေလိုကြောင်း မိသားစုဝင်များကလည်း ပြောသည်။
ဇနီးဖြစ်သူ ဒေါက်တာဖြိုးလဲ့သူက “သူကနဂိုကတည်းက နှလုံးရောဂါရှိတယ်။ စိတ်ဆင်းရဲလို့ မရဘူး။ စိတ်ဆင်းရဲရင် နှလုံးရောဂါက ပိုဆိုးတယ်။ အခုလို ဆေးမသောက်ရတဲ့ အနေအထားမှာ ရောဂါဖောက်သွားခဲ့ရင် ထောင်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုက ကောင်းတာ မဟုတ်ဘူး။ သူတို့တွေက ပစ်ထားမှာဆိုတော့ ကိုယ့်အမျိုးသားပဲခံရမှာ။ တရားရုံးတော်အနေနဲ့ လူသားချင်းစာနာမှုအရ တကယ်လည်း ကျန်းမာရေး ချို့ယွင်းနေတာမို့ အာမခံပေးစေချင်ပါ တယ်” ဟု ပြောသည်။
အင်္ဂပူမြို့နယ် တရားသူကြီးက ဒေါက်တာပြည့်ဖြိုးနိုင်၏ အမှုကို လာမည့် မတ်လ ၁၀ ရက်နေ့တွင် ကြားနာမည်ဟု ပြန် လည် ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် တရားလို ရဲမှူးရဲဝင်းနှင့် တရားလိုပြ သက်သေများကို စစ်ဆေးမည်ဟု တရားခွင် တွင် ပြောကြားခဲ့သည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းက “ကျမက ဟင်္သာတ အကျဉ်းထောင်မှာ ဒီဆရာကို ကိုယ်စားလှယ် လွှဲ စာလက်မှတ်ထိုးဖို့နဲ့ အမှုအတွက် လိုအပ်တာမေးမြန်းဖို့ တွေ့ခွင့်တောင်းခဲ့တယ်။ ဒါပေမယ့် တွေ့ခွင့်မပေးဘဲ ကိုယ်စား လှယ် လွဲှအပ်ပါတယ်ဆိုတဲ့ ဆရာ့လက်မှတ်ပဲ ရခဲ့တယ်။ တရားသူကြီးကတော့ လာမယ့်ရုံးချိန်းမှာ တရားလိုနဲ့ လိုပြ သက်သေ စစ်မယ်ပြောတယ်။ ကျမကတော့ ကျမအမှုသည်နဲ့အခုထိ တွေ့ခွင့်မရတဲ့အတွက် အမှုမစစ်နိုင်သေးဘူး လို့ပဲ ပြောထားတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစတင်ကာ ပုသိမ်၊ အင်္ဂပူ၊ မြောင်းမြ၊ ဟင်္သာတ စသည့် ဒေသ ၄ ခုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သူ ၁၁ ဦးကို ဧရာဝတီတိုင်း စီမံခန့်ခွဲရေးကောင်စီက ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးများက တရားလိုပြုလုပ်ကာ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် မြို့နယ်တရားရုံးများတွင် တရားစွဲဆိုထားကြောင်း သိရသည်။
You may also like these stories:
CDM လုပ်သည့် ကျန်းမာရေးဝန်ထမ်းများအပေါ် အကွက်ဆင် ဖမ်းဆီးမှုများရှိနေ