အာဏာသိမ်း စစ်ကောင်စီက နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို နိုင်ငံတော် သစ္စာဖောက်ဟု စွပ်စွဲကာ ရာထူးက ထုတ်ပစ်လိုက်သော်လည်း ကုလသမဂ္ဂအဖွဲ့ကမူ ၎င်းကိုသာ မြန်မာအစိုးရ သံတမန် အဖြစ် ဆက်လက် အသိအမှတ် ပြုထားကြောင်း ရိုက်တာသတင်းဌာန၏ ရေးသားချက်အရ သိရသည်။
စစ်ကောင်စီက ဦးကျော်မိုးထွန်းသည် ပေးအပ်သည့် အမိန့်နှင့် ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း အပါအဝင် အစိုးရအား ကိုယ်စားပြုခြင်း မရှိသည့် တရားမဝင် အဖွဲ့အစည်းအား သစ္စာခံ ကူညီကိုယ် စားပြုခြင်း၊ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်တို့ကို အလွဲသုံးစား ပြုခြင်းတို့ကြောင့် ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်တွင် MRTV မှတဆင့် ထုတ်ပြန် ကြေညာခဲ့သည်။
အမည်မဖော်လိုသည့် ကုလသမဂ္ဂအရာရှိတဦးကမူ ကုလသမဂ္ဂသည် အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထား သော စစ်ကောင်စီကို အစိုးရအဖြစ် တရားဝင် အသိအမှတ် ပြုထားခြင်း မရှိသည့်အပြင် မြန်မာအစိုးရသစ်ထံမှ ပေးပို့ လာသော မြန်မာသံအမတ်ကြီးရာထူး ပြောင်းလဲခန့်အပ်လွှာကိုလည်း မရရှိထားကြောင်း ရိုက်တာသတင်းဌာနသို့ ပြောဆို သည်။
ထို့ကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် မြန်မာအစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆက်ရှိနေ မည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်သာ မြန်မာအစိုးရ၏ ကုလ သမဂ္ဂဆိုင်ရာ တရားဝင် သံအမတ်ကြီး ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂသည် သမ္မတဦးဝင်းမြင့် ဦးဆောင်သည့် အစိုးရကိုသာ မြန်မာနိုင်ငံ အစိုးရအဖြစ် အသိအမှတ် ပြုထားပြီး အာ ဏာသိမ်း စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြု ထားကြောင်း၊ စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ တရားဝင်မှုကို မည်သို့မျှ ထိခိုက်စေမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးတွင် ဦးကျော်မိုး ထွန်းသည် အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားမပြုဘဲ သမ္မတဦးဝင်းမြင့် အစိုးရနှင့် လွှတ်တော်ကိုယ်စားပြု ကော်မတီ ကိုယ်စားပြုကာ မြန်မာနိုင်ငံသူ/သားများ၏ ဆန္ဒကို တင်ပြခဲ့သောကြောင့် ဖေဖော်ဝါရီ ၂၇ ရက်၌ ရာထူးမှ ထုတ်ပစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီက ဦးကျော်မိုးထွန်းကို တာဝန်မှ ထုတ်ပယ်
ဦးကျော်မိုးထွန်း မိန့်ခွန်းက ဘယ်လောက် သက်ရောက်မှု ဖြစ်စေသလဲ