သတင်း

ထားဝယ်သပိတ်စစ်ကြောင်း ရဲက ပစ်ခတ် ၄ ဦး သေ

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်စစ်ကြောင်းကို ရဲက ကျည်အစစ်များဖြင့် ပစ်ခတ်ရာ ၄ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာသူ များကြောင်း သတင်းရသည်။

ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေး အဖွဲ့က တာဝန်ရှိသူတဦးက “ဒဏ်ရာရသူတွေက တော်တော်များတယ်။ အယောက် ၃၀ ယောက်ရှိတယ်။ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရကြတာပါ။ လောလောဆယ်မှာ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ သူ ၇ ဦးရှိနေပါတယ်။ သေဆုံးသူကတော့ ၄ ဦးရှိပါပြီ” ဟု ဧရာဝတီကို ပြောသည်။

သေဆုံးသူများမှာ ထားဝယ်မြို့မှ အသက် ၃၃ နှစ်အရွယ် လွင်လွင်ဦး၊ ရေဖြူမြို့နယ်မှ ပုဂေါဇွန်းရွာမှ အသက် ၃၅ နှစ်အရွယ် ကိုဖေသန်း (ခ) နော်ငို၊ လောင်းလုံမှ တဦးနှင့် ကရင် တိုင်းရင်းသား ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ထားဝယ်မြို့တွင် ဆန္ဒပြစစ်ကြောင်းများကို ရဲက ပစ်ခတ်အပြီး တွေ့ရစဉ်

ရဲတပ်ဖွဲ့မှ ဆန္ဒပြလူအုပ်ကြားထဲမှာ ပစ်ခတ်ခြင်းအပြင်၊ ဟိုတယ် အဆောက်အအုံ ခေါင်မိုးနှင့် တိုက်ခေါင်မိုးများပေါ်မှ ပစ်ခတ်မှုများလည်း ရှိနေကြောင်း ထားဝယ်ဒေသခံများက ပြောသည်။

ထားဝယ်သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သူ တဦးက “အခု လူစုခွဲပစ်ခတ်တာကတော့ သပိတ်စစ်ကြောင်းအစုံပါပဲ။ ဥတ္တားကြီးလမ်းဆုံမှာဆို ကျည်အစစ်တွေနဲ့ ပစ်တယ်။ ကျနော်တို့တော့ သေဆုံးသူက ၃ ဦး ရှိတယ်လို့ ကြားပါရသေးတယ်။ ဒဏ်ရာရသူတွေက ၅၀ ကျော်လောက်ရှိနေတယ်။ ကျနော်တို့ သပိတ်စစ်ကြောင်းတွေက လူစုမခွဲသေးပါဘူး။ လမ်းတွေပေါ်မှာရှိနေတုန်းပါ” ဟု ပြောသည်။

ရဲတပ်ဖွဲ့မှ ပစ်ခတ်သည့် ကျည်ဆန်အခွံများကိုလည်း ကောက်ယူသိမ်းဆည်းထားကြကာ၊ လက်ရှိတွင် လူ ၅၀ ကျော် လောက် ဖမ်းဆီးခံထားရပြီး၊ အဆိုပါ ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရေး ရဲစခန်းများတွင် သွားရောက် တောင်းဆိုမှုများ ပြုလုပ်မည်ဟု ဆန္ဒပြသူများက ပြောဆိုသည်။

ထားဝယ်မြို့တွင် ဆန္ဒပြစစ်ကြောင်းများကို ရဲက ပစ်ခတ်အပြီး တွေ့ရစဉ်

အစောပိုင်းက နေပြည်တော်ဆန္ဒပြမှုတွင် အမျိုးသမီးငယ် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းကို ရဲက အသေအချာချိန်ကာ ပစ်ခတ်ခဲ့ပြီးနောက်တွင် မန္တလေး ရတနာပုံဆိပ်ကမ်းဆန္ဒပြမှုတွင်လည်း သေဆုံးမှုများ ရှိပြီးနောက် တနင်္သာရီတိုင်း ထားဝယ်တွင် ဤသို့ ရဲက ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

ယနေ့ ရန်ကုန်ဆန္ဒပြမှုများတွင် ကြည့်မြင်တိုင်၊ လှည်းတန်း၊ သင်္ကန်းကျွန်းမြို့နယ်များတွင် ရဲက ပစ်၍ ထိခိုက်သေဆုံးများ ရှိသည်။

ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့ ဖြိုခွင်းပုံမှာ အဓိကရုဏ်း နှိမ်နင်းရေး စနစ်တကျ ပြုလုပ်ခြင်းမဟုတ်ဘဲ၊ ရဲများ အုပ်လိုက် လိုက်လံရိုက်နှက်ခြင်း၊ စွမ်းအားရှင်ကဲ့သို့သော အရပ်ဝတ်များကို ရိုက်နှက်စေခိုင်းခြင်း စသည့် အပြုအမူများ၊ သတင်းသမားများကို ရုန်ရင်းကြမ်းတမ်းစွာဖမ်းဆီးခြင်း၊ ဖမ်းဆိးခံရသူများကို ရိုက်နှက်ကာ လူဂုဏ်သိက္ခာနှင့် မဆီလျော်အောင် ပြုမူ ခြင်းတို့ကြောင့် ဝေဖန်မှုများ မြင့်တက်နေသည်။

You may also like these stories:

ဝိုင်းမော်တွင် မူလတန်းကျောင်းအုပ်နှင့် ဒေသခံ ၁ ဦးကို ဖမ်း၍ အကျဉ်းထောင်သို့ ပို့

ထားဝယ်တွင် ဆန္ဒပြလူထု ပစ်ခတ်ဖြိုခွင်းခံရ၊ ဒဏ်ရာရသူများရှိလာ

Loading