သတင်း

ဝိုင်းမော်တွင် မူလတန်းကျောင်းအုပ်နှင့် ဒေသခံ ၁ ဦးကို ဖမ်း၍ အကျဉ်းထောင်သို့ ပို့

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို ရဲတပ်ဖွဲ့က ဖြိုခွင်းရာ၌ ဖမ်းဆီးခဲ့ သည့် မူလတန်း ကျောင်းအုပ်ဆရာမကြီး ၁ ဦးနှင့် ဒေသခံအမျိုးသမီး ၁ ဦးတို့ကို ပြန်လွှတ်ပေးခြင်း မရှိဘဲ အကျဉ်းထောင် သို့ ပို့နေပြီဟု သတင်းရရှိသည်။

မူလတန်း ကျောင်းအုပ်ဆရာမကြီးသည် ဒေါ်လငန်လွမ်းနော်ဖြစ်ပြီး ဒေသခံအမျိုးသမီးမှာ ဒေါ်ဇတန်းဇယ်ညွယ် ဖြစ်သည်။

၎င်းတို့သည် ယနေ့ မနက်ပိုင်းက ဝိုင်းမော်မြို့နယ်တွင်း လူဦးရေ ၃၀ ခန့်ဖြင့် ထိုင်သပိတ်ပြုလုပ်ခြင်း၊ စစ်အာဏာရှင် ဆန့် ကျင်ကြောင်း ဆန္ဒပြခြင်းများ ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့က လူစုခွဲရန် ပြောရာ လူစုမခွဲဘဲ ဆက်လက် ဆန္ဒပြနေသဖြင့် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။

တရားလွှတ်တော် ရှေ့နေ တဦးက “ဖမ်းဆီးပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်တယ်။ သတင်းထောက် အုပ်စုတွေလည်း ဆံပင် ဆွဲတာ အင်္ကျီဆွဲတာတွေ ဖြစ်တယ်။ အားလုံးက ထွက်ပြေး လွတ်မြောက်တယ်။ အဓိကတော့ ဆန္ဒပြရာမှာ လူစုခွဲခိုင်းတုန်း လူစုခွဲနေတုန်း ပြန်တဲ့လမ်းမှာ နောက်က လိုက်ဖမ်းတာ။ ဆန္ဒပြ ခေါင်းဆောင်လို့ ယူဆရသူ နှစ်ဦးကိုပဲ အဓိက ဖမ်းတဲ့ သ ဘောပါ” ဟု ပြောသည်။

ဒေါ်လငန်လွမ်းနော်နှင့် ဒေါ်ဇတန်းဇယ်ညွယ် တို့ကိုလည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးရာ၌ ရိုက်နှက်မှုများရှိသည်ဟု သိရသည်။

ဖမ်းဆီးခံရသူ၂ ဦး လွတ်မြောက်ရေးအတွက် ရှေ့နေများအဖွဲ့မှ သွားရောက် ညှိနှိုင်းခဲ့သော်လည်း ပြေလည်ခြင်း မရှိခဲ့ပါဟု လည်း အဆိုပါ တရားလွှတ်တော်ရှေ့နေက ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့ လိုက်တော့ ဝိုင်းမော် ထွေအုပ်ရုံးမှာ ဖမ်းဆီးထားတာ တွေ့တယ်။ မူလက ဝင်ခွင့်ပြုတယ်၊ ဖမ်းဆီးခံထားရတဲ့ ဆရာမတွေနဲ့ တွေ့ခါနီးမှာ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ စေ့စပ် ဖြန်ဖြေရေးအဖွဲ့ မဟုတ်လို့ မည်သည့် အကြောင်းနဲ့မှ တွေ့ဆုံစရာ အကြောင်းမရှိဘူးလို့ ပြောတယ်။ အဲဒီတော့ PCG ကို ကျနော်တို့က အကြောင်းကြားတော့ PCG ကလည်း ချက်ချင်းရောက်လာပါတယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) သည် မြစ်ကြီးနားမြို့မှ ရပ်မိရပ်ဖ အဖွဲ့ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို သွေးထွက်သံယို မဖြစ်စေရန် ကြားဝင် ညှိနှိုင်းပေးနေသည့် အဖွဲ့ ဖြစ်သည်။

PCG မှ ဦးလမိုင်ဂွမ်ဂျာက “မနေ့ကစပြီး ကောင်စီက ပုဒ်မ ၁၄၄၊ ၅ ဦးထက် မစုရ အမိန့်ကို အကောင်အထည် ဖော်တဲ့ သဘောပါ။ ဒီနေ့ဆန္ဒထုတ်ဖော်ရာမှာ လူစုခွဲတော့ သူတို့က ကျန်နေတာ ထိုင်နေတော့ ဖမ်းသွားတယ်လို့ သိရတယ်။ ဆရာ မ ၂ ယောက်ကို အခု ဝိုင်းမော်ကနေ ထောင်ကို ပို့မယ်တဲ့။ ကျနော်တို့လည်း အခုပဲ ဆရာမ၂ယောက်ကို သွားတွေ့ခဲ့ပါ တယ်” ဟု ပြောသည်။

ဦးလမိုင်ဂွမ်ဂျာက ဖမ်းဆီးခံရသူ၂ ဦး လွတ်မြောက်ရေးအတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်ကောင်စီမှ ဖွဲ့စည်းထား သည့် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီတို့နှင့် ထပ်မံ ညှိနှိုင်းမှုများ၊ တောင်းဆိုမှုများ ပြုလုပ်သွားပါမည် ဟုလည်း ပြောသည်။

ယနေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ်တွင်း ဝိုင်းမော်၊ မြစ်ကြီးနား၊ ပူတာအို၊ ဗန်းမော်တို့လည်း ဆန္ဒပြလူထုများကို ရဲတပ်ဖွဲ့ က လူစုခွဲရန် ပြောဆိုပြီး ဆန္ဒဆက်လက် မပြနိုင်ရန် ဖိအားပေးခဲ့သည်။

You may also like these stories:

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က စစ်အာဏာသိမ်းမှု ကျဆုံးရမည်ဟု ပြော

NLD ပါတီကို အပြီးဖျက်ပေးဖို့ ပါတီတချို့က ကော်မရှင်ကို သွားပြော

ထားဝယ်တွင် ဆန္ဒပြလူထု ပစ်ခတ်ဖြိုခွင်းခံရ၊ ဒဏ်ရာရသူများရှိလာ

Loading