အများပြည်သူနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများအနေဖြင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှ ထုတ်ယူမည့် ငွေကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားလိုက်သည်။
ATM စက်များမှ တရက်လျှင် ကျပ် ၅ သိန်း၊ လူပုဂ္ဂိုလ် နာမည်ဖြင့် တဦးချင်း သို့မဟုတ် နှစ်ယောက် စပ်တူ ဖွင့်ထားသည့် ဘဏ်အကောင့်များသည် ဘဏ်၌ တပတ်လျှင် သိန်း၂၀ နှင့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအမည်ဖြင့် ဖွင့်သော အကောင့်များအနေဖြင့် ဘဏ်တွင် တပတ်လျှင် သိန်း၂၀၀ အထိသာ ထုတ်ခွင့်ပေးရန်လည်း ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် အချိန်ကာလအလိုက် အပ်ငွေ (Time Deposit) များအနေဖြင့် အပ်နှံသည့်ကာလ ပြည့်ပါက ထပ်မံ အပ်နှံနိုင်ပြီး သို့မဟုတ် အခြားသော စာရင်းရှင် အပ်ငွေ၊ စုဆောင်း အပ်နှံငွေ စာရင်းများသို့ ပြောင်းလဲလိုက ပြောင်းလဲနိုင်သော် လည်း ပြန်လည်ထုတ်ယူမှု ပြုလုပ်ရာ၌မူ ငွေပမာဏ အကန့်အသတ် အတိုင်းသာ ထုတ်ပေးရမည် ဖြစ်ကြောင်း ဗဟို ဘဏ်၏ ညွှန်ကြားစာအရ သိရသည်။
အစိုးရ ဌာနများနှင့် စီးပွားရေး လုပ်ငန်းကြီးများ၏ လုပ်ခ၊ လစာ ပေးချေရမည့် လကုန်ရက်များတွင်မူ ဘဏ်များက မိမိတို့ ငွေကြေး လက်ကျန် အခြေအနေကိုကြည့်ကာ စိစစ်ထုတ်ပေးရန်နှင့် လိုအပ်ပါက ဗဟိုဘဏ်သို့ တင်ပြနိုင်ကြောင်း ထိုညွှန် ကြားစာ၌ ဖော်ပြထားသည်။
ယခုလို ငွေပမာဏ အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးရန် ညွှန်ကြားခြင်းသည် အစိုးရ အဖွဲ့အစည်းများနှင့် အများပြည်သူ တို့မှ ငွေသားအသုံးပြု ငွေပေးချေမှု နည်းလမ်းများကို လျှော့ချပြီး အစိုးရ၊ စီးပွားရေး လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်တို့ကြား ငွေ ပေးချေမှုပြုလုပ်ရာတွင် ဒစ်ဂျစ်တယ် စနစ်ကို တိုးမြှင့်လုပ်ဆောင်သွားရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဗဟိုဘဏ် က ဆိုသော်လည်း ငွေများ ထုတ်ယူမှုများပြားလာမည်ကို ကာကွယ်ရန် ဖြစ်ကြောင်း သုံးသပ်ကြသည်။
ဗဟိုဘဏ်က ထိုသို့ ဒစ်ဂျစ်တယ် ငွေပေးချေမှုကို တိုးမြှင့် ဟုဆိုသော်လည်း လက်ရှိအချိန် အင်တာနက်လိုင်းများသည် မတည်ငြိမ်သည့် အနေအထားဖြစ်ခြင်းကြောင့် ထိုရည်ရွယ်ချက်ဆိုသည်ထက် လတ်တလော နိုင်ငံရေး အခြေအနေများ ကြောင့် ဘဏ်များမှ ငွေအမြောက်အများ ပြန်လည် ထုတ်ယူခံမှုကို စိုးရိမ်ခြင်းကြောင့်ဟု ယူဆရကြောင်း ဘဏ်လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူတဦးက ဆိုသည်။
၎င်းက ဆက်လက်၍ “ပြီးခဲ့တဲ့ အပတ်မှာ မြဝတီဘဏ်ကိစ္စကို တော်တော်သိသာတယ်။ ငွေက တောက်လျှောက်ပဲ ပြန် ထုတ်ပေးနေရတာ သူတို့ဘဏ်တွေကို ငွေပြန်ဖြည့်ဖို့က လုံခြုံရေးအခြေအနေက အခက်အခဲ ရှိနေတယ်။ ပုဂ္ဂလိက CDM လှုပ်ရှားမှုကြောင့်လည်း ငွေသားစီးဆင်းတဲ့ အခြေအနေက အတော်အသင့် ရပ်သွားတဲ့ သဘော ရှိတယ်လေ” ဟု ပြော သည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ် အများစုသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသည့် လှုပ်ရှားမှု CDM ကို လုပ်ဆောင် လျက် ရှိခြင်းကြောင့် ယနေ့အချိန်ထိလည်း ဘဏ်များ ဆက်လက် ပိတ်ထားနေဆဲ ဖြစ်သည်။
You may also like these stories:
စစ်အာဏာသိမ်းမှုက တိုင်းပြည်စီးပွားရေး အကျပ်အတည်းဆီသို့ ဦးတည်နေ
စစ်တပ်ပိုင် မြဝတီဘဏ် ငွေလက်ကျန်နည်းလာ၍ ထုတ်ပေးရန် အခက်အခဲဖြစ်လာ
မြန်မာပြည်မှ “ကြီးမားသော ရန်ပုံငွေများ” မရှိဟု စင်ကာပူ ပြော
ကမ္ဘာ့ဘဏ်က မြန်မာကို ပေးရန်ရှိသည်များ ဆိုင်းငံ့ထား