ဖေဖော်ဝါရီ၂၆ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အလွတ်သဘော အစည်းအဝေးတွင် မြန်မာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်း ပြောကြားခဲ့သော မိန့်ခွန်းက မြန်မာပြည်သူများ အပါအဝင် တကမ္ဘာလုံးကို အံ့အားသင့် သွားစေသည်။
ဦးကျော်မိုးထွန်းသည် အာဏာသိမ်း စစ်ကောင်စီဘက်က မရပ်တည်ဘဲ ရွေးကောက်ပွဲဖြင့် တက်လာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရနှင့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ဘက်က ရပ်တည် မိန့်ခွန်း ပြောခဲ့သောကြောင့် ဖြစ်သည်။
ဖေဖော်ဝါရီလ လယ်ပိုင်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် မြန်မာ ကိုယ်စားလှယ် ဦးမြင့်သူက အာဏာသိမ်း စစ်ကောင်စီဘက်က ကာကွယ်ပြောဆိုခဲ့မှု ရှိခဲ့သည်။
ထိုဖြစ်ရပ်ကို တွေ့မြင်ထားရသူများအတွက်မူ ဦးကျော်မိုးထွန်း၏ မိန့်ခွန်းသည် ထူးမခြားနားပင် လာလိမ့်မည်ဟု မျှော်လင့် ထားခဲ့ရာမှ ထင်မထားသည့် အခြေအနေတခုကို ၎င်းက ပုံဖော်သွားခြင်း ဖြစ်သည်။
အစည်းအဝေးတွင် ပြောကြားခဲ့သော ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အဓိကအားဖြင့် အချက် ၆ ချက်ကို နိုင်ငံတကာက အကောင်အထည်ဖော်ရန် တိုက်တွန်းသွားကြောင်း တွေ့ရသည်။
အာဏာသိမ်း စစ်တပ်ကို အပြင်းအထန် ရှုတ်ချကြောင်း တရားဝင် ကြေညာချက်ထုတ်ရန် အပါအဝင် မြန်မာစစ်တပ်နှင့် သူ ၏ စစ်ကောင်စီကို မည်သည့်နည်းနှင့်မျှ အသိအမှတ် မပြုရန်၊၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို မြန်မာစစ်တပ်က လေးစားရေး တိုက်တွန်းကြရန် ပြောဆိုသွားသည်။
နိုင်ငံတကာ အနေဖြင့် မြန်မာပြည်သူများက ရွေးကောက် တင်မြှောက်ထားသော အစိုးရလက်ထဲသို့ နိုင်ငံတော် အာဏာ ပြန်မရောက်မချင်း ပူးပေါင်းမှု မလုပ်ရန် အပါအဝင် စစ်အာဏာသိမ်းမှုကို ချက်ချင်း အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြ နေသည့် ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေမှုကို ပြင်းပြင်းထန်ထန် အရေးယူရန်လည်း တောင်းဆိုထားသည်။
ဦးကျော်မိုးထွန်းက ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ဆိုသည့် အရေးတော်ပုံကြီး အောင်မြင်ရေးကို အလွှာအသီးသီးမှ ပြည်သူများ အားလုံး စည်းလုံးညီညွတ်စွာ အတူလက်တွဲ ဆောင် ရွက်နေခြင်းကို ကျေးဇူးတင်ကြောင်း မြန်မာဘာသာဖြင့် ပြောကြားထားသည်။
ပြည်သူများ ဆက်လက် ဆောင်ရွက်သွားကြရန်လည်း “ဒီအရေးတော်ပုံ မုချ အောင်မြင်ရမည် ဖြစ်ပါသည်ခင်ဗျား၊ ပြည်သူ သာ အဓိက၊ အရေးတော်ပုံ အောင်ရမည်” ဟု ၎င်းက အာဏာရှင် ဆန့်ကျင်ရေး အထိမ်းအမှတ် လက်သုံးချောင်း ထောင်ပြ ကာ အထွေထွေ ညီလာခံ အလွတ်သဘော အစည်းအဝေးတွင် ပြောကြားသည်။
နိုင်ငံတကာ ဆက်ဆံရေးပညာ ကျွမ်းကျင်သူများနှင့် ဥပဒေပညာရှင်အချို့ကမူ မြန်မာသံအမတ်ကြီး၏ မိန့်ခွန်းသည် တကမ္ဘာလုံးကို ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှု ဖြစ်စေနိုင်ကြောင်း ခန့်မှန်းသုံးသပ်ကြသည်။
ရန်ကုန်မြို့တွင်နေထိုင်သည့် ဥပဒေပညာရှင်တဦးက ဦးကျော်မိုးထွန်း၏ မိန့်ခွန်းသည် အာဏာသိမ်းစစ်ကောင်စီအတွက် အထိနာစေသည့် သံတမန်ရေးရာ ထိုးနှက်ချက်တခုပင် ဖြစ်ကြောင်း အခိုင်အမာ ပြောသည်။
“သံတမန်ရေးရာ စစ်မျက်နှာမှာတော့ စစ်ကောင်စီအတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်ပဲ။ ရှင်းရှင်းပြောရင်တော့ သမ္မတ ဦးဝင်းမြင့် အစိုးရအတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုလို့ ပြောလို့ရတာပေါ့” ဟု ၎င်းက ဆိုသည်။
အဘယ်ကြောင့်ဆိုသော် ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် ဥပေဒကြောင်းအရ အရေးပါသည့် အချက်၂ ချက် ပါဝင်နေသော ကြောင့် ဖြစ်ကြောင်း ဥပဒေပညာရှင် တဦးက ရှင်းပြသည်။
ပထမအချက်မှာ ကုလသမဂ္ဂရှိ မြန်မာသံတမန်များထဲတွင် အရေးပါ အရာရောက်သည့် ဦးကျော်မိုးထွန်းလို ပုဂ္ဂိုလ်သည် သမ္မတ ဦးဝင်းမြင့်နှင့် CRPH ကို ထောက်ခံကြောင်း ပြောကြားလိုက်သဖြင့် ဦးဝင်းမြင့်အစိုးရ၏ တရားဝင်မှုသည် ကုလသမဂ္ဂတွင် ပိုမိုခိုင်မာရာ ရောက်သွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ဥပဒေပညာရှင်တဦးက “စစ်အာဏာ သိမ်းမှုကိုလည်းပဲ သူက လက်မခံဘူး။ ဒါက ဥပဒေနဲ့ ညီညွတ်မှုမရှိဘူး။ လက်မခံနိုင်ဘူး။ ပြည်သူတွေရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်။ CRPH ကို ထောက်ခံတယ်။ သူတို့နဲ့ လက်တွဲပြီး ဆောင်ရွက်သွားမယ်လို့ ပြောလိုက်ခြင်း။ ဒါက တကယ့်ကို ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အားလုံးကို သတိပေး လှုံ့ ဆော်ပြီးသား အသိပေးပြီးသား ဖြစ်သွားတယ်။ ဒါက အာဏာသိမ်းတာဟာ မှန်ကန်ပါတယ်လို့ အကြောင်းပြချက် ရှာနေတဲ့ စစ်ကောင်စီအတွက် ထိုးနှက်ချက် ဖြစ်တယ်” ဟု မှတ်ချက်ပေးသည်။
ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကလည်း သံ အမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောနေသည့် အချိန်သည် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူစရာ သမိုင်းဝင် အခိုက်အတန့် တခုဖြစ်ကြောင်း မှတ်ချက်ပေးသည်။
“ဒါက အင်မတန် ချီးကျူး ဂုဏ်ပြုစရာပါ။ အဲဒါက သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့လို သံအမတ်ကြီး တယောက် က ကမ္ဘာ့အလယ်မှာ ကိုယ့်နိုင်ငံအတွက် မားမားမတ်မတ် ရပ်နေပြီဆိုရင် ကျန်တဲ့သူတွေလည်း ပါလာကြမှာပါ။ သူ့ရဲ့ ဒီလို မျိုး အမှန်တရားဘက်က ရပ်ခဲ့တာက ဆန္ဒပြနေတဲ့သူတွေ CDM လုပ်တဲ့သူတွေအတွက် တော်တော်ကို ကြီးမားတဲ့ အား တခုဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် အာဏာရှင် ဆန်ဆန် အုပ်ချုပ်နေသည့် အာဆီယံနိုင်ငံအချို့နှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းအရေး ဝင်မစွက်သင့် ဆိုသည့် သဘောထားအပေါ်လည်း ပြန်လည် စဉ်းစားသုံးသပ်မှု ဖြစ်စေရန် တစုံတရာ တွန်းအားပေးနိုင်ကြောင်း ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ဦးကျော်မိုးထွန်း၏ ကုလသမဂ္ဂတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကြောင့် အာဏာသိမ်းစစ်ကောင်စီ အနေ ဖြင့် ၎င်းတို့၏ လုပ်ရပ်အမှားများအတွက် တုန်လှုပ်ခြောက်ခြားနေပြီ ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
“သူတို့ ခြောက်ခြားနေမှာပါ။ သူတို့ ဒီနေ့မှာ တခြားမြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းနေတယ် ဆိုတာက သူတို့ ခြောက်ခြားနေတယ် ဆိုတာကို ပြနေတာပါ။ ခြောက်ခြားလာရင်တော့ သူတို့ ကြမ်းနိုင်ပါတယ်။ သို့သော်လည်း ဒီဟာက လျှော့လို့တော့ မဖြစ်ပါဘူး။ ကျနော်တို့ ဆန္ဒပြနေတဲ့ ပုံစံအတိုင်းပဲ၊ CDM လည်း CDM အလျှောက် ဆက်လုပ်သွားဖို့ လိုပါ တယ်။ ဒါဆိုရင်တော့ သိပ်ကြာတော့မှာ မဟုတ်ပါဘူး” ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောဆိုသည်။
မည်သို့ပင်ဖြစ်စေ လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတခုခု၏ မည်သည့် တရားဝင် ထောက်ခံမှုကိုမှ မရရှိသေးဘဲ ၎င်းတို့၏ အဓမ္မအုပ်ချုပ်မှုကို ငြင်းဆန်နေသော ဆန္ဒဖော်ထုတ်သူများအပေါ်တွင်သာ အကြမ်းဖက် ဖိနှိပ်ဖြိုခွဲလျက် ရှိနေပေသည်။
You may also like these stories:
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က စစ်အာဏာသိမ်းမှု ကျဆုံးရမည်ဟု ပြော
“ပြည်သူတွေကို ထိမှန်တာ ကျနော်တို့ကို မှန်သလို ခံစားရတယ်”