အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဆန့်ကျင်သည့် အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များ ဖွဲ့စည်းကာ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ကို စတင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) မှ ဦးတင်ရှိန်က “စ လှုပ်ရှားနေပါပြီ။ အခြေအနေက ရပ် ကွက်တွေ ကျေးရွာတွေမှာ စတင် လှုပ်ရှားနေပါပြီ။ ရန်ကုန်မှာက အကုန်ဖွဲ့စည်းလို့တော့ မပြီးသေးဘူး။ မြို့နယ်တိုင်းတော့ လုပ်နေတယ်။ တချို့ကြီးတဲ့ မြို့နယ်တွေတော့ ကျန်သေးတယ်” ဟု ဧရာဝတီကို ပြောသည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် အဆင့်ဆင့်တွင် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီ ၂၂ ရက်တွင် စာတစောင် ထုတ်ပြန် ပြီးနောက် ယခုလို အကောင်အထည် ဖော်လာခြင်းလည်း ဖြစ်သည်။
CRPH သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လူထုက ရွေးချယ်တင်မြှောက်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ၏ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၉၆ ဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ တအန်းအမျိုးသားပါတီမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ ပါဝင် ကိုယ် စားပြုသည့် ကော်မတီ ဖြစ်သည်။
CRPH က ချပေးသည့် လမ်းညွှန်ချက်အရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တဖွဲ့တိုင်းတွင် အနည်းဆုံး အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်း ပြီး ယင်းအဖွဲ့တွင် သက်ဆိုင်ရာ ဒေသ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြ သည့် ဝန်ထမ်းများ၊ လူငယ်များဖြင့် ဖွဲ့စည်းရမည်ဟူ၍ ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က “နယ်တွေမှာတော့ CRPH ကနေ ပြောထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးတွေက တော်တော်များများ ဖွဲ့စည်းပြီးနေပါပြီ။ အဲဒီကနေ တင်မြှောက်လိုက်တဲ့ ကျမတို့ အုပ်ချုပ်ရေးမှူးတွေကလည်း အုပ်ချုပ်ရေးယန္တရားတွေကို လည်ပတ်နေပါပြီ” ဟု ပြောသည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို CRPH က တာဝန်ခံထားသဖြင့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းမှု ပြီးစီးသည့် ရာခိုင်နှုန်းနှင့် ဖွဲ့စည်းပြီးသည့် ဒေသများတွင် လှုပ်ရှားမှု အစီအစဉ်များကိုမူ ပါတီဘက်မှ အသေးစိတ် သိရှိခြင်း မရှိကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းခြင်း၊ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်လည်ပတ် ခြင်းများ လုပ်ဆောင်နေပြီ ဖြစ်သော်လည်း တဖက်တွင် စစ်ကောင်စီနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးမှုများ ရှိ နေသဖြင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ အနေဖြင့် လျှို့ဝှက်လှုပ်ရှားနေရသည့် အခြေအနေ ဖြစ်သည်။
CRPH က လမ်းညွှန်ပေးထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန် ၁၀ ချက်အနက် စစ်အာဏာရှင်၏ အမိန့် အာဏာများကို ဖီဆန်နေသည့် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူများကို ကူညီကာကွယ်ပေးရန်၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ CDM လုပ်နေသည့် နိုင်ငံ့ဝန်ထမ်းများ အထောက်အပံ့ လိုအပ်ပါက ချိတ်ဆက်ဆောင်ရွက်ရန်၊ နယ်မြေအလိုက် အခမဲ့ဆေးခန်းများ ဖွင့်လှစ်ရန်၊ ဆန္ဒပြမှုများ ပြုလုပ်ရာတွင် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြရေး ထိန်းကျောင်းပေးရန်တို့ ပါဝင်သည်။
ထို့ပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရပ်ကွက်၊ ကျေးရွာတွင်း လူထု၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ် များအတွက် ပြည်သူများထံသို့ စဉ်ဆက်မပြတ် သတင်းပေးပို့ခြင်း၊ လူထုက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ က ပြဋ္ဌာန်းသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုသာ လိုက်နာကျင့်သုံးခြင်းနှင့် စစ်အုပ်စုက ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်အားလုံးကို ဆန့်ကျင်ဖီဆန်သွားရမည်ဟုလည်း ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း လူမှုကွန်ရက်မှတဆင့် လူထုကို သတင်းစကားပါးသည့် ရုပ်သံမှတ်တမ်းတခုထဲတွင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဆင့်လိုက် လူထုက အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရန် တိုက်တွန်း ထားသည်။
“စစ်ကောင်စီက သူ့ကိုယ်သူ အစိုးရ ဖြစ်တယ်ဆိုတဲ့အချိုးကို ချိုးချင်နေတာကို ကျနော်တို့က ငြင်းပယ်ရမယ်။ ဟန့်တား ပစ် ရမယ်။ ပြည်သူလူထုက ရပ်ကွက်အစိုးရ၊ ကျေးရွာအစိုးရ အဆင့်တွေကိုပါ ကိုယ့်ဘာသာ ကိုယ်တည်ဆောက်မယ်” ဟု ၎င်းက ပြောဆိုသည်။
ဖေဖော်ဝါရီ ၂၅ ရက်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာထားပြီး အဆိုပါအဖွဲ့၏ CRPH လမ်းညွှန်ချက်နှင့် မတူညီသည့် အချက်တချက်မှာ ၎င်းတို့ မြို့နယ်အတွင်း လူထုကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ အသက်သေဆုံးခြင်း အမှုကိစ္စများ ဖြစ်ပါက ချင်းရိုးရာ ဓလေ့ထုံးတမ်းများအတိုင်း စီရင်မည်ဟူ၍ ကြေညာထားခြင်း ဖြစ်သည်။
မင်းတပ်မြို့ ပအဖအဖွဲ့က လူထု၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်မည့်အပြင် အခမဲ့ ဆေးခန်းများ ဖွင့် လှစ်ပေးခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြရာ၌ အကြမ်းမဖက်စေရန် ထိန်းကျောင်းခြင်း၊ ရပ်ကွက်/ကျေးရွာ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်းပေးခြင်း၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၏ လုံခြုံရေးဆိုင် ရာ အကူအညီပေးခြင်းတိို့ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်မည်ဟု သိရသည်။
အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်ရာတွင် CRPH က ဖွဲ့စည်းထားသည့် ပြန်ကြားရေးနှင့် ပြည်သူ့ရေးရာကော်မတီတို့နှင့် ချိတ်ဆက် ဆောင်ရွက်ပါမည်ဟုလည်း ကြေညာထားသည်။
ထိုအဖွဲ့တွင် ပါဝင်သူ တဦးက “ကျနော်တို့ မင်းတပ်မြို့နယ်မှာက မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ရှိသလို မင်းတပ်မြို့ နယ် ပြည်သူ့လုံခြုံရေးအဖွဲ့လည်း ရှိပါတယ်။ အဓိကတော့ လုံခြုံရေးအဖွဲ့က ကာကွယ်တာက CDM လုပ်တဲ့ ပြည်သူ့ဝန် ထမ်းတွေ ဆန္ဒထုတ်ဖော်ပွဲမှာပါတဲ့ ပြည်သူတွေ ဖမ်းဆီးမခံရဖို့ကို ဦးထိပ်ထားပြီး လုပ်နေတယ်။ နောက်ပြီး ထောင် ထွက်တွေ များနေတော့ မျက်နှာစိမ်းတွေ ရပ်ကွက်ထဲ ခိုးဆိုးလုနှိုက်တွေ မဖြစ်ဖို့ လုံခြုံရေး လုပ်ဆောင်နေပါတယ်” ဟု ရှင်းပြသည်။
မင်းတပ်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးမည်ကို စိုးရိမ်ရသော ကြောင့် အဖွဲ့တွင် မည်သူများ ပါဝင်သည်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသလို အဖွဲ့၏ လုပ်ငန်းများကိုလည်း လျှို့ဝှက်စွာ လှုပ်ရှားနေကြောင်း သိရသည်။
တဖက်တွင်လည်း တပ်မတော်က အာဏာသိမ်းပြီးနောက် ၎င်း၏ အုပ်ချုပ်ရေးယန္တရားအတွက် ပြည်နယ်နှင့်တိုင်း အသီး သီးတွင် စီမံအုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်းခဲ့သလို ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ၌လည်း အုပ် ချုပ်ရေးမှူး အသစ်များ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ ဖွဲ့စည်းခန့်အပ်လိုက်သည်။
ထိုသို့ ဖွဲ့စည်းခန့်အပ်သည့်အပေါ် ဒေသခံများက လက်မခံနိုင်ကြောင်း ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ ရှိနေပြီး အုပ် ချုပ်ရေးမှူးရုံးများကို သော့ခတ်ပိတ်သိမ်းခြင်း၊ အသစ်ရောက်လာသည့် အုပ်ချုပ်ရေးမှူးများကို သံပုံတီးကာ နှင်လွှတ်ခြင်း များ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ပြုလုပ်လျက် ရှိသည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ ညပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဒေသခံလူထုက ရပ်ကွက်အုပ်ချုပ်ရေး မှူး အသစ်ကို လက်မခံနိုင်ကြောင်း ဆန္ဒပြကြရာမှ ရဲနှင့် တပ်မတော် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်က ပစ်ခတ်ဖြိုခွင်းခဲ့ပြီး အရပ်သား ၄၀ ကျော်လည်း ဖမ်းဆီးခံထားရသည်။
You may also like these stories:
စစ်ကောင်စီ ဖွဲ့ပေးသည့် ကချင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ကန့်ကွက်ဆန္ဒပြခံရ
ဆန္ဒပြ အလုပ်သမားများကို ဖိအားပေး ခြိမ်းခြောက်မှုများ ရပ်တန့်ရန် ILO သတိပေး