အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာလှုပ်ရှားမှုကို ရပ်တည်ထောက်ခံကြောင်း ချက်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ Milos Zeman က ဖေဖော်ဝါရီလ ၂၄ ရက်တွင် စာထုတ်ပြန်ကြေညာသည်။
ချက်သမ္မတ၏ စာမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ညွှန်း၍ တစောင်၊ သမ္မတဦးဝင်းမြင့်အတွက် တစောင် ရေးသားထားခြင်းလည်းဖြစ်သည်။
ချက် ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားမှုကို ပြင်းထန်စွာ ရှုတ်ချပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို လေးစားကြောင်း၊ တရားဝင်ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များကိုသာ ထောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် ၂ စောင်လုံးတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသော နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်ရေးလှုပ်ရှားသူများ ၊ သတင်းထောက်များနှင့် အနုပညာရှင်များ အားလုံးကိုလည်း ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးရမည်ဟု ၎င်းက တောင်းဆိုထားသည်။
ချက်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အမြဲထောက်ခံခဲ့သည့် နိုင်ငံဖြစ်ပြီး မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးတိုးတက်လာရေးအတွက် သမ္မတ ဦးဝင်းမြင့်၏ ကြိုးပမ်းမှုများအား ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်အတွက် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
၂၀၁၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များက ချက်ပြည်သူ့သမ္မတနိုင်ငံကို လာရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ရှုပ်ထွေးလှတဲ့ မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းကာလ အခြေနေအပါအဝင် ကိစ္စရပ်များစွာကို ရင်းနှီးစွာ ဆွေးနွေးပြောဆိုခဲ့ကြသည့်အပေါ်လည်း ပြန်လည်အမှတ်ရနေကြောင်း သမ္မတ Milos Zeman ကပြောဆိုထားသည်။
မွန်ဂိုလီးယားနိုင်ငံ သမ္မတကြီး အယ်ဘဂ်ဒေါ့ဂျ်ကလည်း ၎င်း၏ အမတဦးအဖြစ် လေးစားရသော ဒေါ်အောင်ဆန်းစုကြည်သည် စိတ်သဘောကောင်းပြီး ဂရုတစိုက်ရှိသူတဦးဖြစ်ကြောင်း၊ မြန်မာပြည်သူများ အတွက် မည်ကဲ့သို့သော အခက်အခဲများကို ဖြတ်ကျော်ခဲ့ကြောင်း လူသိများသော်လည်း ၎င်းထမ်းဆောင် ထားရသည့် လေးလံမှု မည်မျှရှိကြောင်း လူသိနည်းသည်ဟု ဖေဖော်ဝါရီလ ၂၂ ရက်က ပြောကြားထားသည်။
ထို့ပြင် မြန်မာပြည်သူများ လက်ရှိ ဆင်နွှဲနေသည့် လွတ်မြောက်ရေးတိုက်ပွဲသည် ကျရှုံး၍မဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“လွတ်မြောက်ခြင်းက လွယ်ကူတဲ့ ရွေးချယ်မှုတော့မဟုတ်ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့ရွေးချယ်မှုပါ။ အခုလို မြန်မာလူငယ် မျိုးဆက်သစ်တွေ အများကြီးက တိုင်းပြည်ရဲ့ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေကြတာ ကျနော်ဝမ်းသာပါတယ်။ မြန်မာဟာ ကျရှုံးလို့ မဖြစ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ အောင်မြင်မှုဟာ တကမ္ဘာလုံးအတွက် အရေးကြီးပါတယ်” ဟု သမ္မတကြီး အယ်ဘဂ်ဒေါ့ဂျ်က ပြောဆိုသည်။
You may also like these stories:
တာမွေတွင် တပ်နှင့်ရဲ ဝင်ရောက်စီးနင်းမှုအပြီး ဖမ်းဆီးခံရသူ ၄၀ ဝန်းကျင်ရှိ
အလုပ်သမားခေါင်းဆောင်တချို့ တရားစွဲခံရ၍ တိမ်းရှောင်နေရ
ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ် စတင်