တာမွေမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက တပ်နှင့် ရဲတပ်ဖွဲ့အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမှု အပြီးတွင် ဖမ်းဆီးခံရသူ ၄၀ ဝန်းကျင် ရှိနိုင်ကြောင်း ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး ဆောင်ရွက်နေသည့် ရှေ့နေများထံမှ သိရှိရသည်။
တာမွေမြို့နယ်အတွင်း နေထိုင်သူများနှင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များထံမှ စုံစမ်းချက်များအပေါ် မူတည်ပြီး ဖမ်းဆီး ခံရသူ ၃၀ မှ ၄၀ ကြား ရှိနိုင်ကြောင်း ရှေ့နေတဦးက ပြောသည်။
၎င်းက “လက်ရှိ မြေပြင်မှာ ကြားတာက ရပ်ကွက်နေ ပြည်သူတွေက ၃၅ ပတ်ဝန်းကျင်လောက် ရှိနေတယ် ဆိုပေမယ့် ဌာနတွေမှာ စုံစမ်းကြည့်တဲ့ အခါ ၄၀ ကျော် ပတ်ဝန်းကျင်လောက် ရှိနေတယ်။ ဘယ်ဟာ အတည်ဖြစ်တယ်ဆိုတာ ကျနော် တို့ မသိရသေးဘူး။ ရမန်ယူတာ၊ တရားစွဲတင်တာ သော်လည်းကောင်း ပြုလုပ်တဲ့အချိန် အဲဒီအပေါ်မှာမှ အတိအကျ သိရ မယ်” ဟု ဆိုသည်။
ယမန်နေ့ ညနေပိုင်းက တာမွေမြို့နယ် ဘိုးလိန်းအောင် မင်္ဂလာရပ်ကွက်တွင် အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ရပ်ကွက်လူထုက ဆန္ဒပြရာမှ စတင်ပြီး အောင်မင်္ဂလာရပ်ကွက်သာမက ကျောက်မြောင်း၊ မအူ ကုန်း စသည့် တာမွေမြို့နယ် ရပ်ကွက်အသီးသီးသို့ စစ်တပ်၊ ရဲအင်အား ရာနှင့်ချီ အသုံးပြု ခြိမ်းခြောက်ကာ ဖမ်းဆီးမှုများ ပြု လုပ်ခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများအနက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူများသာမက လမ်းသွားလမ်းလာ ပြည်သူများကိုပါ စိတ်ထင် တိုင်း ဖမ်းဆီး ခေါ်ဆောင်သွားမှုများ ရှိခဲ့သည်ဟုလည်း ရှေ့နေတဦးက ပြောသည်။
၎င်းက “ကျနော့်ဆီ လာဆက်သွယ်တဲ့ မိသားစုဝင် တယောက်ဆို သူ့အိမ်ကနေ ရခိုင်မုန့်တီ ထွက်ဝယ်တဲ့ ကလေးမလေး တယောက် ပါသွားတယ်။ ဒါမျိုးတွေလည်း ရှိတယ်” ဟု ဆိုသည်။
ဘိုးလိန်းအောင် မင်္ဂလာရပ်ကွက်၊ နှင်းဆီလမ်းအတွင်းရှိ ရခိုင်မုန့်တီဆိုင်ရှင် ဒေါ်မြဆွေနှင့် အစ်ကိုဖြစ်သူ ဦးအောင်စံသိန်း တို့ကိုလည်း ဆိုင်အတွင်း ဝင်ရောက် ဖမ်းဆီးသွားကြောင်း ၎င်းတို့၏ သမီးဖြစ်သူက ဧရာဝတီကို ပြောသည်။
“ရဲတွေက ဖြိုခွင်းတဲ့အခါ မုန့်တီဆိုင်ထဲ ဝင်ပြေးတဲ့အခါ ခုံကြီးက အမေ့အပေါ်ပိပြီး ထွက်လို့မရဘူးဖြစ်နေတဲ့ အချိန် ဦးလေး က အမေ့ကို ဆွဲခေါ်နေတဲ့အချိန် ဝင်ပြီးဆွဲခေါ်သွားတာ။ အမေက ဆန္ဒပြတဲ့အထဲလည်း မပါဘူး။ သူ့ဆိုင်မှာ သူနေနေတာ” ဟု ၎င်းက ပြောပြသည်။
လူကို ဖမ်းဆီးရုံသာမက မုန့်တီဆိုင်အတွင်းရှိ ပိုက်ဆံပုံး၊ ပိုက်ဆံအိတ်များနှင့် ဖုန်းများကိုပါ ဝင်ရောက် ယူဆောင် သွားကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။
“ဒါ လုံးဝကို မတရားဘူး။ သူပုန်လည်း မဟုတ်ဘူး။ ဓားပြတိုက်တာလား။ ပြန်ပေးဆွဲတာလား။ ကျမတို့က ဘယ်လို ဖြေရှင်းရမှာလဲ။ လိုက်ဖြေရှင်းလို့ မရဘူး။ ကျမတို့ ဒီလိုဆို ဒီတိုင်းပြည်မှာ ဘယ်လို ဆက်နေရမလဲ” ဟု ဖမ်းဆီးခံရသူ တဦး၏ သမီးဖြစ်သူက ပြောသည်။
ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တာမွေမြို့နယ်ရဲစခန်း၊ တာမွေမြို့နယ်တရားရုံးနှင့် အင်းစိန်အကျဉ်းထောင် စသည့် နေရာများသို့ သွားရောက်စုံစမ်း မေးမြန်းခဲ့သော်လည်း ယခုအချိန်ထိ ဖမ်းဆီးထားသူများကို မည်သည့်နေရာတွင် ချုပ်နှောင်ထားကြောင်း မသိရသေးဟု ဆိုသည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ ညနေ ၅ နာရီခန့်မှ စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ လက်အောက်ရှိ ရဲတပ်ဖွဲ့နှင့် တပ်၏ ဖိနှိပ် ခြိမ်းခြောက် ဖြိုခွင်းမှုများတွင် အသံဗုံးဟု ခေါ်သည့် ဗုံးများဖြင့် လူအုပ်အတွင်း ပစ်ခွင်းခြင်း၊ သေနတ်ပစ်ဖောက်ခြင်း၊ ရဲနှင့် စစ်သားများ အုပ်စုနှင့်ချီပြီး ရပ်ကွက်များအတွင်း ဝင်ရောက်ရိုက်နှက် ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ
မြန်မာဘီယာနှင့် ဂျပန် Kirin လမ်းခွဲတော့မည်
စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက အသံထွက်ဖို့ လိုနေပြီ