ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် တနင်္ဂနွေနေ့တွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူများအား ရဲနှင့် စစ်သားများက ကျည်အစစ်အပါအဝင် ရာဘာကျည်များ၊ မျက်ရည်ယို ဗုံးများဖြင့် ရက်စက်စွာ ပစ်ခတ်နှိမ်နင်းသောကြောင့် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် နေရာ အတော်များများတွင် သေဆုံးသူ ၁၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြသည်။
ဧရာဝတီအနေဖြင့် သေဆုံးသူ အရေအတွက်ကို အတိအကျ အတည်ပြုနိုင်ရန် ခက်ခဲသော်လည်း မျက်မြင်သက်သေများနှင့် မိသားစုဝင်များ၏ ပြောကြားချက်အရ ရန်ကုန်မြို့ လှည်းတန်းတွင် ၃ ဦး၊ ကြည့်မြင်တိုင်တွင် ၁ ဦး၊ သင်္ကန်းကျွန်းတွင် ၁ ဦး၊ ထားဝယ်မြို့တွင် ၄ ဦး၊ ပဲခူးတွင် ၂ ဦး၊ မန္တလေးတွင် ၂ ဦး၊ ပခုက္ကူတွင် ၁ ဦး၊ မြိတ်တွင် ၁ ဦး စုစုပေါင်း ၁၅ ဦးကိုသာ အတည်ပြုနိုင်သေးသည်။
7Day သတင်းက မျက်မြင်သက်သေများကို ကိုးကား၍ မော်လမြိုင်တွင် အသက် ၁၉ နှစ်အရွယ် လူငယ်တဦး သေဆုံးကြောင်းလည်း ဖော်ပြထားသည်။
ဒဏ်ရာရသူ အရေအတွက်နှင့် ဖမ်းဆီးခံရသူ အရေအတွက်ကို မပြောနိုင်သေးသော်လည်း ထောင်ချီရှိနိုင်ကြောင်း ယုံကြည်ရသည်။
ကြည့်မြင်တိုင်
ရဲတပ်ဖွဲ့ဝင်များက မနက် ၈ နာရီခွဲအချိန်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အောက်ကြည့်မြင်တိုင်လမ်းပေါ်တွင် စတင်လူစုနေသော ပညာရေးဝန်ထမ်းများအား မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွဲရာတွင် အသက် ၅၉ နှစ်အရွယ် ဒေါ်တင်နွဲ့ရီ သေဆုံးခဲ့သည်။ သေဆုံးရခြင်း အကြောင်းရင်းကို ဆေးမှတ်တမ်းအရ အတည်မပြုနိုင်သေးပါ။
ပန်းလှိုင်အိမ်ရာ ပရဟိတ လူမှုဝန်ထမ်း အဖွဲ့မှ ကားဆရာတဦးက “ကျနော် သယ်ပေးနေတာပဲ ဆရာမ ၅ ဦးပါ။ တခြား ဒဏ်ရာရတဲ့ ဆရာမတွေလည်း ရှိပါတယ်။ အများစုက ခြေထောက်တွေမှာ အရေပြား ဒဏ်ရာတွေ ရပါတယ်” ဟု ဧရာဝတီကို ပြောကြားသည်။
ဆရာ ၈ ဦးနှင့် ဆရာမ ၂ ဦးကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
လှည်းတန်း
ယနေ့မနက်ပိုင်းက ရန်ကုန်မြို့လှည်းတန်းလမ်းဆုံတွင်လည်း စစ်အာဏာသိမ်းဆန့်ကျင့်ရေး ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင့်မှုကြောင့် မွန်းလွဲ ၂ နာရီခွဲခန့်အထိ ၇ ဦးထက်မနည်းဒဏ်ရပြီး ၃ ဦးသေဆုံးကြောင်း ကကူညီကယ်ဆယ်ရေး လုပ်နေသူများနှင့် မျက်မြင်တွေ့သူများက ပြောသည်။
“မနက်ကတည်းက ပစ်တာ ကျနော့်ဘေးက နှစ်ယောက်ထိတယ်၊ ဘေးနားမှာ ပစ်လဲကျသွားတာ။ သူတို့နှစ်ယောက်က ဆုံးသွားတယ်။ နောက်ပြီး ကျောင်းရှေ့မှာက ဗိုက်ထိသွားတဲ့ ကောင်းလေး တယောက်ပေါ့”ဟုပြောသည်။
သေနတ်ထိမှန်သည့် ဒဏ်ရာရ လူနာများအား ပြုစုကုသမှုပေးခဲ့သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း လည်ပင်းရှပ်ထိ၊ ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ခြေထောက်ဒဏ်ရာရသူများရှိပြီး ၃ ဦးမှာ သေဆုံးပြီးဖြစ်ကြောင်း သိထားရသည်ဟု ပြောသည်။
ဖေ့စ်ဘွတ် ဆိုရှယ်မီဒီယာတွင် ရန်ကုန်ဆေးရုံကြီး ရင်ခွဲဆောင် ရောက်ရှိနေသူတဦး၏ ဖော်ပြချက်အရ ရောက်ရှိနေသော အလောင်း ၃ လောင်းတွင် ကြည့်မြင်တိုင်မှ ဒေါ်တင်နွဲ့ရီအပြင် အသက် ၂၃ နှစ်အရွယ် ညီညီအောင်ထက်နိုင်နှင့် အသက် ၂၀ အရွယ် ဇင်လင်းထက်ဆိုသူတို့မှာ လှည်းတန်းတွင် အပစ်ခံရသူများ ဖြစ်ဖွယ် ရှိသည်။
သေဆုံးမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆရာဝန်များထံမှ အတည်ပြုချက် မရရှိသေးပေ။
မြေနီကုန်း
ရန်ကုန်တွင် ယမန်နေ့က အကြမ်းဖက် ဖြိုခွင်းခံရသည့် မြေနီကုန်းတွင်မူ ရဲနှင့် ဆန္ဒပြသူများ ဘတပြန် ကျားတပြန် ဖြစ်ခဲ့ပြီး သေဆုံးသူ မရှိသော်လည်း ဒဏ်ရာရသူများ ရှိခဲ့သည်။
နံနက် ၁၀ နာရီတွင် လုံခြုံရေးရဲတပ်ဖွဲ့က ဗားကရာလမ်းပေါ်ရှိ Spirit စတိုးဆိုင်ရှေ့နားလောက်ထိ တိုးလာကာ လမ်းကို ပိတ်၍ နေရာယူပြီးနောက် ပဒုမ္မာလမ်းထဲရှိ ဆန္ဒပြသူများကို အသံဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် စတင်ပစ်ခတ် ခဲ့သော်လည်း ရပ်တန့်သွားသည့်အချိန်တွင် လူထုကစုရုံးပြီး ဆက်လက်ဆန္ဒပြပြန်သည်။
ထို့နောက် နာရီဝက် တခါလောက် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို အသံဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် (နောက်ဆုံးအကြိမ်တွင် ရော်ဘာကျည်သေနတ်ပါ ပါဝင်ပြီး ကျည်ဆံအစစ်ဖြင့်လည်း ၄ ချက်ဖောက်ခဲ့) ခြောက်လှန့်ပစ်ခတ်မှုကြောင့် လမ်းသွယ်များထဲ၊ ရပ်ကွက်နေအိမ်တချို့ထဲ ပြေးရှောင်ကြရသည်။
အခြေအနေ ငြိမ်သွားချိန်တွင် လူထုက ပြန်စုပြီး ရသမျှ ကြွေးကြော် ဆန္ဒပြလိုက် ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်ဖြင့် ၃ နာရီကျော်လောက်တွင်မှ လူစု ကွဲသွားခဲ့သည်။
ထိုသို့ လူစုကွဲသွားသော်လည်း ဗားကရာလမ်းမပေါ်တွင် စစ်ကောင်စီ၏ လုံခြုံရေး ရဲများသာမက စစ်သားများပါ နေရာယူထားခြင်း၊ လမ်းသွယ်များထဲထိ စောင့်ကြည့်မှုများ ရှိနေခြင်းတို့ကြောင့် မိမိနေထိုင်ရာအိမ်များသို့ ညနေ ၄ နာရီခွဲ အချိန်ထိ ပြန်နိုင်ခြင်း မရှိသေးဘဲ ရပ်ကွက်နေ ပြည်သူများက ခေါ်ယူပေးထားရသည်။
ညနေ ၅ နာရီခန့်တွင်တော့ ရပ်ကွက်နေ ပြည်သူများက ပိတ်မိနေသူများ ပြန်နိုင်ရေးအတွက် လမ်းကြောင်းများ မေးပေးခြင်း၊ အငှားယာဉ်များ ငှားပေးခြင်း၊ ကားများဖြင့် လိုက်လံပို့ဆောင်ပေးခြင်းဖြင့် ကူညီပေးခဲ့ကြသည်။
လှိုင်မြို့နယ် ဘာတာမှတ်တိုင်အနီး
လှည်းတန်းစုရပ်သို့ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာမှ စစ်အာဏာရှင်ဆန့်ကျင်သူများ မသွားရောက်နိုင်စေရန် အင်းစိန်လမ်းမကြီးကို ရဲတပ်ဖွဲ့နှင် စစ်တပ်က နံနက် ၉ နာရီခန့်ကတည်းက ပိတ်ဆို့တားဆီထားခဲ့သည်။
နံနက်ပိုင်းတွင် အဆိုပါ တားဆီးထားသည့် နေရာတလျောက် ဆန္ဒပြသူများ စုရုံးလာသဖြင့် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ် လူစုခွဲခဲ့သော်လည်း လူထုက နောက်မဆုတ်သွားဘဲ ပြန်လည်စုစည်းကာ အဆီးအတား၊ အကာအရံများ ချထားပြီး ဆက်လက်ဆန္ဒပြခဲ့သည်။
လူထုက အကာအရံများကို ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားတွင် မီးခိုးဗုံး လွတ်အောင်ချန်ထားပြီး နှစ်ဆင့်ပိတ်ကာပြီး လူထုအင်အား သောင်းချီကာ ထိုင်သပိတ်ဖြင့် မွန်းလွဲပိုင်းအထိ ဆန္ဒပြခဲ့ကြသည်။
ရဲတပ်ဖွဲ့နှင့် စစ်တပ်၏ နောက်ဖက်ခြမ်းတွင် ကမာရွတ်သံလမ်းမှ ပြည်သူလူထုကလည်း ယင်းသို့ ပိတ်ဆို့ ဆန္ဒပြလျက်ရှိသည်။
မွန်းလွဲပိုင်း ၃နာရီခွဲခန့်တွင် အုတ်ကျင်းဘူတာရုံလမ်းမှ စစ်တပ်နှင့် ရဲအများအပြား ပိတ်ဆို့ပြီး နှစ်ဖက်ညှပ်ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း စနစ်ကျသော ခံစစ်၊ အကာအရံများနှင့် လူနေရပ်ကွက်အတွင်း စနစ်တကျ ဆုတ်ခွာခဲ့သဖြင့် ထိခိုက်ကျဆုံးခြင်း၊ ဖမ်းဆီးခံရခြင်း မရှိခဲ့ပေ။
သို့သော် စစ်တပ်နှင့် ရဲတပ်ဖွဲ့က လူနေရပ်ကွက်အတွင်း အတင်းထိုးဖောက်ဝင်ရောက်ရန်အတွက် မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များ တောက်လျှောက် ပစ်ခတ်ခဲ့သည်။
သို့သော်လည်း ဆန္ဒပြလူထုနှင့် ရပ်ကွက်နေပြည်သူများက ပိတ်ဆို့ထားသဖြင့် ရပ်ကွက်အတွင်း ဝင်မရသဖြင့် လမ်းထိပ် အိမ်တအိမ်ဖြစ်သည့် ပန်းခြံကျောင်းလမ်းနှင့် အောင်မင်္ဂလာလမ်းထောင့်အိမ်တံခါးကို ဖျက်ဆီးဖွင့်လှစ်ကာ လူသုံးဦးနှင့် လမ်းထိပ်တွင် ဆိုင်ကယ်ကျန်ခဲ့သဖြင့် ပြန်ထွက်ယူသူ ၁ ဦး ပေါင်း လေးဦးကို ဖမ်းဆီးသွားခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင်အနီး
ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီး သပိတ်စစ်ကြောင်း တခုအား ဖြိုခွင်းရာမှ လူသေဆုံးမှုအထိ ဖြစ်ခဲ့ရသည့် ဖြစ်စဉ်အပြီး သင်္ဃန်းကျွန်း လေးထောင့်ကန် လမ်းမကြီးကို ဒေသခံလူထုက ပိတ်ဆို့ထားလိုက်သည်။
ရပ်ကွက်နေပြည်သူများက လုံခြုံရေးတပ်ဖွဲ့များ အလွယ်တကူ ဝင်ရောက်လာနိုင်ခြင်း မရှိစေရန် လေးထောင့်ကန်လမ်းမကြီး တလျှောက်နှင့် လမ်းသွယ်တိုင်းကို အမှိုက်ပုံး၊ သစ်သားပိုင်း၊ ဝါးလုံး စသည်တို့ဖြင့် ပိတ်ဆို့ကာဆီးထားပြီး ယနေ့ ညနေပိုင်းထိ ဆန္ဒပြကြသည်။
ထို့ပြင် နံနက်ပိုင်းက ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့သူ အပါအဝင် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားသူများအတွက် သွေးသစ္စာသီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသလို ဆီမီးခွက်များ ထွန်းညှိပြီး ဆုတောင်းခဲ့ကြသည်။
ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းတွင် သေဆုံးသွားသူသည် အသက် ၂၃ နှစ်အရွယ် ကိုဟိန်းထွဋ်အောင် ဖစ်ပြီး တောင်ဒဂုံမှ အလုပ်သမားစစ်ကြောင်းဖြင့် ပါလာသူဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က ဖြိုခွင်းရာတွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လည်ပင်းကို ထိမှန်ခဲ့ကြောင်း၊ လေးထောင့်ကန်လမ်းမပေါ်ရှိ နဒီဧရာအထူးကု ဆေးခန်းတွင် ကြိုးစားပြီး ကုသပေးသော်လည်း ပြင်းထန်သည့် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။
တာမွေမြို့နယ် ယုဇန ပလာဇာ
ရန်ကုန်မြို့ ကျောင်းပေါင်းစုံသမဂ္ဂများ ဦးဆောင်သော ကျောင်းသားပေါင်းစုံ သပိတ်စစ်ကြောင်းက တာမွေမြို့နယ် ယုဇန ပလာဇာ ရှေ့၌ မနက်က ၈ နာရီခန့်မှ စတင်ကာ လူစုခဲ့ပြီး ရာနှင့်ချီသည့် ကျောင်းသားသပိတ်စစ်ကြောင်းကို ဖွဲ့စည်း လိုက်သည်။
ထိုကျောင်းသားပေါင်းစုံ သပိတ်စစ်ကြောင်းမှာ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ ရေကြောင်း တက္ကသိုလ် အပါအဝင် ရန်ကုန်အခြေပြုတက္ကသိုလ်အများစုက ကျောင်းသားကျောင်းသူပေါင်း ရာနှင့်ချီ ပါဝင်သည်။
ကျောင်းသားပေါင်းစုံ သပိတ်စစ်ကြောင်း စုဖွဲ့မှု ပြုလုပ်ပြီး နာရီဝက်ခန့်အကြာ၌ ရဲတပ်ဖွဲ့ နှင့် စစ်သားမော်တော်ယာဉ်တန်း များက မင်္ဂလာ ဈေးလမ်းဆုံကနေ ပိတ်ဆို့လိုက်သည်။
ရဲတပ်ဖွဲ့ နှင့် စစ်သားများ အသင့်အနေအထား နေယူပြီး ယုဇနပလာဇာရှေ့မှာ ရပ်တန့်ဆန္ဒပြနေသည့် ကျောင်းသားသပိတ် စစ်ကြောင်း ပြင်ဆင်ချိန်၌ ကျောင်းသားလူငယ်များက ပိုပြီး စိတ်ဓာတ်ကြွပြီး “ ဖိရင်ကြွမယ်၊ ထိရင် ချမယ်” ဆိုသည့် ကြွေးကြော်သံတွေကိုသာ အဆက်အပြတ် အော်ဟစ်နေခဲ့ကြသည်။
သိပ်မကြာခင်မှာပဲ လူ ၁၅ ဦးခန့် ပါဝင်သည် ရဲတပ်ဖွဲ့ တပ်စုက ကျောင်းသားလူငယ်တွေရဲ့ သပိတ်စစ်ကြောင်းထဲကို အသံဗုံး ၁၀ လုံးခန့် နှင့် မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ပြီး စတင်လူစုခွဲခဲ့သည်။
ဖရိုဖရဲဖြစ်သွားသည့် ကျောင်းသားလူငယ်သပိတ်စစ်ကြောင်းကို ညာသံပေးပြီး ရဲတပ်ဖွဲ့ဝင်တချို့က ပြေးတက်သွားခဲ့ပေမဲ့ ကျောင်းသားလူငယ်တချို့က အရာဝတ္ထုများဖြစ် ပြန်လည် ပစ်ပေါက်ပြီး ဟန့်တားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ဆက်မလိုက်နိုင်ဘဲ ၎င်းတို့ တပ်စုဆီသို့ ပြန်ဆုတ်ကာ အသင့်အနေအထားပြန်ယူခဲ့ရသည်။
ယင်းနောက် ရဲက အကြမ်းဖက်လူစုခွဲလာခဲ့သည့်အတွက် ကျောင်းသားလူငယ်အများစုက ယုဇနပလာဇာ ရှေ့မှ သီတာမှတ်တိုင်အနီးထိသို့ ဆုတ်ခွာပြေးခဲ့ကြပြီး တချို့ကျောင်းသားများက ယုဇနပလာဇရှေ့ ရှိ ၁၃၇ လမ်း ရှိ လူနေရပ်ကွက်နှင့် အိမ်ခန်းများဆီသို့ ထွက်ပြေးခဲ့ကြသလို ယုဇနပလာဇာ အနောက်ဖက်ခြမ်းကိုလည်းထွက်ပြေးခဲ့သည်။
ရဲတပ်ဖွဲ့ နှင့် စစ်သား ၇၀ ခန့် နှင့် ၎င်းတို့၏ မော်တော်ယာဉ်တန်းက ယုဇနပလာဇ နှင့် အောင်မင်္ဂလာ မှတ်တိုင်အထိ အသင့်အနေအထား ရယူခဲ့သည်။
ယင်းနောက် မင်္ဂလာဈေးအနီး ရှိနေသည့် ကျောင်းသားလူငယ်များ နှင့် ရပ်ကွက်နေပြည်သူများက ရဲတပ်ဖွဲ့ နှင့် စစ်သားများ အနောက်ကို လူစုလူဝေးဖြင့် ပြန်လည်လိုက်လာခဲ့ပြီး ရဲတပ်ဖွဲ့ နှင့် စစ်သားများက ယုဇနပလာဇာရှေ့ အနီးပတ်ဝန်းကျင်တွင် ပင်မကျောင်းသားသပိတ်စစ်ကြောင်း နှင့် အနောက်က လိုက်လာသည့် လူစုလူဝေးကြား ပိတ်မိနေသလိုဖြစ်ခဲ့သည်။
အချိန် နာရီဝက်ခန့် အကြာမှာတော့ ရဲတပ်ဖွဲ့ နှင့် စစ်သားများက မင်္ဂလာဈေးမီးပွိုင့်လမ်းဆုံသို့ ပြန်လည်ဆုတ်ခွာခဲ့သည်။
၎င်းတို့ဆုတ်ခွာချိန်မှာပဲ ကျောင်းသားလူငယ်များက ပြန်လည်ချီတက်လာခဲ့ပြီး ယုဇနပလာဇာရှေ့ရောက်ချိန်တွင် လူစုလူဝေးဖြင့် အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်သည့် ကြွေးကြော်သံများ အော်ဟစ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရန်ကုန်မြို့၏ မြို့နယ်တချို့တွင် အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် လူသေဆုံးခြင်း နှင့် ဖမ်းဆီးခံရခြင်များရှိသော်လည်း ယုဇနပလာဇာရှေ့ ကျောင်းသားသပိတ်စစ်ကြောင်းတွင်မူ ဖမ်းဆီးခံရသည့် လူမရှိဘဲ ပြန်လည်ဆုတ်ခွာချိန်၌ မတော်တဆဖြစ်မှုကြောင့် ကျောင်းသူတချို့သာ ထိခိုက်ဒဏ်ရာ အနည်းရရှိခဲ့သည်။
ပဲခူးအခြေအနေ
စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းသည် သနပ်ပင်လမ်းမအတိုင်း ပဲခူးတံတားကို ကျော်လာခဲ့ပြီး နံနက် ၉ နာရီ ခွဲတွင် ပဲခူးဘူတာကုန်းအကျော်ရှိ မဇင်းအရပ်သို့ ရောက်ရှိသည်။
ထိုနေရာတွင် အခြေခံပညာ ဆရာ၊ ဆရာမများ ၊ ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ထမ်းများ ၊ ပဲခူးတက္ကသိုလ်ကျောင်းသူ ၊ ကျောင်းသားများ ၊ မီးရထားဝန်ထမ်းများ နှင့် အရပ်သားထောင်ချီခန့်သည် စစ်အာဏာသိမ်းမှု ကျဆုံးရေး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားသူများ လွှတ်ပေးရေး ၊ ဒီမိုကရေစီရရှိရေး ကြွေးကြော်ကာထိုင်သပိတ်ဆင်နွှဲနေကြသည်။
နံနက် ၁၀ နာရီဝန်းကျင်တွင် ပင်မသပိတ်စစ်ကြောင်းဦးဆောင်သူများက ရဲနှင့် စစ်သားများပါဝင်သော ပူးပေါင်းအဖွဲ့များသည် ပဲခူးတံတားဘက်မှ ရန်ကုန်- မန္တလေးလမ်းမအတိုင်း ပင်မသပိတ်စစ်ကြောင်းရှိရာသို့ ချီတက်လာနေကြောင်း ဆန္ဒပြနေသူများထံ အသိပေးသည်။
ဆန္ဒပြသူများအနေနှင့် မဇင်းအရပ်ရှိ လူနေရပ်ကွက်များထဲသို့ဝင်ရောက်ကာ ခေတ္တလူစုခွဲကြရန် ပြောလာသဖြင့် ဆန္ဒပြသူများသည် ရပ်ကွက်များထဲရှိ အိမ်အသီးသီးတွင် ဝင်ရောက်ခုံလှုံလူစုခွဲလိုက်ကြသည်။ သို့သော်လည်း ပင်စည်အရပ်မှ သပိတ်စစ်ကြောင်းတကြောင်း လူစုမခွဲဘဲ ပဲခူးတံတားဘက်သို့ ဆက်လက်ချီတက်လာကြသည်။
နံနက် ၁၁ နာရီဝန်းကျင်၌ ပဲခူး အ.ထ.က (၃) အရှေ့ တွင်နေရာယူထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး ၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပဲခူးတံတားထိပ်တွင် ဆန္ဒပြနေသည့် အဖွဲ့ထဲမှ အမျိုးသား ၂ ဦးသေနတ်ကျည် ထိမှန်သေဆုံးသွားသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွှေမောဓောဘုရားလမ်းဘက် ပြန်လည်ဆုတ်ခွာသွားပြီး နေ့လည် ၁ နာရီကျော်လောက်တွင် လူတစုက ပဲခူးတံတားထိပ်ရှိ အမျိုးသား ၂ ဦးသေနတ်ကျည်ထိမှန်ခဲ့သည့်နေရာ၌ နှင်းဆီပန်းများချပြီး အလေးပြုအခမ်းအနားလုပ်ကြသည်။
၂ နာရီဝန်းကျင်တွင် ထိုလူစုက သေနတ်ကျည်ထိမှန်သေဆုံးသွားသူ ၂ ဦးကို ပဲခူးတံတားထိပ်ရှိ အထပ် ၅ ထပ်ရှိသော စိန်ဟင်းအိမ်သုံးပစ္စည်းအရောင်းဆိုင်အပေါ်ထပ်မှ သေနတ်ဖြင့်ပစ်သည်ဟု ဆိုကာ အဆိုပါဆိုင်ကို ရိုက်ဖွင့်ဝင်ရောက်ပြီး ဆိုင်ထဲရှိပစ္စည်းများကို လမ်းမပေါ်ရွှေ့ထုတ် ရိုက်ချိုးကာ မီးရှို့ဖျက်ဆီးလိုက်သည်။
ထိုသို့ဖျက်ဆီးနေစဉ်မှာပင် မဇင်းအရပ်တွင် လူစုခွဲထားသော ပင်မ သပိတ်စစ်ကြောင်း သည် ပြန်လည်စုစည်းကာ ရွှေမောဓောဘုရားလမ်းဘက်သို့ ချီတက်လာသည်။ စိန်ဟင်းဆိုင်မှ ပစ္စည်းများကို ဖျက်ဆီးနေသော လူများအား အကြမ်းမဖက်ကြရန် ပင်မသပိတ်စစ်ကြောင်းက တိုက်တွန်းသော်လည်း ထိုလူစုက လက်မခံဘဲ ဆက်လက်ဖျက်ဆီးမှုများ ဆောင်ရွက်သည်။
၎င်းတို့ကို ဓာတ်ပုံရိုက်သူများအားလည်း တုတ်၊ ဒါး လက်နက်များဖြင့် ဓာတ်ပုံ ၊ ဗွီဒီယို ရိုက်ခြင်းများ မလုပ်ရန် ခြိမ်းခြောက်သည်။ ညနေ ၃ နာရီ ခွဲတွင် ရဲတပ်ဖွဲ့ဝင်များက အင်အားဖြည့်တင်းပြီး ပဲခူးတံတားထိပ်၌ မီးရှို့ဖျက်ဆီးမှုများလုပ်နေသည့် လူများကို မျက်ရည်ယိုဗုံးများ ၊ သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါလူစုလည်း လူစုခွဲသွားကြသည်။
မန္တလေး
မန္တလေးတွင် စစ်တပ်နှင့် ရဲများက ကျည်အစစ်ဖြင့် ပစ်ခတ်၍ ပြည်သူ ၂ ဦး သေဆုံးခဲ့သည်။ တဦးမှာ ဆိုင်ကယ်စီးလာရင်း ၃၅ လမ်းနှင့် ၇၆ လမ်းကြား ခေါင်းထိမှန်ကာ သေဆုံးပြီး နောက်တဦးမှာ ၆၄ လမ်းနှင့် ၄၁/၄၁ လမ်းကြားတွင် လမ်းဘေးရပ်နေရင်း ကျည်ထိသေဆုံးကြသည်။ သေဆုံးသူများမှာ ဆန္ဒပြနေကြသူများ မဟုတ်ကြပါ။
ဆန္ဒပြသူများကိုလည်း ရဲများက မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်နှိမ်နင်းသောကြောင့် ဒဏ်ရာရသူများ ရှိသည်။ ဆန္ဒပြသူများအား နှိမ်နင်းရန် လာသော ရဲကားများကို မြို့ခံလူထုက လမ်းများပိတ်ဆို့တားဆီးပြီး ဆန္ဒပြသူများက မနော်ဟရီနှင့် ၆၂ လမ်းကြားတွင် လူစုခွဲခဲ့သည်။
ဟော်တယ်နှင့် တိုက်မြင့်များပေါ်မှ sniper လက်ဖြောင့်တပ်သားများက ပစ်ခတ်နေသည်ဟု မြို့ခံလူထုက ယုံကြည်နေသည်။
You may also like these stories:
ထားဝယ်သပိတ်စစ်ကြောင်း ရဲက ပစ်ခတ် ၄ ဦး သေ
မြစ်ကြီးနားတွင် ပစ်ခတ် ၂ဦးဒဏ်ရာရ၊ သတင်းထောက် ၁ ဦး ဖမ်းခံရ
တောင်ကုတ် ALD ထိပ်ပိုင်းခေါင်းဆောင် ၁ ဦးနှင့် မြို့ခံ ၁ ဦး ဖမ်းဆီးခံရ
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က စစ်အာဏာသိမ်းမှု ကျဆုံးရမည်ဟု ပြော