တပ်မတော်၏ အာဏာသိမ်းမှုကို ထောက်ခံကြောင်း ယမန့်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြသူများသည် ပတ်ဝန်းကျင်မှ ပြည်သူများအား တုတ်၊ ဓား၊ လေးဂွများဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ကားမှန်များကို ရိုက်ခွဲခြင်း များပြုလုပ်ခဲ့ သည့် အပြင် ဈေးရောင်းသူအချို့ထံမှ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးမှ ကြိုတင် စုစည်းထားသည့် လူတထောင်ကျော်သည် ရန်ကုန်ဘူတာကြီး အရှေ့၌ စတင် စုဝေးပြီးနောက် ဆူးလေလမ်းဆုံးအထိ တပတ် ပတ်ကာ ဆန္ဒ ပြခဲ့ကြခြင်း ဖြစ်သည်။
ဘူတာကြီးအရှေ့၌ မနက်ပိုင်း စတင်စုဝေးစဉ် အနီးအနား ရပ်ကွက်နေ ပြည်သူအချို့က သံပုံးတီးကာ ၎င်းတို့အား ကန့် ကွက် ဆန္ဒပြရာမှ အသင့်ယူဆောင်လာကြသည့် လေးဂွများဖြင့် လိုက်လံပစ်ခတ်ခဲ့ကြသည့်အတွက် ရပ်ကွက်နေသူများ နှင့် ပဋိပက္ခ ဖြစ်ခဲ့ကြပြီး အပြန်အလှန် ခဲများဖြင့် ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။
ယင်းအတောအတွင်း ပြည်သူတဦးကိုလည်း တပ်မတော် ထောက်ခံသူများက ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် မြေကြီးပေါ် လဲ ကျနေခဲ့ပြီး အမျိုးသားတဦးက ကာကွယ်ပေးနေသော်လည်း ဓား၊ ဆန်ထိုးပိုက်များဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြသည်။
အဆိုပါ ပဋိပက္ခအတွင်း လေးဂွနှင့် ပစ်ခတ်မှုကြောင့် ရပ်ကွက်နေပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ရပ်ကွက်အတွင်း လူစုလူဝေးများဖြစ်ကာ တပ်မတော် ထောက်ခံပွဲ လာသူများအား ဝိုင်းဝန်ဖမ်းဆီကြသည်အထိ ဖြစ်ခဲ့ကြ သည်။
သိမ်ဖြူ မီးရထားဝင်း ရပ်ကွက်အတွင်းမှ ပြည်သူများ၏ ပိတ်ဆို့ဖမ်းဆီးမှုကြောင့် တပ်ထောက်ခံပွဲလာသည့် ကား ၅ စင်းနှင့် လူ ၅၀ ဦးခန့်အား ဖမ်းမိခဲ့သည်။
ယင်းသို့ ဖမ်းမိသူများအား ၎င်းတို့၏ကားပေါ်နှင့် ရပ်ကွက်ဓမ္မာရုံအတွင်း ခေတ္တထိန်းသိမ်းထားကာ ၎င်းတို့၏ နေရပ်နှင့် ခိုင်းစေသူတို့အား မီဒီယာများနှင့်အတူ မေးမြန်မှုများ ပြုလုပ်ခဲ့ကြပြီး နေ့လယ် ၁၂ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ကြံ့ ခိုင်ရေးပါတီမှ တာဝန်ရှိသူအချို့ရောက်ရှိလာပြီးနောက် ပြည်သူများက ဖမ်းမိထားသူများအား ရဲထံသို့ အပ်နှံခဲ့ကြသည်။
ပဋိပက္ခဖြစ်နေချိန်တွင် တပ်ထောက်ခံသူများအဖွဲ့က တိုက်ခိုက်မှုကြောင့် ရပ်ကွက်နေပြည်သူများ ဒေါသထွက်နေကြပြီး တုတ်များ ကိုင်ဆောင်ထားကြသည်ကို တွေ့ရသော်လည်း ဖမ်းမိထားသူများအား ရိုက်နှက်ထားသည့် အခြေအနေတော့ မတွေ့ခဲ့ရပေ။
ပြည်သူများအနေဖြင့် ဖမ်းထားသူများအား ရိုက်နှက်ထိုးကြိတ်ခြင်းများ မပြုလုပ်ကြရန်လည်း အချင်းချင်း အော်ဟစ်တိုက် တွန်းသည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်လာပြီနောက် ညှိနှိုင်းကြစဉ်အတွင်းမှာလည်း ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူနှင့်တချိန်တည်း ရောက် ရှိလာသူတဦးက သတင်းထောက်များအား ရဲတပ်ဖွဲ့နောက်မှနေ၍ ကိုယ်ထိလက်ရောက် တိုက်ခိုက်ကျူးလွန်ခဲ့ပြီး သတင်း ထောက်၏ ကင်မရာ ပျက်စီးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ကတော့ အဆိုပါ တိုက်ခိုက်သူအား ရဲကားပေါ်တင်ကာ ကာကွယ်ပေးခဲ့ပြီး သတင်းမီဒီယာများက မေးခွန်းထုတ် ချိန်တွင် သတင်းထောက်အား တိုက်ခိုက်ခဲ့သူကို ခေါ်ထုတ်၍ ကားမောင်းထွက်သွားခဲ့သည်။
ယင်းသို့ သိမ်ဖြူမီးရထားဝင်း ရပ်ကွက်နေ ပြည်သူများနှင့် ပဋိပက္ခဖြစ်နေစဉ် အခြားကျန်သူများက ဆူးလေလမ်းဆုံသို့ ချီတက်ဆန္ဒပြကြပြီး ၎င်းတို့ထဲမှာ လူအချို့အနေဖြင့် တုတ်၊ ဓား၊ လေးဂွများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
၎င်းတို့ချီတက် ဆန္ဒပြရာလမ်းကြောင်းပေါ်ရှိ ဆူးလေဘုရားလမ်းဆုံအား ယခင်ရက်များက ရဲလုံခြုံရေးနှင့် အကာအရံ အတားအဆီးများ ချကာ ပိတ်ဆို့ထားသော်လည်း ၎င်းတို့ ချီတက်လာချိန် မတိုင်မီ ရဲတပ်ဖွဲ့က လမ်းကြောင်း ရှင်းပေးထား သည်ကိုလည်း တွေ့ရသည်။
၎င်းတို့ ချီတက်ရာ လမ်းကြောင်းတွင် ပြည်သူအချို့က ၎င်းတို့အား ကန့်ကွက်ကြောင်း လက်ကို ကြက်ခြေခတ်ပုံစံ ပြုလုပ်၍ ငြိမ်သက်ကာ တန်ပြန် ဆန္ဒပြခဲ့ကြသည်ကိုလည်း တွေ့ရသည်။
သို့သော် တပ်ထောက်ခံသူများဘက်ကမူ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ပိုက်ကာ လမ်းဘေးတွင် ရပ်နေသူတဦး အား ကန်ကျောက် တိုက်ခိုက်ခဲ့သလို ၎င်းတို့အား ကန့်ကွက်ကြောင်း ဖော်ပြသူတဦးကိုလည်း ဆူးလေဘုရားလမ်းနှင့် ဗိုလ် ချုပ်အောင်ဆန်း လမ်းထောင့်၊ ဆူးလေရှန်ဂရီလာ ဟိုတယ်ဘေးတွင် တုတ်၊ ဓားကိုင်ဆောင်ကာ အကြမ်းဖက် တိုက်ခိုက် ညခဲ့ကြသေးသည်။
CCTV မှတ်တမ်းများအရ ဓားမြောင်ကိုင်ဆောင်ထားသူတဦးသည် ဆန္ဒပြလမ်းကြောင်းမှ ထွက်လာကာ ဘေးပတ်ဝန်း ကျင်မှ ပြည်သူများအား ခြိမ်းခြောက်နေခဲ့ပြီး ၎င်း ပြန်လည့်သွားချိန်တွင် တဖက်မှ ပြေးလာသည့် ပြည်သူတဦးအား တိုက် ခိုက်ခဲ့သည်ကို တွေ့ရသည်။
ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် တိုက်ခိုက်ခံရသူ လဲကျသွားချိန်တွင် တပ်မတော် ထောက်ခံသူ လူ ၆ ဦးခန့်က ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ခြင်း၊ တုတ်ဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။
လူမှုကူညီရေးအဖွဲ့၏ အတည်ပြုပြောကြားချက်အရ အဆိုပါ တိုက်ခိုက်ခံရသည့်အမျိုးသားမှာ ပါးစပ်မှသွေးထွက်ခြင်း၊ မျက်နှာဖူးယောင်ဒဏ်ရာနှင့် လက်တဖက် ကျိုးသွားခဲ့ကြောင်း သိရပြီး ဆေးကုသမှု ပြုလုပ်ပေးပြီးနောက် ကျောက်ပတ် တီးစည်ကာ နေအိမ်သို့ ပြန်ပို့ပေးခဲ့ကြသည်။
ယင်းသို့ အကြမ်းဖက် တိုက်ခိုက်နေချိန်အတွင်း အခင်းဖြစ်ရပ်အနီး လမ်းဘေးတွင် ဈေးရောင်းချသူများထံမှ ရေနှင့် အအေး ဘူးများအား တားနေသည့်ကြားမှပင် အတင်းအဓမ္မ လုယူခြင်း၊ အအေးပုံးများအား ကန်ကျောက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ ကြကြောင်းလည်း ကာယကံရှင်များက ပြောသည်။
“အရင်းက ၆ သောင်းနီးပါးလောက် ရှိတာပေါ့၊ ရေဘူး အသေးလေး ၂ ဘူးပဲ ကျန်တယ်၊ ရှေ့တယောက်က စယူရင် နောက်က လူတွေပါ အကုန် လုယူသွားတာ၊ ကျမတို့မှာ နေ့ပြန်တိုးနဲ့ယူပြီး လာရောင်းရတာပါ၊ တားလို့လည်း မရဘူး၊ သူတို့က တော်တော် ဆိုးပါတယ်” ဟု ပစ္စည်းများ လုယက်ခံရသူတဦးက ပြောသည်။
ယင်းပြင် ၎င်းတို့ချီတက်ရာ လမ်းကြောင်းတွင် မီးပွိုင့်မိကာ ပိတ်မိနေသည့် မော်တော်ယာဉ်အချို့ကို ၎င်းတို့ထဲ ပါဝင်သူ အချို့က ရိုက်နှက် ဖျက်စီးခဲ့ကြကြောင်းလည်း ဖျက်စီးခံရသည့် ယာဉ်မောင်းတဦးက ပြောပြသည်။
တပ်ထောက်ခံသူများ အနေဖြင့် ၎င်းတို့ လမ်းကြောင်းအား တမင်ပိတ်သည် ဟုဆိုကာ ရိုက်နှက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး ယင်သို့ ရိုက်နှက်ပြီးနောက် ကားများဖြင့် ထွက်ပြေးကြသည်ကို လူမှုကူညီရေးအဖွဲ့များနှင့် ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးမှု ကြောင့် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦးအား ဖမ်းမိခဲ့သည်။
ကူညီကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် ဖမ်းမိထားသူများအား ကမ်းနားလမ်းရှိ ကမ္ဘောဇဘဏ်အနီးတွင် ထိန်းသိမ်းထား ကာ မေးမြန်ခဲ့ကြပြီး သတင်းမီဒီယာ အချို့အား ဆက်သွယ်ကာ ပြသမေးမြန်းစေခဲ့သည်။
ဖမ်းမိထားသူများ၏ ပြောကြားချက်အရ ၎င်းတို့သည် ဆိပ်ကြီးခနောင်တို မြို့နယ်မှာ နေထိုင်သူများဖြစ်ပြီး ရန်ကုန်သွား မည် ဟုဆိုကာ တရက်ကြို၍ စာရင်းများ လာကောက်ခဲ့ကြောင်း၊ ယင်းအချိန်အထိ တပ်ထောက်ခံပွဲဟု မသိဘဲ ယနေ့မနက် လူစုပြီး ထွက်လာခါနီးမှသာ သိရကြောင်း ပြောကြသည်။
၎င်းတို့အနေဖြင့် ကားများအား ရိုက်နှက်ဖျက်ဆီးမှုတွင် မပါဝင်ကြောင်းလည်း ငြင်းဆိုကြသည်။
နေလယ် ၁ နာရီခန့်တွင် ပန်းပဲတန်းမြို့နယ်မှူးနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပြီး လူမှုကူညီရေးအဖွဲ့မှ ဦးဆောင်သူ များက ဖမ်းမိထားသူများအား ရဲထံအပ်မည် မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင် နေအိမ်သို့ လိုက်ပို့မည်ဖြစ်ကြောင်း ပြောကြသည်။
“သူတို့နေတဲ့ ဆိပ်ကြီး-ခနောင်တိုကို အသင်းက လူတွေပဲ သွားလိုက်ပို့လိုက်တယ်၊ အားလုံး အေးအေးပါပဲ၊ ဟိုဘက်မှာ လည်း ပြည်သူတွေက ထွက်ပြီး စောင့်ပေးနေခဲ့ကြပါတယ်” ဟု လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ယမန်နေ့က ဖြစ်ခဲ့သည့် ပဋိပက္ခများအတွင်း ပြည်သူက ဖမ်းမိသူများ၏ ပြောကြားချက်အရ မြို့နယ်အချို့တွင် ကြံ့ခိုင်ရေး ပါတီ တာဝန်ရှိသူများက တပ်မတော် ထောက်ခံကြောင်း ဆန္ဒပြရန် ဦးဆောင်လူစုခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ငွေပေးချေမှု စာရင်းရှင်းတမ်းများ ပါဝင်သည့် စာအုပ် နှစ်အုပ်ကိုလည်း ဖမ်းမိသူများထံက ဖမ်းမိခဲ့ကြသည်။
ဆူးလေရှန်ဂရီလာအနီးတွင် အကြမ်းဖက် တိုက်ခိုက်ခဲ့သူများကလည်း ၎င်းတို့က ကျပ်သုံးသောင်းရသူများ ဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့ထဲ ဝင်ချင်လည်း ရကြောင်း ပြောဆိုခဲ့ကြပြီး ပြည်သူများအား ဓားမြောင်ကိုင်ဆောင်ကာ ခြိမ်းခြောက် စိန်ခေါ်မှု များ ပြုလုပ်ခဲ့ကြောင်းလည်း အခင်းဖြစ်ချိန်အနီးတွင် ရှိနေသူအချို့က ပြောသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဒီမိုကရေစီစနစ်အား အလေးထား ဖော် ဆောင်မည်ဟု ကတိပြုကြွေးကြော်နေသော်လည်း တပ်မတော်အား ထောက်ခံသူများက ဒီမိုကရေစီနှင့် ဆန့်ကျင်စွာ တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများဖြင့် ဆန္ဒပြခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း နိုင်ငံသားတိုင်း မိမိတို့သဘောဆန္ဒအား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ရှိသော်လည်း ယခုကဲ့သို့ တိုက်ခိုက်မှုများဖြင့် ပြည်သူများကြား ဆူပူမှုဖြစ်စေရန် တုတ်၊ဓား၊ လက်နက်များ ယူဆောင်လာခဲ့ခြင်းသည် ကြို တင်ကြံစည်မှုအဖြစ် ယူဆနိုင်ပြီး ဆန္ဒပြပွဲသည်လည်း အကျည်းတန်ခဲ့သည်။
You may also like these stories:
စစ်ကောင်စီ ဖွဲ့ပေးသည့် ကချင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ကန့်ကွက်ဆန္ဒပြခံရ
ဆန္ဒပြ အလုပ်သမားများကို ဖိအားပေး ခြိမ်းခြောက်မှုများ ရပ်တန့်ရန် ILO သတိပေး